Healthy Life Ad
Health Tips

၀က်ခြံနဲ့ ပတ်သက်တဲ့ ကောလာဟလက မှန်ရဲ့လား . . .

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အရွယ်ရောက်ချိန်မှာ ပေါက်တဲ့ဝက်ခြံက တော်တော်နဲ့မပျောက်ဘူးဆိုတာမျိုး သင်ကြားဖူးမှာပါ။ ဝက်ခြံနဲ့ပတ်သက်တဲ့ ဒီလိုအယူအဆတွေက အမှန်လား၊ ကောလာဟလ သက်သက်ပဲလားဆိုတာ သိစေဖို့ အရေပြားအထူးကု ဆရာဝန်တွေရဲ့ အကြံပြုပြောဆိုချက်တွေကို ရေးသားလိုက်ရပါတယ်။

အယူအဆ (၁) အရွယ်ရောက်ချိန် ပေါက်တဲ့ဝက်ခြံက ဆယ်ကျော်သက်ဝက်ခြံနဲ့ ကုသနည်း အတူတူပဲ။

အမှန်

သင့်အသက်က ၁၆ နှစ်ပဲ ဖြစ်ဖြစ်၊ ၆၁ နှစ်ပဲ ဖြစ်ဖြစ် ဝက်ခြံအားလုံးက ဟော်မုန်းတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဆယ်ကျော်သက်တွေ ဝက်ခြံပေါက်တဲ့အခါ သူတို့အသားအရေက ကြမ်းတမ်းတဲ့ ဝက်ခြံကုထုံးတွေကို ခံနိုင်ရည်မရှိတတ်ပါဘူး။ အရွယ်ရောက်ချိန် ပေါက်တဲ့ဝက်ခြံကို ကုသရာမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေက ဆယ်ကျော်သက်ဝက်ခြံကို ကုသရာမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အတူတူပါပဲ။ ဒါပေမဲ့ နည်းဗျူဟာကတော့ မတူပါဘူး။ အရွယ်ရောက်ချိန်မှာ အရေပြားက ပိုမိုပါးလျပြီး ထိခိုက်လွယ်တာကြောင့် အစိုဓာတ်ထိန်းတဲ့ အာနိသင် ပိုလိုအပ်နေပါတယ်။

အယူအဆ (၂) ချောကလက်က ဝက်ခြံအဖုအပိမ့်တွေ ဖြစ်စေနိုင်တယ်။

အမှန်

ဘယ်အစာကြောင့်မှ ဝက်ခြံမဖြစ်စေနိုင်ပါဘူး။ အများအားဖြင့် ဝက်ခြံက မျိုးဗီဇနဲ့ ဟော်မုန်းတွေကြောင့် ဖြစ်ရတာပါ။ သကြား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေက အင်ဆူလင်အဆင့်မြင့်တက်စေပြီး သွေးတွင်းစနစ်ထဲမှာ ကျားဟော်မုန်း အန်ဒရိုဂျင်အဆင့်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ကြီးမားပြီး နာကျင်တဲ့အဖုတွေ ဖြစ်ပေါ်ရတာပါ။ “ဒါပေမဲ့ ဝက်ခြံပေါက်သူတွေကို သကြားများများပါတဲ့ အစာတွေရှောင်ခိုင်းပြီး သြဂဲနစ်အစာတွေကို စားစေပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားတာက ရောင်ရမ်းမှုကြောင့် သက်ရောက်မှုကို တွန်းလှန်ပေးပါတယ်” လို့ အရေပြားအထူးကု ဆရာဝန်ရိုဒန်က ဆိုပါတယ်။

ချောကလက်က ဝက်ခြံနဲ့ဆက်စပ်မှုမရှိပေမယ့် သကြား၊ နို့နဲ့ နို့ထွက်ပစ္စည်း ပါဝင်မှုနည်းတဲ့ အညိုရောင်ချောကလက်ကို ရွေးချယ်သင့်ပါတယ်။

အယူအဆ (၃) နေကာခရင်မ်လိမ်းတာက ချွေးပေါက်ပိတ်စေနိုင်တယ်။

အမှန်

နေကာခရင်မ်တိုင်း ဝက်ခြံကို ပိုမဆိုးစေပါဘူး။ ဒါပေမဲ့ တချို့ပြင်းထန်တဲ့ နေကာခရင်မ်တွေက ချွေးပေါက်ပိတ်စေနိုင်ပါတယ်။ ဝက်ခြံပေါက်တတ်တဲ့သူတွေအတွက် အဆီမပါတဲ့ နေကာခရင်မ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အရည်ပါတဲ့ နေကာခရင်မ်က မျက်နှာအသားအရေကို မစေးကပ်စေပေမယ့် မြန်မြန်ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ လိမ်းပေးဖို့လိုပါတယ်။

အယူအဆ (၄) အသားအရေညစ်ပတ်လို့ ဝက်ခြံပေါက်တာ။

အမှန်

ဝက်ခြံပေါက်တာက ဟော်မုန်း၊ မျိုးရိုးဗီဇတို့နဲ့ ဆက်စပ်နေပါတယ်။ အသားအရေညစ်ပတ်လို့ ဝက်ခြံပေါက်တယ်ထင်ပြီး ခပ်ကြမ်းကြမ်းပွတ်တိုက် သန့်စင်တဲ့အခါ ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ မျက်နှာအရေပြားကို အပျော့စားသန့်စင်ဆေးနဲ့ ညင်ညင်သာသာ သန့်စင်ဆေးကြောပေးပါ။ ဒါဆိုရင် အရေပြားမှာရှိတဲ့ သဘာဝအဆီဓာတ်တွေကို မခမ်းခြောက်စေနိုင်ပါဘူး။

အယူအဆ (၅) ဝက်ခြံရှိရင် အဆီလုံးဝမလိမ်းသင့်ဘူး။

အမှန်

အဆီတချို့က ချွေးပေါက်တွေကို ပိတ်စေနိုင်ပေမယ့် တချို့အဆီတွေပါတဲ့ လိုးရှင်းနဲ့ မိတ်ကပ်တွေကတော့ အန္တရာယ်ကင်းပါတယ်။ အဆီမပါတဲ့ Non-comedogenic စာတမ်းပါ အလှကုန်ကို ရွေးချယ်သုံးပါ။ အစားအသောက်ကရတဲ့ အဆီတချို့ ဥပမာ အိုမီဂါ ၃ ဖက်တီးအက်စစ်ဆိုရင် ချွေးပေါက်တွေမှာ အဆီမပိတ်အောင် ကာကွယ်နိုင်တဲ့အတွက် အကျိုးရှိပါတယ်။ ဆယ်လ်မွန်ငါးလို အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါတဲ့ အစာစားရင် ရောင်ရမ်းမှုကျစေပြီး ဝက်ခြံတွေကို အနာကျက်စေပါတယ်။

အယူအဆ (၆) လေ့ကျင့်ခန်းလုပ်တာနဲ့ ချွေးထွက်တာကြောင့် ဝက်ခြံတွေ ပိုဖြစ်စေနိုင်တယ်။

အမှန်

လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှု ကောင်းစေရုံသာမက အထွေထွေကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ချွေးထွက်တာကတော့ ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ မျက်နှာပေါ်က ချွေးတွေကို သုတ်ပေးဖို့လိုအပ်တာပါ။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးတိတ်ချိန်မှာ ရေချိုးပေးရပါမယ်။

Ref;yahoo

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top