Q. ကျွန်တော်မှာ စီပိုးစစ်ပြီး တွေ့ရှိထားပါတယ်ဗျ။ ကုသရင် ဘယ်လောက်နှုန်းကုန်ကျနိုင်မလဲဗျ။ နယ်ကဆိုတော့ ဆေးဖိုးမတတ်နိုင်လို့ဗျ။ အသည်းဖောင်ဒေးရှင်းက အခမဲ့ကုသပေးသေးလားဗျ။
Xiao Ming (FB)
ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌ မှ ဖြေကြားပေးပါသည်။
A. အသည်းဖောင်ဒေးရှင်းက အခါအားလျော်စွာ အခမဲ့ကုပေးတဲ့ အစီအစဉ်တွေရှိပါတယ်။ အခုလာမယ့် ဒီဇင်ဘာလမှာ အသည်းရောင်အသားဝါစီပိုးကို အခမဲ့ကုပေးမယ့် အစီအစဉ်တွေထပ်ရှိပါတယ်။ ဒါကြောင့် ဆေးဖိုးမတတ်နိုင်ရင် သံစစ်ကုသိုလ်ဖြစ်ဆေးခန်း၊ အမှတ် ၃၃-၃၅၊ ပုသိမ်လမ်း၊ စမ်းချောင်း၊ ဖုန်း ဝ၉၃၁၄၈၂၈၂၀ကို ဆက်သွယ်ကုသနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ စီပိုးကုသဆေးတွေကလည်း ဆေးကုမ္ပဏီလိုက်ပြီး ဈေးသက်သာတာတွေ ရှိပါတယ်။ စီပိုး ၉၉ ရာခိုင်နှုန်း ပျောက်တဲ့ဆေးဆိုရင် ၃လစာ-၁၂သိန်းလောက်ကုန်ပေမယ့် စီပိုး ၉၀-၉၅ ရာခိုင်နှုန်းပျောက်တဲ့ဆေးဆိုရင် ၃ လစာကို ၈သိန်းဝန်းကျင်လောက်ပဲ ကုန်ပါတယ်။ သက်သာတဲ့ ဆေးတွေဆိုရင် သုံးလကို ၆ သိန်းခွဲနဲ့ ၈ သိန်းကြားပဲ ကုန်ပါတယ်။
Q. အသည်းရေအိတ်တည်ခြင်းအကြောင်း ရေးသားတင်ပြစေလိုပါသည်။
Zaw Moe Myint (FB)
A. အသည်းရေအိတ်တည်ခြင်း (Liver Cyst)ဖြစ်
“အသည်းဖောင်ဒေးရှင်းက အခါအားလျော်စွာ အခမဲ့ကုပေးတဲ့ အစီအစဉ်တွေရှိပါတယ်။ အခုလာမယ့် ဒီဇင်ဘာလမှာ အသည်းရောင်အသားဝါစီပိုးကို အခမဲ့ကုပေးမယ့် အစီအစဉ်တွေ ထပ်ရှိပါတယ်။ ဒါကြောင့် ဆေးဖိုးမတတ်နိုင်ရင် သံစစ်ကုသိုလ်ဖြစ်ဆေးခန်း၊ အမှတ် ၃၃-၃၅၊ ပုသိမ်လမ်း၊ စမ်းချောင်း၊ ဖုန်း ဝ၉၃၁၄၈၂၈၂၀ကို ဆက်သွယ်ကုသနိုင်ပါတယ်” . . .
တာကတော့ ရှိပါတယ်။ တချို့ရေအိတ်တွေကတော့ ပိုး (Parasite)တစ်မျိုးကြောင့် ဖြစ်ရတာပါ။ တချို့ရေအိတ်ကျတော့ ရိုးရိုးရေအိတ်ပဲ၊ အများကြီးရှိနေတယ်၊ ကြီးလည်းမလာဘူး၊ ဒါပေမဲ့ နောက်ဆက်တွဲစစ်ဆေးမှု (Follow-up Check up)တော့ လုပ်ရပါတယ်။ သွေးစစ်ရမယ်၊ အာထရာဆောင်းရိုက်ပြီး ရေအိတ်တွေက အရမ်းကြီးနေပြီလားလို့ ကြည့်ရမယ်၊ ရေအိတ်က တစ်ခုတည်းလား၊ ပိုးကြောင့်ဖြစ်တာလား စတာတွေကို သေချာစစ်ဆေးရပါမယ်။ တချို့ရေအိတ်တွေကတော့ ပိုးကြောင့်ဖြစ်ပြီး ပိုးကြောင့်ဆိုရင် ပဋိဇီဝပိုးသတ်ဆေး သောက်ဖို့လိုပါတယ်။ တချို့ရေအိတ်တွေကတော့ ဒုက္ခပေးနိုင်ပါတယ်။ သေချာစစ်ဆေးပြီးမှပဲ ကုသင့်သလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
Q. CT2 study အကြောင်းလေး ရှင်းပြပေးလို့ ရမလားရှင်။ C ပိုးက ဘယ်လိုနည်းနဲ့ ကူးစက်ဖြစ်လာတတ်သလဲရှင်။
Myint Myint(FB)
A. CT2 study ဆိုတာ ယူနီတိတ်က စပွန်ဆာပေးတာပါ။ ဂျီနီဗာမှာရှိတဲ့ Findအဖွဲ့အစည်းနဲ့ပေါင်းပြီး လူ ၄၅၀ ဦးကို အဖွဲ့သုံးခုခွဲကုမှာပါ။ ဘားနတ်ကနေ ဦးဆောင်ပြီး လူနာ ၁၅၀ ကို ကုပါမယ်။ သူတို့ကုမယ့် ၁၅၀ က မူးယစ်ဆေးအကြောဆေးသွင်းရာက စီပိုးဖြစ်သူတွေကို ကုမှာပါ။ နောက်တစ်ဖွဲ့က HIVနဲ့စီပိုးတွဲဖြစ်သူ ၁၅၀ ဦးကို ကုပါမယ်။ ဆရာမတို့က စီပိုးချည်းဖြစ်တဲ့သူ ၁၅၀ ဦးကို ကုပါမယ်။ CT2 Studyအရ သုံးဖွဲ့ခွဲကုပြီး ဘယ်သူ့ဆီမှာ ပျောက်နှုန်းဘယ်လောက်ရှိသလဲဆိုတာ ဆန်းစစ်မှာပါ။ ထူးခြားတာက အဖြေမြန်မြန်သိရအောင် ပိုးကောင်ရေကို လူနာလာတာနဲ့ စစ်ပေးမှာပါ။ Gene Expert စက်လေးတွေပေးပြီး သုံးနေရာစလုံးမှာ တစ်လုံးစီထားကုပါမယ်။ ဒီဆေးနဲ့ဆိုရင် Genotype ကလည်း စစ်ဖို့မလိုတဲ့အတွက် ဒါနဲ့စစ်ပြီး ကုလိုက်တဲ့အတွက် ကုသစရိတ် လျော့ကျသွားသလားဆိုတာ ဆန်းစစ်ပါမယ်။
ပြီးတော့ CT2 Studyမှာ ALTဆိုတဲ့ အသည်းအင်ဇိုင်းတစ်ခုကို POCTဆိုတဲ့နည်းနဲ့ အဲဒီနေရာမှာပဲ တစ်ခါတည်း စစ်ပေးပါဦးမယ်။ ဒါက ဆရာဝန်တွေအတွက်ကော၊ လူနာအတွက်ကော၊ ကုသမှုနည်းလမ်းကော လွယ်ကူတဲ့အတွက် တိုင်းပြည်အတွက် အသင့်တော်ဆုံးနည်းလမ်းရရှိအောင် ဝင်ကူပေးတာ ဖြစ်ပါတယ်။ အဲဒီမှာသုံးမယ့် စီပိုးဆေးတွေက ကမ္ဘာမှာလည်းသုံးနေပြီး မြန်မာနိုင်ငံ FDAမှာ မှတ်ပုံတင်ရရှိထားတဲ့ ဆေးတွေလည်း ဖြစ်ပါတယ်။ စီပိုးကူးစက်တာကတော့ စီပိုးရှိသူရဲ့ သွေး၊ ကိုယ်တွင်းအရည်ကနေ အဓိက ကူးစက်တတ်ပါတယ်။
Q. အသည်းရောင်အသားဝါ စီပိုးဆေးသောက်နေပါတယ်။ အသည်းလည်း နည်းနည်းခြောက်ချင်နေတယ် ပြောပါတယ်။ သိချင်တာက ဆေးသောက်ပြတ်ပြီးမှ အသည်းခြောက်တာကိုကုရမှာပါလား။ ဆေးရုံကတော့ ဘာမပြောလိုက်ပါ။ အသည်းအတွက် သီးသန့်ဆေးသောက်ထားချင်လို့ပါ။ အသည်းနေရာကလည်း အောင့်နာပါတယ်။
နေသန် (FB)
A. အသည်းနည်းနည်းခြောက်ချင်နေတယ်ဆိုရင် စီပိုးဆေး မြန်မြန်သောက်တာ ကောင်းပါတယ်။ အသည်းက အခုမှ နည်းနည်းခြောက်ချင်နေတယ်ဆိုရင်တော့ စီပိုးဆေးသောက်ရင်း ပြန်ကောင်းသွားတာ များပါတယ်။ အသည်းခြောက်တာ လွန်နေရင်တော့ စီပိုးသေဆေးသောက်ပြီး စီပိုးပျောက်ပေမယ့် အသည်းခြောက်တာ ပျောက်ချင်မှ ပျောက်မှာပါ။ စီပိုးဆေးက အသည်းကင်ဆာဖြစ်နေသူမှာတောင် သောက်လို့ရပါတယ်၊ ကင်ဆာဖြစ်ပွားနှုန်းကို နှေးစေပါတယ်။ ဒီတော့ စီပိုးဆေးကို ဆက်သောက်ပါ။ အသည်းအတွက် သီးသန့်အားဆေးကတော့ အခုပြနေတဲ့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)