Healthy Life Ad
International

‘ဆေးလိပ်နဲ့အရက်ဖြတ်ပြီး ကျွန်တော့်ဘဝ သိသိသာသာ ပြောင်းလဲသွားပါတယ်’

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကျွန်တော့်နာမည်က အရီနာပါ။ အသက် ၃၇ နှစ်ရှိပြီပေါ့။ ဆေးလိပ်သောက်တဲ့ သက်တမ်းက နှစ် ၂၀ရှိပြီဗျ . . ကျွန်တော့်အဆုတ်တွေက သိပ်မကောင်းတော့ဘူး၊ ကျွန်တော့်အသားအရေက ဖျော့တော့လို့။ တခြားကျန်းမာရေး ပြဿနာလေးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၆ လတုန်းက ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အရက်ကိုပါ တစ်ပါတည်း ဖြတ်ပစ်ခဲ့ပါတယ်။

ဘာကြောင့် ဆေးလိပ်သောက်တာကိုဖြတ်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာလဲ

ကျွန်တော် အသက် ၁၇ နှစ်ကတည်းက ဆေးလိပ်သောက်ခဲ့တာ။ ဒီနေ့ဆိုရင် ဆေးလိပ်သောက်တဲ့သက်တမ်း နှစ် ၂၀ ရှိခဲ့ပြီ။ ဒီအတောအတွင်း စီးကရက်တစ်လိပ်မပါဘဲ ဖြတ်သန်းတဲ့နေ့ဆိုတာ တစ်နေ့မှမရှိခဲ့ပါဘူး။ ဆေးလိပ်သောက်ရတာကို သိပ်သဘောကျခဲ့တာ။ အရင့်အရင်တုန်းက ဆေးလိပ်ဖြတ်ဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့ပါဘူး။ ဆေးလိပ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ အချိန်တစ်ချိန်ပဲရှိတယ် . . အဲဒါ ကတော့ အအေးမိဝေဒနာရတဲ့အချိန်ပဲ။ မကောင်းတဲ့အကျင့်ကို ဖြတ်ဖို့ဆုံးဖြတ်ပြီး တကယ်လည်း ဖြတ်နိုင်တဲ့သူတွေအကြောင်း ကျွန်တော်ကြားဖူးပါတယ်။ ဒီအကျင့်တွေက တကယ်စွဲမြဲပြီး ဖြတ်ရခက်ခဲတဲ့အတွက် ဒါတွေမှန်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။

ကျွန်တော်ကတော့ အရင်ဆုံး အားကစားခန်းမ (Gym)မှာ မန်ဘာဝင်ခဲ့တယ်၊ စစချင်း အားကစားလုပ်တော့ အသက်တောင် မရှူနိုင်ခဲ့ဘူး။ ပြေးစက်ပေါ် နှစ်မိနစ်လောက်ပြေးပြီးတိုင်း အသက်မရှူနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွအောင်နဲ့ လန်းဆန်းအောင် ကူညီပေးတဲ့ အားကစားနည်းပြရှိခဲ့တယ်။ ဒါကြောင်(Gym) က ပြန်လာတဲ့အခါမှာ အိတ်ကပ်ထဲက စီးကရက်ဘူးအသစ်ကိုယူပြီး အဝေးကို လွှင့်ပစ်လိုက်တော့တယ်။ ဒီလိုနည်းနဲ့ နီကိုတင်းမပါတဲ့ လမ်းကြောင်းကို စတင်လျှောက်လှမ်းဖြစ်ပါတော့တယ်။

ပထမဆုံးစိန်ခေါ်မှု

စီးကရက်မပါတဲ့ ပထမဆုံးညနေခင်းက တော်တော်လေးကို ခက်ခဲပါတယ်။ Gymကလည်း ကျွန်တော့်ကို ဆိုဖာပေါ်ပစ်လှဲချင်လောက်အောင် ရှိသမျှစွမ်းအင်တွေ စုပ်ယူသွားလို့ အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ အိပ်ပျော်သွားခဲ့တော့တယ်။ အဲဒီနေ့ကတော့ နှစ်၂၀အတွင်း နီကိုတင်းမပါတဲ့ ပထမဆုံး သောကြာနေ့ပေါ့။ တစ်နေ့တာအတွင်း အလုပ်တွေ အများကြီးလုပ်ခဲ့တယ်။ ဒါကြောင့် ဆေးလိပ်အကြောင်း မတွေးနိုင်ခဲ့ဘူး။အရင်က သောကြာညနေခင်းတွေမှာဆိုရင် တီဗီကြည့်ရင်း ဘီယာဘူးများစွာ သောက်လေ့ရှိခဲ့တယ်။ ဒါက နီကိုတင်းချဉ်ခြင်းတပ်တာကို ပိုပြင်းထန်စေခဲ့တဲ့အတွက် အရက်သောက်တာကိုပါ ဖြတ်ဖို့ဆုံးဖြတ်ခဲ့တော့တယ်။
ဘီယာအစား အချိုရည်တစ်ဘူးဝယ်ပြီး ကျွန်တော်အကြိုက်ဆုံး တီဗီဇာတ်လမ်းတွဲကို ကြည့်ခဲ့ပါတယ်။ အရင်က အပြင်ထွက်ပြီး ဆေးလိပ်သောက်ခဲ့ပေမယ့် အခုတော့ မီးဖိုချောင်ထဲသွားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တစ်

“လေးပတ်မြောက်က အားလပ်ရက်ရတဲ့ သီတင်းပတ်ဖြစ်လို့ အခက်ခဲဆုံးစိန်ခေါ်မှုကို ဖြတ်သန်းခဲ့ရတယ်။ အကောင်းဆုံး အရာတစ်ခုက မနက်မိုးတိုင်းတိုင်း ကျွန်တော်ဟာ ချောင်းမဆိုး၊ အရက်နာမကျဘဲ လန်းလန်းဆန်းဆန်း ဖြစ်နေတာကို ခံစားရတာပါပဲ” . . .

ခုခုစားဖို့ ကြိုးစားခဲ့ပါတယ်။ ဘယ်လိုအစားထိုးမှုမျိုးမှ အကူအညီမဖြစ်ဘဲ တစ်နာရီအကြာမှာ ဆေးလိပ်သောက်ချင်စိတ် ပြင်းပြင်းထန်ထန်ဖြစ်လာလို့ အိပ်ရာထဲဝင်အိပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ရောက်တော့ ကျွန်တော် ဆေးလိပ်မသောက်ချင်တော့ပါဘူး။ အအေးမိဝေဒနာခံစားရပြီး မနက်အိပ်ရာနိုးလာပါတယ်။ အစာလည်း စားချင်စိတ်မရှိခဲ့ပါဘူး။

နီကိုတင်းမရှိတဲ့ ပထမဆုံး ရက်သတ္တပတ်

တနင်္လာနေ့မှာ ကျွန်တော့်စိတ်ခံစားမှု ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ နီကိုတင်းစွဲလမ်းမှုကတော့ ကျန်နေတုန်းပါပဲ။ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲလာခဲ့တာကြောင့် အီးစီးကရက်တစ်လိပ်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်္ဂါနေ့ညပိုင်းမှာတော့ အီးစီးကရက်မရှိတော့တာနဲ့ ဆေးလိပ်သောက်ချင်နေတုန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားတက်လာအောင် ဆေးလိပ်ဖြတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို စာရင်းပြုစုခဲ့ပါတယ်။

မကြာခင်မှာ ကျွန်တော် ဘာကိုမှလုပ်ချင်စိတ် မရှိတော့ပါဘူး။ သူငယ်ချင်းနဲ့ ကြောင်လေးကို အော်ဟစ်ခဲ့ပြီးနောက်ပိုင်းမှာ သူတို့ကို ပြန်တောင်းပန်ခဲ့ပါတယ်။ ကြာသာပတေးနေ့ညနေမှာ သူငယ်ချင်းတွေရဲ့ မက်ဆေ့ချ်တွေကို လျစ်လျူရှုခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ညစာချက်နေရင်တောင်မှ ညဘက်မှာ ၁၀ နာရီဆို အိပ်ရာဝင်ခဲ့တယ်။ အိပ်မက်ထဲမှာ ဆေးလိပ်သောက်တာတွေပဲ မက်ခဲ့တယ်။ ခက်ခဲလှတဲ့ အချိန်တွေကိုကျော်ဖြတ်ရင်း တစ်ပတ်တာအဆုံးမှာတော့ အပြင်မသွားခဲ့ဘူး၊ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ ပထမဆုံး စီးကရက်မပါတဲ့ သီတင်းပတ် အောင်မြင်ခဲ့ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။

နီကိုတင်းမရှိတဲ့ ပထမဆုံးလ

ဒုတိယသီတင်းပတ်အစမှာပဲ အိမ်နီးချင်းရဲ့ စီးကရက်နံ့ရခဲ့တယ်။ ဆေးလိပ်မဖြတ်ခင် ဘယ်တုန်းကမှ သတိမပြုမိခဲ့ပေမယ့် အခုကျတော့ အဲဒီဆေးလိပ်နံ့က ကျွတ်တော့်ကို ပိုဒုက္ခပေးခဲ့တယ်။ လေးပတ်မြောက်က အားလပ်ရက်ရတဲ့ သီတင်းပတ်ဖြစ်လို့ အခက်ခဲဆုံး စိန်ခေါ်မှုကို ဖြတ်သန်းခဲ့ရတယ်။ အကောင်းဆုံးအရာတစ်ခုက မနက်မိုးတိုင်းတိုင်း ကျွန်တော်ဟာ ချောင်းမဆိုး၊ အရက်နာမကျဘဲ လန်းလန်းဆန်းဆန်း ဖြစ်နေတာကို ခံစားရတာပါပဲ။ နှစ်သစ်သန္နိဌာန်အနေနဲ့ အားလပ်ရက်အတွင်း လုပ်ချင်ခဲ့တဲ့ အရာတွေကို စာရင်းချရေးခဲ့တယ်။ ရေခဲပြင်မှာ စကိတ်စီးတာကို စတင်လုပ်ခဲ့တယ်။ ကျွန်တော့်အဆုတ်တွေရဲ့ လုပ်ငန်းဆောင်တာကလည်း တော်တော်လေး ကောင်းလာပြီး လေကို သက်သောင့်သက်သာ ရှူနိုင်လာခဲ့ပါပြီ။

ခြောက်လကြာပြီးနောက်

အခုတော့ ဆေးလိပ်ပြတ်တာ ခြောက်လရှိပြီ။ ဆေးလိပ်သောက်ချင်စိတ်မရှိသလောက်ပါပဲ။ ဒီအတောအတွင်း နှစ်ကြိမ်ပဲ ဘီယာသောက်ခဲ့ပြီး တစ်ကြိမ်မှာ တစ်ဖန်ခွက်ပဲ သောက်ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာက ရှားပါးတဲ့ အခွင့်အလမ်းဖြစ်လာတယ်၊ ဒါကြောင့် အားကစားလုပ်ရတာ သဘောကျလာပြီး စပိန်ဘာသာစကားကို စတင်လေ့လာခဲ့တယ်။

ကျွန်တော့်ဘဝကို ဘယ်လောက်အထိ ပြောင်းလဲသွားစေသလဲ

ဆိုးကျိုးများ

တချို့လူတွေနဲ့ တွေ့ဆုံတာနည်းလာတယ်။ သူတို့နဲ့တွေ့ရင် ဘားသွားဖြစ်မှာစိုးလို့ ရှောင်ရင်း အပေါင်းအသင်းနည်းလာတယ်။ စိတ်ဖိစီးမှုဖြေလျှော့ဖို့ ပိုခက်လာတယ်။ လူအများစုက လေ့ကျင့်ခန်းလုပ်ဖို့ပြောပေမယ့် ကျွန်တော့်အတွက် သိပ်မထိရောက်သလိုပဲ။ စိတ်တိုလွယ်လာတယ်။ အချိန်ကုန်လာတာနဲ့အမျှ တဖြည်းဖြည်း ပြေလျော့သွားပါတယ်။ နေကြာစေ့စားဖြစ်တော့ သွားတွေအတွက် သိပ်မကောင်းဘူး၊ ဒီအကျင့်ကိုလည်း မကြာခင်ဖြတ်ရဦးမယ်။ ဘီယာအစား အချိုရည်သောက်ဖြစ်တယ်။ ဒါကိုလည်း ရေနွေးကြမ်းနဲ့ အစားထိုးနေရတယ်။

ကောင်းကျိုးများ

၁၀ နှစ်လောက် ခံစားခဲ့ရတဲ့ ချောင်းဆိုးဝေဒနာ မရှိတော့ဘူး။ ဆေးလိပ်သောက်သက် နှစ် ၂၀ အတွင်း တစ်ခါမှမခံစားဖူးတဲ့ အဆုတ်ကြည်လင်မှု ခံစားရတယ်။ မှတ်ဉာဏ်တွေ ပိုကောင်းလာတယ်။ အရက်ဖြတ်လိုက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မတွေ့တာ တစ်နှစ်ခွဲရှိပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်မျက်နှာအသားအရေ ပိုကောင်းလာပြီး အရေးကြောင်းနည်းသွားတယ်လို့ လာပြောတယ်။ ငွေကုန်သက်သာသွားပြီး စုထားတဲ့ငွေနဲ့ စက်ဘီးတစ်စင်းဝယ်နိုင်ခဲ့တယ်။ အရင်က တစ်လမှာ စီးကရက်နဲ့အရက်ဖိုး ဒေါ်လာ ၁၀ဝ လောက် သုံးစွဲခဲ့တာလေ။

အခုတော့ ၉လွှာအမြင့်ကို အသက်ရှူမဝတာမျိုး၊ မောပန်းတာမျိုးမဖြစ်ဘဲ အလွယ်တကူ တက်နိုင်ပါပြီ။ ဆေးလိပ်ဖြတ်တာအပြင် လေ့ကျင့်ခန်းလုပ်လို့လည်း ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top