Healthy Life Ad
Health Tips

သင့်ချိုင်း(ဂျိုင်း)ကပြသနေသည့် သင့်ကျန်းမာရေး အခြေအနေ

စူး (ဆေးဝါးတက္ကသိုလ်)

အခုနောက်ပိုင်းမှာ လူအများက ကိုယ့်ကျန်းမာရေးကောင်းဖို့ ကိုယ့်ဘာသာ အထူးဂရုစိုက်လာကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများကိုလည်း အလေးထားလာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့အစိတ်အပိုင်းနေရာလေးတွေကို ဂရုစိုက်စောင့်ကြည့်ဖို့ မေ့လျော့လာတတ်ပါတယ်။ ဥပမာပြောရရင် ချိုင်း(ဂျိုင်း)နေရာပေါ့။ ချိုင်းဆိုတာ တချို့ရောဂါဝေဒနာတွေကို သဲလွန်စပေးတတ်ပါတယ်။ ဒါကြောင့် ချိုင်း(ဂျိုင်း)ကို လျစ်လျူရှုမထားဘဲ ဆန်းစစ်ကြည့်ရအောင် . . .

(၁) အနံ့ထွက်ခြင်း

ချိုင်းနေရာမှာချဉ်တဲ့အနံ့ထွက်တာက ပုံမှန်ဖြစ်စဉ်ပါ။ ချိုင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက ချွေးအထွက်များတဲ့အခါ ပိုပေါက်ပွားတာကြောင့် ဖြစ်တတ်ပါတယ်။ ရေချိုးပြီး ချွေးနံ့ထိန်းတောင့်လိမ်းပေးရုံနဲ့ အနံ့ဆိုးထွက်တာ သက်သာသွားပါလိမ့်မယ်။ ချိုင်းအနံ့က အမြဲတမ်းပြင်းနေတယ်ဆိုရင် ဒါက ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ရေချိုးပြီးတာတောင် အနံ့မပြယ်ဘူးဆိုရင် ဟော်မုန်းဝေဒနာနဲ့ သိုင်းရွိုက်လုပ်ငန်း ဆောင်တာမမှန်တာကြောင့်ဖြစ်တဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ချိုင်းနံ့က သစ်သီးပုပ်အနံ့မျိုး၊ လက်သည်းနီအနံ့မျိုးထွက်နေရင် ခန္ဓာကိုယ်က သကြားကိုကောင်းကောင်းမချေဖျက်နိုင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

(၂) ယားယံခြင်း

အမွှေးရိတ်ပြီးနောက် ချိုင်း(ဂျိုင်း)ယားတယ်ဆိုတာက ချိုင်းမွေးအသစ်ထွက်တာကြောင့်ဖြစ်တဲ့ ပုံမှန်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ချိုင်းယားတာက ရပ်မသွားရင်တော့ သင့်ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေတဲ့ သင်္ကေတလားဆိုတာ ဆန်းစစ်သင့်ပါပြီ။ ချိုင်းနေရာမှာ ပြင်းထန်တဲ့ ယားယံမှုဝေဒနာခံစားရရင် ဘရိတ်ဓားနဲ့ အရေပြားထိတွေ့မှု၊ အဝတ်အစားနဲ့ ဓာတ်မတည့်မှု၊ ချွေးနံ့ထိန်းလိမ်းတောင့်ထဲပါတဲ့ ဓာတုပစ္စည်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံမှုနဲ့အတူ အနီစက်တွေ၊ ဆဲလ်သေတွေ ဖြစ်ပေါ်နေရင်တော့ ဖန်းဂတ်စ်မှိုစွဲတာကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၃) အနီကွက်ထခြင်း

ချိုင်းနေရာမှာ နွေးထွေးစိုစွတ်နေရင် မှိုပိုးပေါက်ပွားလွယ်ပါတယ်။ ချိုင်းနေရာမှာ ရုတ်တရက် ယားယံတာ၊ နီမြန်းတာနဲ့ အနီကွက်ထွက်တာတို့ဖြစ်ရင် ကူးစက်ပိုးဝင်နေတာဖြစ်နိုင်သလို အဝတ်အစားနဲ့ ပွတ်တိုက်မိတာ၊ ရာသီဥတုပူပြင်းတာနဲ့ ဓာတ်မတည့်မှုတစ်ခုခုရှိတာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

(၄) နာကျင်ခြင်း

ချိုင်းနေရာမှာ နာကျင်တဲ့ခံစားချက်ဖြစ်ရင် အလေးအပင်မထားလို့လား၊ ပြင်းထန်တဲ့ အားကစားလေ့ကျင့်ခန်း တစ်ခုခုလုပ်ထားလို့လားဆိုတာ ဆန်းစစ်ပါ။ ဒီလိုအခြေအနေမျိုးမှာ ယာယီပဲနာကျင်ပြီး မကြာခင်သက်သာသွားပါလိမ့်မယ်။ ချိုင်းနေရာမှာ နာကျင်တဲ့ခံစားချက်က ရက်အတော်များများအထိ မသက်သာဘဲ ခံစားနေရရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သားနံရည်ကျိတ်ဖြစ်ပေါ်တဲ့ လက္ခဏာကြောင့်လည်း နာကျင်တဲ့ဝေဒနာကို ရှားရှားပါးပါး ရရှိခံစားရတတ်ပါတယ်။

(၅) အဖုအကျိတ်ထွက်ခြင်း

ချိုင်းနေရာမှာရှိတဲ့ သားနံရည်ကျိတ်လေးတွေက မမြင်ရပါဘူး။ ပိုးဝင်တာနဲ့ အခြေအနေတစ်ခုခုကြောင့် သားနံရည်ကျိတ်လေးတွေ ရောင်ရမ်းလာတတ်ပါတယ်။ ရောင်ရမ်းမှုက တစ်ပတ်အတွင်း သူ့အလိုလိုမပျောက်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သာနံရည်ကျိတ်ရောင်ရမ်းတာက ပြင်းထန်တဲ့ ကူးစက်ပိုးဝင်တဲ့ လက္ခဏာဖြစ်တတ်သလို တစ်ခါတလေ ကင်ဆာနဲ့ ဆက်စပ်နေလို့ပါ။

(၆) ချွေးထွက်များလွန်းခြင်း

ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်၊ ရာသီဥတုပူရင် ချွေးထွက်များတာ ပုံမှန်ပါ။ အဲဒီလိုမဟုတ်ဘဲ ထိုင်နေစဉ်၊ လမ်းလျှောက်နေစဉ်နဲ့ အိပ်နေစဉ်မှာချိုင်း(ဂျိုင်း)နေရာမှာ အလွန်အမင်း ချွေးထွက်နေတယ်ဆိုရင်တော့ ဟော်မုန်းအဆင့် ပုံမှန်မဟုတ်တဲ့ အခြေအနေကြောင့် ဖြစ်တတ်ပါတယ်။ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ သွေးဆုံးချိန် အကြိုလက္ခဏာလည်း ဖြစ်တတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ ဂေါက်အဆစ်ရောင်ရောဂါ လက္ခဏာတွေထဲက တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top