Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အယ်လ်ဇိုင်းမားသူငယ်ပြန်ရောဂါ

ယခင်တစ်ပတ်မှအဆက်

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုဆေးတွေကို အယ်လ်ဇိုင်းမားရောဂါအတွက် အသုံးပြုနိုင်မလား

အရင်က အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးမျိုးစုံ ရှာဖွေခဲ့ကြပေမယ့်လည်း ထိရောက်တဲ့ဆေး မတွေ့ခဲ့ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးတွေဖော်ထုတ်ရာမှာ အမိုင်းလွိုက်ဒ်ပလပခ် (Amyloid plaque) တွေ လျော့နိုင်စေတဲ့ဆေးကိုသာ ရှာဖွေခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ရောဂါရဲ့ ဇစ်မြစ်အမှန်ကို ရှာမတွေ့သေးလို့ဖြစ်ပါတယ်။ အခုအခါမှာ ဆီးချိုရောဂါကို ဖြစ်စေတဲ့ အင်ဆူလင်တွန်းခံမှု (IR) များခြင်းကဲ့သို့သော ဖြစ်စဉ်ကို အယ်လ်ဇိုင်းမားဖြစ်သူရဲ့ ဦးနှောက်မှာတွေ့ရှိလာပြီဖြစ်လို့ ဆီးချိုကုသတဲ့ ဆေးတွေထဲက IR အင်ဆူလင် တွန်းခံမှုကို လျော့စေတဲ့ဆေးတချို့ကို သုံးကြည့်လို့ ရ၊ မရ လေ့လာနေကြပါပြီ။ တိရစ္ဆာန်တွေမှာ စမ်းသပ်တာ တော်တော်ကောင်းတဲ့ ရလဒ်တွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ယခုလူတွေမှာလည်း စတင်စမ်းသပ်နေကြပါပြီ။

မက်ဖော်မင်နှင့် အယ်လ်ဇိုင်းမား

ဦးနှောက်ကလာပ်စည်းတွေမှာ အင်ဆူလင်ကို တွန်းခံမှုများတဲ့ သဘောတရားတူနေတဲ့အတွက် အင်ဆူလင်တွန်းခံမှု IR ကိုလျော့စေတဲ့ မက်ဖော်မင်ကို သုံးကြည့်ကြပါတယ်။ နှစ်နှစ်တာ လေ့လာစမ်းသပ် ချက်တစ်ခုအရ မက်ဖော်မင်ဟာ အယ်လ်ဇိုင်းမား ပျောက်နိုင်တဲ့အထိ အစွမ်းရှိတာတွေ့ရှိထားပါတယ်။ ဆက်လက်ပြီး တကယ်ထိရောက်မှု ရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့်လေ့လာနေပါတယ်။

အင်ဆူလင်နှင့် အယ်လ်ဇိုင်းမား

နောက်ဆေးတစ်ခုကတော့ အင်ဆူလင် ထိုးခြင်းပဲဖြစ်ပါတယ်။ အထက်မှာပြောထားတဲ့အတိုင်း ဦးနှောက်မှာ အင်ဆူလင်ဟာ မှတ်ဉာဏ်ဖြစ်ပေါ်ခြင်းအတွက် အရေးကြီးပါတယ်။ ဒီ့အပြင် ဦးနှောက်ကလာပ်စည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးတဲ့ Synapses တွေမှာလည်း အမိုင်းလွိုက်တွေမပိတ်ဆို့အောင် ကူညီပေးတဲ့ ဓာတ်တစ်ခုဖြစ်ပါတယ်။ တိရစ္ဆာန်ရော လူတွေမှာပါ တွေ့ရှိထားတာကတော့ အင်ဆူလင်ပေးခြင်းဟာ အယ်လ်ဇိုင်းမားရောဂါမှာဖြစ်ပေါ်တဲ့ အမိုင်းလွိုက်တွေစုပုံခြင်းမှ ကာကွယ်ခြင်း၊ ဂလူးကို့စ်သုံးစွဲမှု ကောင်းမွန်ခြင်းနဲ့ တချို့တွေမှာ မှတ်ဉာဏ်ပိုပြီးကောင်းလာခြင်းတွေကို ပြသနိုင်ကြပါတယ်။ အယ်လ်ဇိုင်းမားနဲ့ ဒီဂျင်နရေးရှင်း ဖြစ်စဉ်တူတဲ့ ပါကင်စင် Parkinson ရောဂါမှာလည်း ဆီးချိုဆေးတွေ သုံးကြည့်တဲ့အခါ တိုးတက်မှုတွေ တွေ့ရပါတယ်။ ဒါကြောင့် ဆီးချိုမကောင်းလို့ အင်ဆူလင်လို အပ်လာရင် စောစောစထိုးခြင်းဖြင့် အယ်လ်ဇိုင်းမားနဲ့ ပါကင်စင်ရောဂါတွေ ကာကွယ်ရာရောက်ပါတယ်။

ဂျီအလ်ပီ ဝမ်း အေဂိုးနစ် ( GLP-1 Agonists ဆေးအုပ်စုနှင့် အယ်လ်ဇိုင်းမားရောဂါ)

ယခုအခါ ရေပန်းစားနေတဲ့ နောက်ဆုံးပေါ် ဆီး ချိုဆေးတစ်ခုဖြစ်တဲ့ (Liraglutide) လိုင်ရာဂလူး တိုက်ဒ်ဟာ (GLP-1 Agonists)ဂျီအယ်လ်ပီဝမ်း အေဂိုးနစ်စ်ဆေးအုပ်စုဝင်တစ်ခုဖြစ်ပါတယ်။ ဒီ ဆေးက ဆီးချိုရောဂါအတွက် သုံးနေတဲ့ဆေးဖြစ်ပြီး အယ်လ်ဇိုင်းမားဖြစ်စေတဲ့ ဒီဂျင်နရေးရှင်းကို ဟန့်တားနိုင်တာတွေ့ရှိရပါတယ်။ လက်တွေ့စမ်းသပ်ချက်မှာလည်း အားလုံးတိုးတက်ကောင်းမွန်တဲ့ အကျိုးတွေတွေ့ရှိရပါတယ်။ Liraglutide (Victoza) လိုင်ရာဂလူးတိုက်ဒ်ခေါ် ဗိခ်တိုဇာထိုးဆေးကို GIP ဆိုတဲ့ဆေးရယ်၊ ဂလူးကာဂွန်ဆိုတဲ့ဆေးရယ် ပေါင်းပြီး အစမ်းသပ်ခံကြွက်တွေမှာ ထိုးကြည့်တဲ့အခါ brain-derived neurotrophic factor ခေါ် ဦးနောက်နာ့ဗ်ဆဲလ် ကြီးထွားဓာတ်တွေ များပြားလာစေပြီး နာ့ဗ်ဆဲလ်တွေပိုပွားလာတာ၊ မှတ်ဉာဏ်တွေ ပိုကောင်းလာတာတွေ့ရပါတယ်။ ယခု တစ်ဆင့်တိုးပြီး လူတွေမှာ စမ်းသပ်နေတဲ့ အဆင့်ရောက်ရှိနေပါပြီ။ နောက်ထပ် ၅ နှစ်မှ ၁၀ နှစ်မှာ အယ်လ်ဇိုင်းမား ဆေးသစ်အဖြစ် သုံးလို့ရပါတော့မယ်။ GLP-1 Agonists တွေဟာ တစ်ချိန်မှာ ကုရာဆေးမရှိဖြစ်နေတဲ့ အယ်လ်ဇိုင်းမားရောဂါကို ထိရောက်အောင် ကုသပေးနိုင်မယ့် ကုထုံးသစ်တစ်ခု ဖြစ်လာတော့မှာဖြစ်ကြောင်း ဆေးပညာဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ရဲ့ အခြေခံအကြောင်းရင်းဖြစ်စဉ်နဲ့ အယ်လ်ဇိုင်းမား ဖြစ်သူရဲ့ဦးနှောက်မှာ ဖြစ်နေတဲ့ အခြေခံအကြောင်းရင်းဟာ အင်ဆူလင်ကိုတွန်းခံမှုများခြင်း Insulin resistance များခြင်းကြောင့် ဖြစ်တာတွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ အယ်လ်ဇိုင်းမားကို ဆီးချိုကုထုံးတွေနဲ့ ကုသနိုင်မလားဆိုတဲ့ အတွေးအခေါ်တွေ ပေါ်ပေါက်လာပါတယ်။ လက်တွေ့မှာ တိစ္ဆာန်တွေမှာ စမ်းသပ်ကြည့်ပြီး ကောင်းမွန်ကြောင်း တွေ့ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ လူနာတွေမှာ စမ်းသပ်မှုတွေ စတင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အရင်က အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးမျိုးစုံ ရှာဖွေခဲ့ကြပေမယ့်လည်း ထိရောက်တဲ့ဆေးမတွေ့ခဲ့ ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးတွေဖော်ထုတ်ရာမှာ အမိုင်းလွိုက်ဒ်ပလပခ် (Amyloid Plaque) တွေလျော့နိုင်စေတဲ့ဆေးကိုသာ ရှာဖွေခဲ့ခြင်း ကြောင့်ဖြစ်ပါတယ် . . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top