Healthy Life Ad
Q & A

မြင်တွေ့ဖူးသလို

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)ဖြေကြားသည်။

မေး- အသက် ၂၆ နှစ်ကျားပါဗျ။ မေးချင်တာက တစ်ခါတလေ ဖြတ်သန်းနေတဲ့ အရပ်တချို့မှာ အရင် အတိတ်က ဖြစ်ခဲ့ဖူးသလို၊ ဖြတ်သန်းခဲ့ဖူးသလို ခံစားနေမိတယ်။ တချို့အကြောင်းအရာတွေဆိုရင်၊ နေရာ ဒေသတစ်ခုရောက်တယ်ဆိုရင် အရင်အတိတ်က ထပ်တူကျတဲ့ ပုံစံမျိုးနဲ့ ရောက်ဖူးတဲ့ ပုံရိပ်မျိုး။ ဥပမာ-နေရာတစ်ခုမှာ ထိုင်နေတယ်ဆိုရင် အရင်အတိတ်က ထိုင်ပုံထိုင်နည်း၊ ဘေးမှာရှိတဲ့လူကအစ တူနေတဲ့ ခံစားမှုမျိုး မြင်ယောင်ခံစားနေရပါတယ်။ အဲဒီလို ခံစားမှုမျိုးက စိတ်ကျန်းမာရေးနဲ့ ဆက်နွှယ်နေလား။ အဲဒီလိုပုံစံတွေမြင်နေတာ တော်တော်ကြာခဲ့ပါပြီ။ စိတ်ကြောင့် ထင်ယောင်ထင်မှား လားဆိုတာ၊ ဘာကြောင့် အဲဒီလို ခံစားမှုတွေ ဖြစ်သလဲဆိုတာ ဆရာတို့ ပြန်လည်ဖြေကြားပေးစေချင်ပါတယ်ဗျ။

အဖြေ- ခံစားနေရတဲ့ အတွေ့ အကြုံမျိုးကို ဆေးပညာမှာ ”Deja Vu” လို့ ခေါ်ပါ တယ်။ ပြင်သစ်ဘာသာစကားဖြစ်တယ်။ ”Deja Vu” (မြင်တွေ့ပြီးပြီ)လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် အဲဒီလို အတွေ့အကြုံကို “မြင်တွေ့ဖူးသလို ခံစားရခြင်း” လို့ ခေါ်ဆိုနိုင်ပါတယ်။ လတ်တလော တွေ့ရှိနေရတဲ့ အခြေအနေသစ်တစ်ခုက မိမိအရင် အတိတ်က တွေ့ကြုံဆုံဆည်းခဲ့ဖူးတဲ့ အခြေအနေနဲ့ တထေရာတည်း တူညီနေသလို တွေ့မြင်ခံစားရတာ ဖြစ်တယ်။

လူထုထဲမှာ ၇၀ ရာခိုင်နှုန်းက တစ်ချိန်ချိန် တစ်နေရာရာမှာ မြင်တွေ့ဖူးသလိုခံစားရတဲ့ ”Deja Vu” အတွေ့အကြုံရှိပါတယ်။ အသက် ၁၅ နှစ်နဲ့ အသက် ၃၀အတွင်းမှာ အဲဒီလို ခံစားရတဲ့နှုန်း ပိုမိုများပြားပါတယ်။ အသက်ကြီးလာရင် ”Deja Vu” အတွေ့အကြုံ လျော့နည်းသွားကြောင်း တွေ့ရှိရတယ်။
မြင်တွေ့ဖူးသလို ခံစားရခြင်း ”Deja Vu” အ တွေ့အကြုံ ဘာကြောင့်ဖြစ်ပွားရသလဲ၊ ”Deja Vu” အတွေ့အကြုံကို သာမန်လူတွေမှာ တွေ့ရှိရသလို ဦးနှောက်ရောဂါနဲ့ စိတ်ရောဂါလူနာတွေမှာလည်း တွေ့ရှိရပါသလား။

(၁) သာမန်လူတွေမှာ ”Deja Vu” ဘာကြောင့် ခံစားရသလဲလို့ မေးရင် အတိအကျ အဖြေမပေးနိုင်ပါဘူး။ ထင်မြင်ယူဆထားတဲ့ သီအိုရီတွေတော့ ရှိပါတယ်။ သိချင်ရင် ရှင်းပြပါမယ်။

(က) အာရုံမစိုက်မိခြင်း

တစ်နေရာရာကို ဖြတ်သန်းသွားရင် မိမိအသိစိတ်က အာရုံစူးစိုက်မထားပေမယ့် အဲဒီအမြင်အာရုံ ကို တဒင်္ဂမှတ်ဉာဏ်အဖြစ် အလိုအလျောက် ပုံရိပ်ထင်မှတ်မိသွားနိုင်တယ်။ ဥပမာ-တစ်ခုခုစဉ်းစားနေရင်း အခန်းတစ်ခုထဲကို ဝင်ရောက်သွားတယ်ဆိုပါတော့။ အဲဒီအချိန်မှာ မိမိအသိစိတ်အခန်းတစ်ခုလုံး ကို အာရုံပြုမနေဘဲ မိမိတွေးတောနေတာတွေကိုသာ မြင်ယောင်နေမယ်။ ဒါပေမဲ့ အခန်းထဲမှာ ဖြစ်ပျက်နေ တာတွေကိုတော့ မသိစိတ်က တဒင်္ဂမှတ်ဉာဏ်အဖြစ် သိုလှောင်ထားလိမ့်မယ်။ အတွေးတွေကို ရပ်လိုက်ပြီး အခန်းထဲကို အာရုံစိုက်ကြည့်လိုက်တဲ့အခါမှာ ခုနက သိုလှောင်ထားတဲ့ တဒင်္ဂမှတ်ဉာဏ်ကို အတိတ်က မှတ်ဉာဏ်လို့ ယူဆမိမယ်။ ဒါကြောင့် အဲဒီ အခြေအနေကို အရင်က တွေ့ကြုံဖူးသလို ခံစားရတာပါ။ အခုလေးတင်မှ ရရှိထားတဲ့ တဒင်္ဂမှတ်ဉာဏ်ကို အရင်ကရှိနေတဲ့ အတိတ်က မှတ်ဉာဏ်လို့ ထင်မြင်တာ ဖြစ်ပါတယ်။

(ခ) မေ့နေတဲ့ အတိတ်က မှတ်ဉာဏ်

အသက်ငယ်စဉ်က အတွေ့အကြုံအားလုံးကို အသိစိတ်က မမှတ်မိဘူး။ ဥပမာ-၂ နှစ်သားဘဝက မိခင်နဲ့အတူ သွားရောက်ဖူးတဲ့ ဘုန်းကြီးကျောင်းကို ပြန်ပြီး စဉ်းစားကြည့်ရင် မှတ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရွယ်ရောက် လာပြီး တစ်ချိန်ချိန်မှာ အဲဒီဘုန်းကြီးကျောင်းကို ပြန်လည်ရောက်ရှိသွားတဲ့အခါ ပတ်ဝန်းကျင်လှုံ့ဆော်မှုကြောင့် မသိစိတ်ထဲမှာ ခိုအောင်းနေတဲ့ မှတ်ဉာဏ်က ဗြုန်းကနဲ အသိစိတ်ထဲမှာ ဝင်ရောက်လာတတ်တယ်။ ဒါပေမဲ့ အသိစိတ်က “ဒီဘုန်း ကြီးကျောင်းကို ငါရောက်ဖူးတယ်” လို့ မမှတ်မိဘူး။ “အရင်တုန်းက ငါ ရောက်ဖူးတ ဲ့ နေရာနဲ့ တူလိုက် တာ” လို့သာ မြင်ယောင်နေလိမ့်မယ်။

(ဂ) မျက်စိတစ်ဖက်က အားသန်နေခြင်း

ခြေလက်မှာ အားသန်လွှမ်းမိုးတဲ့ ဘက် (Do­m­inant Side) (ဘယ်သန်-ညာသန်)ရှိပါတယ်။ တချို့လူတွေမှာ မျက်စိတစ်ဖက်က တခြားမျက်စိတစ်ဖက်ထက် အားသန်နေတာရှိတယ်။ အားသန် မျက်စိ (Dominant Eye) က အမြင်စွမ်းအင် အားကောင်းတယ်။ တစ်နေရာရာကို ရောက်သွားရင် အားသန်တဲ့ မျက်လုံးက ပတ်ဝန်းကျင်ကို ချက်ချင်း မြင်မိပြီး မှတ်ဉာဏ်အသစ်အဖြစ် ဦးနှောက်ထဲကို သတင်းပို့လိုက်တယ်။ မကြာခင်မျက်လုံးနှစ်ဖက် စလုံးက အာရုံစိုက်ပြီး ကြည့်လိုက်တဲ့ ပုံရိပ်ကိုလည်း ဦးနှောက်ထဲကိုပို့လိုက်တယ်။ ဦးနှောက်က အားသန် တဲ့ မျက်လုံးက မသိမသာ ပို့ထားတဲ့ ပုံရိပ်ကိုလည်း မှတ်မိနေတယ်။ ဒီတော့ ဦးနှောက်က ပြောမယ်။ “ဒီအခြေအနေတွေ ကို ငါသိရှိပြီးပြီ” ပဲ၊ ဒါကြောင့် အသိစိတ်ထဲမှာ ”Deja Vu” အတွေ့အကြုံလို ခံစားရမယ်။
အခုဖော်ပြခဲ့တဲ့ သီအိုရီသုံးမျိုးစလုံးမှာ တူညီချက်ရှိပါတယ်။ ”Deja Vu” အတွေ့အကြုံဆိုတာ စိတ်ထဲမှာ ရှိပြီးသား မှတ်ဉာဏ်ပဲဖြစ်တယ်။ ဒါပေမဲ့ အသိစိတ်က သတိမထားမိတဲ့ မှတ်ဉာဏ်ဖြစ်နေလို့ အဲဒီမှတ်ဉာဏ် ပေါ်လာတဲ့အခါ မှတ်ဉာဏ်လို မယူဆဘဲ ယောင်ဝါးဝါး ဖြစ်သွားတာပါ။

(ဃ) တမလွန်ဘဝနဲ့ ဝိဉာဉ်လောက ယုံကြည်မှုကိုအခြေပြုပြီး ”Deja Vu” အတွေ့အကြုံကို နားလည်ထားတာ ရှိပါတယ်။ ဥပမာ-နေရာတစ်ခုခုကို ရောက်သွားတဲ့အခါ အဲဒီနေရာကို အရင်က ရောက်ရှိ မြင်တွေ့ခဲ့ဖူးသလို ခံစားရတာက အရင်တမလွန်ဘဝက အတွေ့အကြုံကို ပြန်လည် မှတ်မိတာလို့ဆိုပါတယ်။ နောက်သီအိုရီတစ်ခုကတော့ မိမိရောက်ရှိ ဖြတ်သန်းသွားတဲ့နေရာမှာ ဝိဉာဉ် တွေရှိနေတယ်။ အဲဒီဝိဉာဉ်တွေနဲ့ မိမိရဲ့စိတ် (ဝိဉာဉ်)က ထိတွေ့ပေါင်းစည်းမိတဲ့အခါ အဲဒီနေရာကို အရင်ကရောက်ရှိခဲ့ဖူးသလို ခံစားရလိမ့်မယ် လို့ ဆိုပါတယ်။

(၂) မြင်တွေ့ဖူးသလို ခံစားရခြင်း ”Deja Vu” လက္ခဏာကို စိတ်ကျန်းမာရေး ချို့ယွင်းလာရင်လည်း တွေ့ရှိ နိုင်ပါတယ်။

(က) ကျောင်းသားလူငယ်တွေ အိပ်ရေးပျက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုဒဏ်ခံရခြင်း ရှိရင် ”Deja Vu” လက္ခဏာဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် ညနေပိုင်းမှာ ဖြစ်ပွားတာများတယ်။

(ခ) ”Deja Vu” အတွေ့အကြုံဖြစ်ပေါ်စေတဲ့ ဆေးတွေရှိတယ်။ ဥပမာ- Parkinson အကြောဆွဲ ရောဂါကုသဆေး (Amantadine) ၊ နှာစေးချောင်းဆိုး အအေးမိကုသဆေးတွေထဲမှာပါရှိတဲ့ (Ephedrine, Phenylpropanolamine) ဆေးတွေကြောင့် မြင်တွေ့ဖူးသလို ခံစားရတဲ့ လက္ခဏာဖြစ်ပေါ်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။
စိတ္တဇရူးသွပ်ဆေး (LSD)၊ စိတ်ကြွရူးသွပ်ဆေး အမျိုးမျိုးနဲ့ ဆေးခြောက်သုံးစွဲရင်လည်း ”Deja Vu” လက္ခဏာ ဖြစ်ပွားနိုင်ပါတယ်။ ဦးနှောက်ထဲမှာ ဒိုပါမင်းဓာတ် လှုံ့ဆော်အားပေးမှု မြင့်မားလာလို့ ဖြစ်ပါတယ်။

(ဂ) နားထင်ပိုင်းဦးနှောက်အတက်ရောဂါ (Temporal Lobe Epilepsy) ရောဂါမှာ ”Deja Vu” အတွေ့အကြုံဖြစ်ပွားမှုများပြားတာ တွေ့ရှိရတယ်။ မျက်စိထဲမှာ ထူးဆန်းတဲ့ မြင်ကွင်းတွေပေါ်လာခြင်း၊ ထူးခြားတဲ့အနံ့ရရှိခြင်း၊ အိပ်မက်လိုလ ိုဇဝေဇဝါဖြစ်ခြင်း၊ အစာဝါးစားနေသလို ပါးစပ်လှုပ်ရှားခြင်း၊ အကြောင်းမဲ့ ကြောက်ရွွံ့ထိတ်လန့်ခြင်း စတဲ့ လက္ခဏာတွေကို ပူးတွဲတွေ့ရှိရမယ်။
မြင်တွေ့ဖူးသလို အတွေ့ အကြုံခံစားနေရတဲ့အခါ အထက်ဖော်ပြပါ လက္ခဏာ တချို့ကိုပါပူးတွဲခံစားရရင် ဆေးစစ်ဖို့ လိုအပ်ပါတယ်။

(ဃ) စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ ဖြစ်ပေါ်စ အခြေအနေ (Early Stage of Schizophrenia) မှာမြင်တွေ့ဖူးသလိုခံစားရတဲ့ ”Deja Vu” လက္ခဏာ ရရှိနိုင်တယ်။ အဲဒီအချိန်မှာ တခြားရောဂါလက္ခဏာတွေ ကိုလည်း ပူးတွဲတွေ့ရှိနိုင်တယ်။ ဥပမာ-လူတွေနဲ့ အပေါင်းအသင်းမလုပ်ခြင်း၊ သံသယစိတ်လွန်ကဲလာခြင်း၊ အကြောင်းမဲ့ စိတ်တိုသလို စိတ်ညစ်ညူးနေသလိုခံစားရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်ခြင်း၊ စိတ်ခံစားမှုကို ပုံမှန်ထုတ်ဖော်နိုင်မှု အားနည်းလာခြင်း၊ အကြောင်းမဲ့ ရယ်မောခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အဲဒီလို လက္ခဏာတွေကိုပါ ခံစားရရင် ဆေးစစ်ဖို့ လိုအပ်ပါတယ်။

”Deja Vu” လက္ခဏာကို တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ခံစားရတာ မဟုတ်ဘဲ တစ်လအတွင်းမှာ အကြိမ်ကြိမ် ခံစားနေရရင်လည်း ဆေးစစ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top