Healthy Life Ad
Q & A

ဆီးကျိတ်အကြောင်း သိချင်ပါတယ် . . .

မေး. ကျွန်တော် အသက် ၆၀ကျော် သက်ကြီးတစ်ဦးဖြစ်ပြီး ဆီးကျိတ်ရှိသူလည်းဖြစ်ပါတယ်။ ဆီးကျိတ် ဘာကြောင့်ဖြစ်ရသလဲ၊ ဆီးကျိတ်မဖြစ်အောင် ကာကွယ်လို့ရပါသလား၊ ဆီးကျိတ်ကနေ ဆီးကျိတ်ကင်ဆာအဖြစ်ကူးပြောင်းလွယ်ပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အမျိုးသားတိုင်းမှာ ဆီးအိမ်အဝကျဉ်ချောင်းထိပ်ရှိ ဆီးကျိတ်ဆိုတာ မွေးရာပါလာတဲ့ အင်္ဂါဖြစ်ပါတယ်။ ဆီးလမ်းကြောင်းနဲ့ သုက်လမ်းကြောင်းဆုံတဲ့ ဆုံရပ်ဖြစ်ပါတယ်။ ဆီးကျိတ်ကနေ စစ်ထုတ်လိုက်တဲ့ အရည်လေးတွေက သုက်ပိုးနဲ့ပူးပေါင်းပြီး မျိုးပွားရာမှာပါဝင်တဲ့ အင်္ဂါရပ်ဖြစ်တယ်။ ဆီးကျိတ်ဆိုတာ နောက်မှပေါ်လာတာမဟုတ်ပါဘူး။ ဆီးကျိတ်မှာ ဘာပြဿနာတွေ ဖြစ်တတ်သလဲဆိုတော့ ပိုးဝင်ပြီးရောင်ရမ်းတတ်တယ်၊ အသက် ၅၀နဲ့ အထက်ကြီးလာရင် ဆီးကျိတ်ကပုံမှန်ထက်နည်းနည်း ကြီးလာလေ့ရှိတယ်၊ အဲဒီလိုကြီးတာကို နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ (၁)ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းနဲ့ (၂)ဆီးကျိတ်ကင်ဆာဆိုပြီး အခြေအနေနှစ်ရပ်ကြောင့် ဆီးကျိတ်က သာမန်ထက် ကြီးထွားလာနိုင်ပါတယ်။

သာမန်ထက်ကြီးတဲ့အခါ ဆီးသွားရခက်တယ်၊ ဆီးလုံးသေးတယ်၊ ဆီးသွားပြီးခါနီးမှာ တစက်စက်ကျတယ်၊ ဆီးကို ဝေးဝေးမပန်းနိုင်ဘူး၊ ဆီးကျန်သလိုဖြစ်ပြီး ဆီးသွားချင်ပေမယ့် ထပ်ထွက်မလာဘူး . . ဒီလိုလက္ခဏာတွေဖြစ်တတ်ပါတယ်။ ဆီးကျိတ်ကြီးတာ အများစုက ကင်ဆာကြောင့်မဟုတ်ဘဲ ရိုးရိုးဆီးကျိတ်ကြီးတာကြောင့် ဖြစ်ရတာပါ။ ဒီအချက်ကြောင့်လည်း ဆီးကျိတ်ကင်ဆာ အသိနောက်ကျတတ်ပါတယ်။ ပြောရရင် ဆီးကျိတ်ကြီးတဲ့ လက္ခဏာပေါ်ရင် စအိုထဲကနေ ဆီးကျိတ်အနေအထားကို စမ်းသပ်ပြီး ရိုးရိုးဆီးကျိတ်ကြီးတာနဲ့ တူသလား၊ ဆီးကျိတ်ကင်ဆာနဲ့ ပိုတူသလားဆိုတာကို ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပေးရပါတယ်။

မိသားစုရာဇဝင်ရှိရင်တော့ ဆီးကျိတ်ကင်ဆာမှာရှိတဲ့ Tumor Marker လို့ခေါ်တဲ့ PSA ဓာတ်စစ်ဆေးပြီး ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိ ရှာဖွေရပါတယ်။ အများစုကတော့ ရိုးရိုးဆီးကျိတ်ကြီးတာဖြစ်တဲ့အတွက် ဆေးကုသမှုပေးရပါတယ်။ ရိုးရိုးဆီးကျိတ်ကြီးတာကနေ ဆီးကျိတ်ကင်ဆာအဖြစ် ကူးပြောင်းသွားတာမျိုးကိုတော့ မတွေ့ရပါဘူး။ ဆီးကျိတ်ကြီးတဲ့သူက တစ်နေရာမှာ ထပ်ပြီး ဆီးကျိတ်ကင်ဆာအနေနဲ့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အသက် ၅၀ ကျော်လာရင် ဆီးကျိတ်ကြီးတဲ့လက္ခဏာတွေ ခံစားရတာနဲ့ ဆီးကျိတ်ကင်ဆာကြောင့်လားဆိုတာကို စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top