Healthy Life Ad
Life Style

ကီဖာ (Kefir)နှင့် ကျန်းမာရေး

ဒေါက်တာညီညီကျော် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အခုအခါမှာ ကီဖာကို လူအတော်များများက သောက်သုံးနေကြပါတယ်။ ကီဖာသောက်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးရရှိစေနိုင်ပါသလဲ ဆရာ။

ဖြေ. ကီဖာ (Kefir)ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့က ထုတ်တာပါ။ ဒီတော့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေ ပါဝင်ပါတယ်။ တခြားနိုင်ငံတွေမှာ ရိုးရာအရထုတ်ထားတဲ့ မလိုင်သဘောမျိုးပါပဲ။ ဒါစားရင် နို့နဲ့ နို့ထွက်ပစ္စည်း စားသလို ကောင်းကျိုးရရှိစေပါတယ်။ နို့ထွက်ပစ္စည်းကို ဘက်တီးရီးယားထည့်ပြီး အခဲလေးတွေ ဖြစ်အောင်လုပ်တဲ့ သဘောပါပဲ။ အကျိုးပြုဘက်တီးရီးယား၊ အမိုင်နိုအက်စစ် ၉ မျိုးနဲ့ ဗီတာမင်ဒီ၊ ဗီတာမင်အီးဓာတ်တွေနဲ့ ကယ်လ်ဆီယမ်ပါဝင်ပါတယ်။ အကျိုးပြုဘက်တီးရီးယား (Probiotics) ပါတာကြောင့် အူလမ်းကြောင်းကို အကျိုးပြုစေပါတယ်။ ကီဖာက အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။

မေး. ကီဖာ (Kefir)သောက်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာမျိုးကော ရှိပါသလား ဆရာ။

ဖြေ. ကျန်းမာရေးကို ထိခိုက်တာ မရှိပါဘူး။ ဒါပေမဲ့ နို့သောက်သလိုပဲ တစ်ခွက်-နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ တစ်ခုတော့ရှိတယ်။ ကီဖာထဲမှာ သကြားတွေ ထပ်ထည့်တာမျိုးဆိုရင်တော့ ဆီးချိုရှိသူတွေ၊ ကင်ဆာသမားတွေက မစားသင့်ပါဘူး။ သာမန်အတိုင်း အချဉ်ဖောက်ထားတယ်ဆိုရင်တော့ အသင့်အတင့် စားလို့ရပါတယ်။ ပုံမှန်အတိုင်းဆိုရင်တောင် မလိုင်အပြည့်ပါနို့နဲ့ လုပ်ထားတဲ့ ကီဖာက အဆီပါဝင်မှုများတဲ့အတွက် ဆီးချိုသမားတွေမှာ သွေးတွင်းကိုလက်စထရော မြင့်တက်သွားနိုင်တာကြောင့် သိပ်မစားသင့်ပါဘူး။

ကင်ဆာသမားတွေမှာ ကီဖာသောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ ကီဖာကိုချည်းသောက်ပြီး အီသွားတာနဲ့ တခြားအစားအသောက်တွေ သိပ်မစားဘဲနေရင်တော့ အာဟာရနည်းသွားမှာစိုးပါတယ်။ အဲဒီလိုအခါမှာ အာဟာရချို့တဲ့တာ ဖြစ်တတ်ပါတယ်။ ဒါကို အသင့်အတင့် သောက်ရုံနဲ့တော့ ရပါတယ် . . .

မေး. အခုချိန်မှာ ကင်ဆာရှိသူတွေကလည်း ကီဖာ (Kefir)ကို သောက်နေကြပါတယ်။ ဒါကကော သင့်တော်ပါသလား ဆရာ။

ဖြေ. ကင်ဆာသမားတွေမှာ ကီဖာသောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ ကီဖာကိုချည်းသောက်ပြီး အီသွားတာနဲ့ တခြားအစားအသောက်တွေ သိပ်မစားဘဲနေရင်တော့ အာဟာရနည်းသွားမှာ စိုးပါတယ်။ အဲဒီလိုအခါမှာ အာဟာရချို့တဲ့တာ ဖြစ်တတ်ပါတယ်။ ဒါကို အသင့်အတင့်သောက်ရုံနဲ့တော့ ရပါတယ်။ ကင်ဆာသမားတွေ ကီဖာသောက်ရင် အမိုင်နိုအက်စစ်တွေ၊ ပရိုတင်းဓာတ်တွေ ရရှိပါမယ်။ ဒါပေမဲ့ တစ်ဖက်ကနေ အာဟာရပြည့်အောင် ထမင်း၊ အရွက်၊ အသီး စတာတွေကို မျှမျှတတစားပေးဖို့ လိုအပ်ပါတယ်။

မေး. ကီဖာ (Kefir)နဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောပြလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. ကီဖာကို ဒီအတိုင်းအချဉ်ဖောက်စားတာက စားလို့ရပါတယ်။ ဒါပေမဲ့ သကြားတွေ အများကြီးထပ်ထည့်တာဆိုရင်တော့ မစားသင့်ပါဘူး။ ဆီးချိုသမားတွေကတော့ ဆင်ခြင်သင့်ပါတယ်။ ကင်ဆာသမားတွေကတော့ ဒီတစ်မျိုးတည်းပဲ စားနေတာမျိုး မလုပ်သင့်ပါဘူး။ ပုံမှန်ထမင်း၊ ဟင်း၊ အသား၊ ငါး၊ အသီးအရွက်၊ သစ်သီးဝလံ ပြည့်ပြည့်ဝ၀ စားပေးရင်း ကီဖာတစ်ခွက်လောက် သောက်တာကရပါတယ်။ ကင်ဆာသမားတွေကို ကီဖာချည်းပဲ တစ်နေ့ သုံး-လေး-ငါးခွက်သောက်မယ့်အစား ကြက်ဥပူတင်းလေးလို အစာတွေကို ပိုစားသင့်ပါတယ်။ သွေးတွင်း ကိုလက်စထရောများနေတဲ့သူဆိုရင် အဆီထုတ်ထားတဲ့ နို့နဲ့လုပ်ထားတဲ့ ကီဖာကို ရွေးသောက်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မလိုင်အပြည့်ပါတဲ့ နို့နဲ့ဖောက်ထားတဲ့ ကီဖာဆိုရင်တော့ ကိုလက်စထရောများသူတွေက သတိထားဆင်ခြင်သောက်သုံးသင့်ပါတယ်။ ဘယ်သူမဆိုကီဖာကို တစ်နေ့နှစ်ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top