Healthy Life Ad
International

ဘားတွင် နှစ်နာရီကြာတွေ့ဆုံခဲ့သည့် သူစိမ်းကို ကျောက်ကပ်လှူဒါန်းခဲ့သူ ကလေးနှစ်ဦးမိခင်

၊ ကိုထက် ၊

မင်နီဆိုးတား၊ နင်ရော့ရှိ ဘားတစ်ခုမှာ လူတစ်ဦးကို နှစ်နာရီခန့်သာတွေ့ဆုံပြီးနောက် ကလေးနှစ်ယောက်မိခင်ဖြစ်သူဒေးက အသက်ကယ်ဖို့ ကျောက်ကပ်လှူဒါန်းခဲ့ပါတယ်။

အဆိုပါအမျိုးသားက သူ့ကျောက်ကပ်တွေ ပျက်စီးနေပြီး ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျောက်ကပ်ဆေးနေရကြောင်းနဲ့ ကျောက်ကပ်အစားထိုးကုသမှုခံယူဖို့ အလှူရှင်ကို စောင့်ဆိုင်းနေရကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုကြားတာနဲ့ ဒေးက ကျောက်ကပ်လှူမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအမျိုးသားကို မပြောဘဲ ဒေးက လပေါင်းများစွာ အဆိုပါအမျိုးသားကို ကျောက်ကပ်ပေးဖို့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးမှု ခံယူခဲ့ပါတော့တယ်။ အလှူရှင်နဲ့ လူနာရဲ့သွေးကိုက်ညီမှုရှိပြီးနောက် သွေးစစ်ဆေးမှုတွေ ထပ်မံပြုလုပ်ရပါတယ်။ စစ်ဆေးမှုအမျိုးမျိုး ပြုလုပ်ပြီးနောက် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ဝမ်းဗိုက်ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ ကိုက်ညီမှုရှိနေခဲ့ပါတယ်။

“အမှန်အတိုင်းပြောရရင် ခွဲစိတ်မှုအတွက် ကြောက်မနေပါဘူး။ ကျွန်မရဲ့ ဆုံးဖြတ်ချက်က သေချာနေပြီဖြစ်တဲ့အတွက် ဘာကိုမှလည်း ထိတ်လန့်မနေခဲ့ပါဘူး”လို့ ဒေးက ဆိုပါတယ်။

ဒေးနဲ့ သူ့မိတ်ဆွေ တွေ့ဆုံတဲ့ရက်ကနေ ခြောက်လနီးပါးအကြာမှာ မြောက်ဒါကိုတာရှိ ဖာဂိုအစားထိုးကုသမှုစင်တာက ခွဲစိတ်ကုသမှုအတွက် သူတို့ကို အကြောင်းကြားခဲ့ပါတယ်။ ကိုယ်အင်္ဂါအစားထိုးကွန်ရက်ရဲ့ လေ့လာမှုအရ အစားထိုးကုသဖို့ စောင့်ဆိုင်းရင်း နေ့စဉ် လူ ၂၀ ဦး ခန့်သေဆုံးနေတယ်လို့ သိရပါတယ်။

ကျောက်ကပ်လှူဒါန်းပြီး လေးရက်လောက် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ခံခဲ့ရတယ်လို့ ဒေးက ဆိုပါတယ်။ ဒီလိုမသက်မသာဝေဒနာတွေ ခံခဲ့ရပေမယ့်လည်း ဒေးက သူရဲ့သတ္တိရှိရှိ လှူဒါန်းမှုဇာတ်လမ်းကို တခြားသူတွေ ကိုယ်အင်္ဂါလှူဒါန်းချင်စိတ်ရှိလာစေဖို့ မျှဝေလျက်ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top