Healthy Life Ad
Life Style

မိုဘိုင်းဖုန်း၊ ကွန်ပျူတာ အသုံးများခြင်းကြောင့် လက်နာကျင်ခြင်း၊ လက်အံသေခြင်း

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး ။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ အသုံးများတာကြောင့် လက်နာကျင်တာ၊ လက်အံသေတာတွေဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ ။ ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ ဖုန်းတွေကို လက်ချောင်းတွေနဲ့ ပွတ်တာ၊ ကွန်ပျူတာ စာရိုက်တာတွေကြောင့် လက်နာတာ၊ လက်အံသေတာတွေ ဖြစ်လာကြပါတယ်။ ဖုန်းအသုံးများရင် လက်ချောင်းက ကွေးပြီး အံသေနေတတ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အခါ ကိုယ်ရဲ့ နေမှုထိုင်မှုမှာ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်၊ ဒုက္ခလည်း ရောက်ရပါတယ်။

မေး ။ ဘာကြောင့် လက်နာကျင်တာ၊ လက်အံသေတာ ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ လက်အဆစ်တွေပေါ်မှာ Tendon လို့ခေါ်တဲ့ အရွတ်လေးတွေက အုပ်ထားပါတယ်။ ဖုန်းပွတ်တာများ တဲ့အခါ အရွတ်ကို အလုပ်များများပေးသလိုဖြစ်ပြီး ကြာလာတဲ့အခါ အရွတ်ပြားက ရောင်လာပါတယ်။ ရောင်လာတာကနေတစ်ဆင့် အဆစ်တွေ နာလာပါတယ်။ အဲဒီအခါ လက်အဆစ်က ကွေးနေရာကနေ မနည်းပြန်ဖြောင့်ရတာမျိုး၊ ဖြောင့်လို့ရရင်တောင် ဂျွတ် ဂျွတ် ဂျွတ် ဂျွတ် အသံမြည်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မနက်ပိုင်းဆိုရင် ပိုသတိထားမိကြပါလိမ့်မယ်။

မေး ။ ဖုန်း၊ ကွန်ပျူတာအသုံးများလို့ လက်နာကျင်တာ၊ အံသေတာက ဘယ်လက်ချောင်းတွေမှာ ပိုအဖြစ်များပါသလဲ ဆရာ။
ဖြေ ။ ဖုန်းအသုံးများလို့ လက်နာကျင်တာ၊ လက်အံသေတာကလက်မနဲ့ တခြားလက်ချောင်းတွေမှာ အထူးသဖြင့် ပိုဖြစ်တတ်ပါတယ်။ ပြီးရင် လက်တံတောင်ဆစ်မှာ ကျဉ်တာ၊ ထုံတာ၊ ခံစားရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ချောင်းလေးတွေ နာကျင်ရောင်ရမ်းလာရင် ကိုယ်ရဲ့နေ့စဉ်ဘဝ နေထိုင်စားသောက်မှုမှာ အခက်အခဲရှိလာပါတယ်။

မေး ။ ဖုန်း၊ ကွန်ပျူတာ သုံးသူတွေအတွက် ဒီလို လက်ချောင်းနာကျင်တာ၊ လက်အံသေတာတွေ မဖြစ်အောင် ဘယ်လို ကာကွယ်လို့ ရနိုင်ပါသလဲ ဆရာ။
ဖြေ ။ ဖုန်းသုံးတဲ့သူ၊ ကွန်ပျူတာ သုံးတဲ့သူတွေက ဒီခေတ်မှာများလာတော့ ဒီလို လက်ချောင်းနာတာ၊ လက်အံသေတာတွေကို တော်တော်များများ ဖြစ်ဖူးကြပါတယ်။ ကိုယ်က ကွန်ပျူတာ၊ ဖုန်းနဲ့ အလုပ် လုပ်နေရရင်တော့ တစ်မျိုးပေါ့။ အဲဒီလိုမဟုတ်ရင် တတ်နိုင်သလောက် လျှော့သုံးဖို့ လိုပါတယ်။

ကွန်ပျူတာ၊ ဖုန်းနဲ့အလုပ်လုပ်နေရရင်တောင် မကြာခဏ အနားပေးတာ၊ လက်ချောင်းသုံးတာကြာသွားရင် ပြန်ဖြေလျှော့ပြီး နှိပ်နယ်ပေးတာ၊ ဆေးလိမ်းတာတွေ လုပ်ပေးသင့်ပါတယ်။

ညောင်းလာပြီဆိုရင် ထလမ်းလျှောက်တာ၊ အကြောအချဉ်ပြေအောင် လေ့ကျင့်ခန်းနည်းနည်းပါးပါး လုပ်တာတွေ လုပ်ပေးသင့်ပါတယ်။ မကြာခဏ ဖြစ်နေရင်၊ နာကျင်ရောင်ရမ်းနေရင်တော့ လိမ်းဆေး လိမ်းပေးသင့်ပါတယ်။

မေး ။ ဖုန်း၊ ကွန်ပျူတာ အသုံးများရာကဖြစ်တဲ့ လက်ချောင်းနာကျင်တာ၊ လက်အံသေတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ ။ ကိုယ်လုပ်နေရတဲ့ အလုပ်ကလည်း ကွန်ပျူတာစာစီစာရိုက်လုပ်ရတာ၊ ဖုန်းပွတ်ရတာဖြစ်တယ်၊ နေ့တိုင်း လက်ချောင်းနာကျင်တာ၊ လက်အံသေတာကို ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင် ပြသပြီး အကောင်းဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်အလုပ်မှာ လက်ချောင်းသုံးရတဲ့ အလုပ်ကို နည်းနည်း နားနားနေနေ လုပ်ဆောင်ပြီး တတ်နိုင်သမျှ လက်ချောင်းလေးတွေကို နှိပ်နယ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top