Healthy Life Ad
Life Style

အစားချို့ယွင်း စိတ်ဝေဒနာများ (၃) ‘အပိန်ကြိုက်ရောဂါ၏ အကြောင်းရင်းများ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အပိန်ကြိုက်ရောဂါ(ခံတွင်းပျက်စိတ်ရောဂါ) (Anorexia Nervsa)နဲ့ အစားကြူးရောဂါ (Bulimia Nervosa) တွေအကြောင်းကို ဆေးကျောင်းသားတွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ Healthy Life Journal အတွဲ(၁၃၀)နဲ့ (၁၃၁)။

ဝတဲ့အထဲမှာ မပါဝင်ပေမယ့် သူ့ကိုယ်သူ ဝတယ်လို့ ထင်မြင်ယူဆပြီး ပိန်ချင်စိတ်ပွားများနေတဲ့ ဆေးကျောင်းသူ ဂျက်စီကာရဲ့ မေးခွန်းကို စာရေးသူက ဖြေကြားပါတယ်။

“မိန်းကလေးတွေထဲမှာ ၄၂ ရာခိုင်နှုန်းကျော်ဟာ သူတို့ခန္ဓာကိုယ်က ဝနေတာ မဟုတ်ပေမယ့် ပိန်ချင်တဲ့ ဆန္ဒပြင်းပြနေတာကို လေ့လာသိရှိရတယ်။ ဂျက်စီကာက အဲဒီလိုဖြစ်နေတာပါ။ ဆူဆန်လို ခံတွင်းပျက်စိတ်ရောဂါအထိ ဖြစ်ပွားလာတာတော့ ဟုတ်မယ်မထင်ပါဘူ”

ဂျက်စီကာက သူ့ခံစားချက်ကို ပြောပြပါတယ်။ “ကျွန်မ နားလည်ပါတယ်ဆရာ။ ဒါပေမဲ့ ဆူဆန် ခံစားနေရတဲ့ ရောဂါအကြောင်းကိုကြားရတော့ ဒီရောဂါမျိုး ကျွန်မမှာဖြစ်ပေါ်လာမှာကို ပိုပြီးကြောက်စိတ်ဝင်လာတာပါ”

စာရေးသူက ဆေးကျောင်းသားအားလုံးကို ခြုံကြည့်လိုက်ပြီး သတိပေးစကားပြောတယ်။ “ဆေးကျောင်းသားတွေထဲမှာ ဖြစ်ပွားတတ်တဲ့ စိတ်ဝေဒနာတစ်ခုရှိတယ်။ “ဆေးကျောင်းသားစိတ် ဝေဒနာ” (Medical Student Syndrome)လို့ ခေါ်ပါတယ်။ မိမိ စတင်လေ့လာရတဲ့ရောဂါမျိုး မိမိကိုယ်တိုင် ခံစားနေရသလိုဖြစ်ခြင်း ဒါမှမဟုတ် အဲဒီလိုရောဂါမျိုး မိမိမှာဖြစ်ပွားလာမှာကို စိုးရိမ်စိတ်လွန်ကဲလာခြင်း ဖြစ်ပါတယ်။ ဂျက်စီကာ အဲဒီအချက်ကို သတိထားရမယ်။ ခံတွင်းပျက်စိတ်ရောဂါဖြစ်ပွားဖို့က ပိန်ချင်တဲ့ စိတ်ဆန္ဒအပြင် တခြားအကြောင်းရင်းတွေနဲ့ တိုက်ဆိုင်ဖို့လိုအပ်ပါတယ်”

“ရှင်းပြပါဆရာ”

“ဂျက်စီကာ အဖြေမပေးချင်ရင် ရပါတယ်။ ဂျက်စီကာရဲ့ မိသားစုထဲမှာ ခံတွင်းပျက်စိတ်ရောဂါ ဖြစ်ပွားဖူးသူရှိသလား”

“မကြားမိပါဘူးဆရာ”

“အဲဒီတော့ ဒီရောဂါဖြစ်ပွားဖို့ အကြောင်းရင်းတစ်ခု လျော့နည်းသွားတာပေါ့။ ဘာကြောင့်လဲ။ (၁) ခံတွင်းပျက်စိတ်ရောဂါက မျိုးရိုးလိုက်ပြီး ဖြစ်ပွားတတ်တယ်။ မိသားစုဝင်ထဲမှာ ခံတွင်းပျက်ရောဂါ ခံစားရတဲ့ ရာဇဝင်ရှိရင် ကျန်မိသားစုတစ်ဦးဦးမှာ အလားတူရောဂါဖြစ်ပွားဖို့ အလားအလာ ၇ ဆမှ ၁၂ ဆအထိ ပိုမိုများပြားလာတာ တွေ့ရှိရတယ်။ အမြွှာပူးညီအစ်မတွေကို လေ့လာထားတာရှိတယ်။ အမြွှာပူးညီအစ်မတွေကို လေ့လာထားတာရှိတယ်။ အမြွှာပူးတစ်ဦး(မျိုးဥတူအမြွှာပူး) ခံတွင်းပျက်စိတ် ရောဂါရရှိရင် ကျန်အမြွှာပူးတစ်ယောက်မှာ အလားတူရောဂါ ဖြစ်ပွားနှုန်းက ၅၈ ရာခိုင်နှုန်းမှ ၇၆ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါပေမဲ့ ခံတွင်းပျက်စိတ်ရောဂါဖြစ်ပွားဖို့ ပတ်ဝန်းကျင်အခြေအနေအကြောင်းရင်းတွေလည်း ရှိသေးတယ်”

“ပြောပြပါဆရာ”

“(၂) မွေးဖွားတဲ့အချိန်မှာ ဦးခေါင်းဒဏ်ပိလို့ ဦးခေါင်းဖူးရောင်ခြင်း၊ လမစေ့ခင် မွေးဖွားခြင်း၊ မွေးဖွားစ ကိုယ်ပေါင်ချိန် နည်းလွန်းခြင်း စတဲ့ အချက်အလက်တွေကို ခံတွင်းပျက်စိတ်ရောဂါနဲ့ အစားကြူးရောဂါဖြစ်ပွားသူတွေမှာ ပိုမိုတွေ့ရှိရတယ်”

ဂျက်စီကာက သူ့ကိုမမေးပေမယ့် ကြားဖြတ်ပြီး အဖြေပေးနေပါတယ်။ “အဲဒီအချက်တွေ ရှိ၊ မရှိတော့ ကျွန်မ သေသေချာချာ မသိဘူး ဆရာ”

“ဆရာ ရှင်းပြနေတဲ့ အချက်အလက်တွေက ဂျက်စီကာနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဂျက်စီကာ အဖြေပေးဖို့ မလိုပါဘူး။ လူနာကို ဆေးစစ်နေသလို ဖြစ်နေမှာစိုးလို့ပါ။

နံပါတ် (၃) ငယ်စဉ်ဘဝမှာ ရိုက်နှက်ညှင်းဆဲတာ ခံရရင်၊ လိင်အဓမ္မပြုကျင့်တာခံရရင် အရွယ်ရောက်လာတဲ့အခါ ဒီလိုရောဂါမျိုး ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားလာပါတယ်။ အစာချို့ယွင်းဝေဒနာရှင် ၅၀ ရာခိုင်နှုန်းက ငယ်စဉ်က ညှင်းပန်းနှိပ်စက် အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ အတွေ့အကြုံရှိပါတယ်။

နံပါတ်(၄) အချက်က စိတ်နေသဘောထား ကိုယ်ရည်ကိုယ်သွေးနဲ့ သက်ဆိုင်ပါတယ်။ စိတ်အစွဲအလမ်းကြီးခြင်း၊ စည်းကမ်းကြီးလွန်းခြင်း၊ အကောင်းဆုံးအခြေအနေကိုမှ လက်ခံလိုစိတ်ရှိခြင်း စတဲ့ စိတ်ဓာတ်အခြေခံရှိသူတွေထဲမှာ ခံတွင်းပျက်စိတ်ရောဂါ ဖြစ်ပွားနှုန်းပိုမိုများပြားတယ်။ စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်လိုက်မာန်ပါလုပ်တတ်ခြင်း၊ တဇွတ်ထိုးတုန့်ပြန်ပြုမူတတ်ခြင်း စတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာရှိသူတွေထဲမှာ အစားကြူးရောဂါဖြစ်ပွားနှုန်းများပြားတာ တွေ့ရှိရပါတယ်”

ဆေးကျောင်းသားတွမ်က ကြားဖြတ်ပြီးပြောပြတယ်။ “ဆူဆန်က အသန့်ကြိုက်တတ်သူ၊ စည်းကမ်းကြီးသူလို့ ဆေးမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်”

အနောက်တိုင်းနိုင်ငံတွေမှာ အမျိုးသမီးဆိုတာ ပိန်ပိန်ပါးပါးဖြစ်နေမှ လှတယ်၊ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အယူအဆရှိတယ်။ အဲဒီအယူအဆက ရုပ်ရှင်၊ ဗီဒီယို၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာနဲ့ ဒစ်ဂျစ်တယ်မီဒီယာစတဲ့ လူမှုဆက်သွယ်ရေး ရေစီးကြောင်းမှတစ်ဆင့် အမျိုးသမီးတွေရဲ့ စိတ်ဆန္ဒကိုလွှမ်းမိုးနေတယ်။ အမျိုးသမီးထုထဲမှာ မော်ဒယ်တွေလို ခန္ဓာကိုယ် ပိန်ပိန်ကပ်ကပ်ကလေးရချင်တဲ့ စိတ်ဖြစ်ပေါ်အောင် အားပေးတယ် . . .

စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“နံပါတ်(၅)အချက်ကတော့ လူမှုပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုဖြစ်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ အမျိုးသမီးဆိုတာ ပိန်ပိန်ပါးပါးဖြစ်နေမှလှတယ်၊ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အယူအဆရှိတယ်။ အဲဒီအယူအဆက ရုပ်ရှင်၊ ဗီဒီယို၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာနဲ့ ဒစ်ဂျစ်တယ်မီဒီယာစတဲ့ လူမှုဆက်သွယ်ရေး ရေစီးကြောင်းမှတစ်ဆင့် အမျိုးသမီးတွေရဲ့ စိတ်ဆန္ဒကို လွှမ်းမိုးနေတယ်။ အမျိုးသမီးထုထဲမှာ မော်ဒယ်တွေလို ခန္ဓာကိုယ်ပိန်ပိန်ကပ်ကပ်ကလေးရချင်တဲ့ စိတ်ဖြစ်ပေါ်အောင် အားပေးတယ်။ ဒါကြောင့် ခံတွင်းပျက်စိတ်ရောဂါဖြစ်ပွားဖို့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ဆေးပညာရှင်တချို့က သုံးသပ်ထားပါတယ်။ မော်ဒယ်သင်တန်းနဲ့ ဘဲလေးအက သင်တန်းသူတွေထဲမှာ အပိန်ကြိုက်ရောဂါဖြစ်ပွားမှုနှုန်းတွေ များပြားတာကို သာဓကအဖြစ် ထောက်ပြပါတယ်။

ဒါပေမဲ့ မီဒီယာဆက်သွယ်ရေးကွန်ရက်ရဲ့လွှမ်းမိုးမှုခံရတဲ့ အမျိုးသမီးတိုင်း ပိန်ချင်တဲ့ စိတ်ဆန္ဒဖြစ်ပေါ်လာတာကို မတွေ့ရှိရဘူး။ ပိန်ချင်တဲ့ စိတ်ဆန္ဒရှိသူတိုင်းလည်း ခံတွင်းပျက်စိတ်ရောဂါ ခံစားလာရတာမဟုတ်ဘူးလို့ ချေပသူတွေလည်း ရှိပါတယ်”

ဆေးကျောင်းသူဂျက်စီကာက အားတက်သရောမေးမြန်းတယ်။ “ဒါကြောင့် အကြောင်းရင်းအမျိုးမျိုးတိုက်ဆိုင်မှ ဒီရောဂါဖြစ်လာတာလို့ ဆရာပြောခဲ့တာလား”

“မှန်ပါတယ်။ အကြောင်းရင်းအမျိုးမျိုးရဲ့ ဒဏ်က ဦးနှောက်ထဲမှာ ပြောင်းလဲမှုဖြစ်ပေါ်စေပါတယ်။ ခံတွင်းပျက်စိတ်ရောဂါ ခံစားနေရသူတွေထဲမှာ စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဦးနှောက်အင်္ဂါပိုင်းလုပ်ငန်းတချို့ မူမမှန်တာကို တွေ့ရှိရတယ်”

ဆေးကျောင်းသားတွမ်က ကြားဖြတ်မေးပါတယ်။ “ခံတွင်းပျက်စိတ်ရောဂါမှာ ဦးနှောက်ပိုင်းတချို့ ပျက်စီးချို့ယွင်းနေတယ်ဆိုရင် ဆူဆန့်အတွက်မျှော်လင့်ချက်ရှိပါ့မလား ဆရာ”

“ဒီလိုလည်း မယူဆသင့်ဘူး။ ဦးနှောက်က အခြေအနေနဲ့ လိုက်ဖက်အောင် ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်။ ခံတွင်းပျက်စိတ်ရောဂါ ကုသမှု ခံယူဖူးတဲ့ လူနာတွေကို ၁၀ နှစ်ကြာ ရေရှည်လေ့လာထားတာရှိတယ်။ အဲဒီလူနာတွေထဲမှာ ၂၅ ရာခိုင်နှုန်းက ၁၀ နှစ်အတွင်း ရောဂါလုံးလုံးလျားလျား ပျောက်ကင်းသွားတယ်။ ၅၀ ရာခိုင်နှုန်းကတော့ ရောဂါမပျောက်ကင်းသေးပေမယ့် သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်။ ပုံမှန်တာဝန်တွေကို လုပ်ကိုင်နိုင်တယ်။ ကျန် ၂၅ ရာခိုင်နှုန်းကသာ ရေရှည်ရောဂါ ခံစားနေရတာပါ။ သူတို့အထဲမှာ ၇ ရာခိုင်နှုန်းကတော့ ခံတွင်းပျက်စိတ်ရောဂါကြောင့် အသက်ဆုံးရှုံးရတာရှိပါတယ်။ ကုသမှုကို လက်ခံမယ်ဆိုရင် ဆူဆန်အဖို့ မျှော်လင့်ချက်အများကြီး ရှိပါတယ်”

“ဆူဆန်ကို စိတ်ရောဂါကုသဆောင်မှာ အတွင်းလူနာအဖြစ် ကုသမှာလား ဆရာ”

“လက်ရှိရောဂါအခြေအနေအရ အတွင်းလူနာအဖြစ် ကုသဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ရောဂါ ကုသဆောင်မှာမဟုတ်ဘူး။ ဆူဆန်ကို ဆေးပညာကုသဆောင်အထူးခန်းမှာ ပြောင်းရွှေ့ကုသဖို့ စီစဉ်ထားပြီးပါပြီ”

“ဘာကြောင့်လဲဆိုတော့ ဆူဆန် ကိုယ်အလေးချိန်တိုးတက်လာဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်လာဖို့ အရေးကြီးပါတယ်။ ဒါမှ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်တယ်။ ဒါက နံပါတ်(၁) အချက်ပါပဲ။

တစ်ချိန်တည်းမှာ စိတ်ကုထုံးနဲ့ စတင်ကုသပေးရမယ်။ စိတ်ကုထုံးကို အောင်မြင်စွာ ကုသပေးနိုင်ဖို့ မိသားစုရဲ့ ကူညီပံ့ပိုးမှုလိုအပ်ပါတယ်။ မိသားစုပတ်ဝန်းကျင် အခြေအနေတွေကို သုံးသပ်ပြုပြင်ပေးရမယ်”

ဆေးကျောင်းသူက မေးမြန်းပါတယ်။ “စိတ်ကုထုံးကို ပြောပြပါဆရာ”

“အသုံးပြုနိုင်တဲ့ စိတ်ကုထုံးတွေကို အကြမ်းသဘောပြောပြမယ်။

(က) အတွေးအခေါ်ပြောင်းလဲပေးတဲ့ကုထုံး။ ဒါကတော့ ပိန်ကပ်နေပေမယ့် ဝလွန်းတယ်လို့ ထင်နေတဲ့ ဆူဆန်ရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်ကို ပြုပြင်ပေးဖို့ ဖြစ်ပါတယ်။

(ခ) အပြုအမူကုထုံး-ဒါကတော့ ကိုယ်အလေးချိန်ကျအောင် အားထုတ်ဆောင်ရွက်နေတဲ့ ဆူဆန်ရဲ့ အပြုအမူတွေကို သက်သာပျောက်ကင်းအောင် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်”

“သောက်ဆေးသုံးနိုင်သလား ဆရာ”

“ခန္ဓာကိုယ်က ဆေးဒဏ်ကို ခံနိုင်လာရင် အသုံးပြုတဲ့ ဆေးတွေရှိရပါတယ်။ ဥပမာ- cyproheptadine (Periactin) ဆေးက အစာစားချင်စိတ်ကို အားပေးနိုင်တယ်။ ခံတွင်းပျက်စိတ်ရောဂါရှင် ၅၀ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါ ပူးတွဲတွေ့ရှိရတယ်။ အဲဒီလို လူနာတွေအတွက် (Fluoxetine)လို စိတ်ကျရောဂါကုသဆေးကို အသုံးပြုနိုင်ပါတယ်။ မိမိခန္ဓာကိုယ်က ဝလွန်းနေတယ်လို့ စွဲမြဲယုံကြည်နေတဲ့ အယူမှားကို သက်သာစေဖို့ စိတ္တဇရောဂါကုသဆေး (Antipsychotic) တချို့ကို အသုံးပြုတာလည်း ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top