Healthy Life Ad
Child

မွေးစကလေး မေးခိုင်ရောဂါ (Neonatal Tetanus)

ဒေါက်တာတင့်ဆွေ

ဆေးခန်းမှာကြော်ငြာကပ်ထားရသလို၊ ဆရာမတွေကိုလည်း သင်ထားတယ်။ မွေးလူနာများ “ဗိုက်ဆက်တိုက်နာရင်၊ အရည်ဆင်းရင်၊ သွေးဆင်းရင် ဖုန်းဆက်ပါ”လို့။

“မွေးလူနာရှိတယ်ဆရာ၊ ဗိုက်နာနေလို့”

“သားဦးလား၊ အရင်မွေးဖူးလား။ ဘယ်တုံးက စနာတာတဲ့လဲ”။ (လူနာအများစုက ဗမာမဟုတ်လို့ တချို့က သားဦးဆိုရင် သိပ်နားမလည်ဘူး။) ဖုန်းဆက်တဲ့လူကို မေးခွန်းနှစ်ခုမေးပြီး၊ အဖြေရတာနဲ့ လုပ်နေတဲ့အလုပ်ကိုဖြတ်ပြီး၊ လူနာကို အခုလာခိုင်းရမလား၊ နည်းနည်းစောင့်လို့ရသေးလားဆိုတဲ့ အဆုံးအဖြတ်ကို ချရပါတယ်။

မွေးလူနာရဲ့မှတ်တမ်းစာအုပ်လေးကို ဆရာမ တယောက်က အဆင်သင့်ရှာထားပေးတယ်။ မွေးလူနာမှန်သမျှ (အေ-အင်န်-စီ)ခေါ်တဲ့ မမွေးမီစောင့်ရှောက်ခြင်း (ဗိုက်အပ်) လာတုန်းက မှတ်ထားရတာတွေကို တသမတ်တည်း သင်ပေးထားတာမို့ ဆရာမ အားလုံး တတ်နေကြပါပြီ။ LMP (နောက်ဆုံးရာသီ လာတဲ့ရက်) ၊ EDD (ခန့်မှန်းမွေးမည့်ရက်)၊ (ကိုယ်ဝန်ဆောင်တဲ့အကြိမ်ပေါင်း)၊ G (အရှင်မွေး ကလေးပေါင်း)ဆိုတာတွေကို သူတို့လက်ရေးလေးတွေနဲ့ စာအုပ်အဖုံးမှာ ဖတ်နိုင်ပါတယ်။

နောက်ဆုံးရာသီလာတဲ့ရက်ထဲ ၉ လနဲ့ ခုနစ် ရက်ပေါင်းထည့်ရင် မွေးမဲ့ရက်ရရော။ ဒါက သိပ်ခေါင်းသုံးဖို့မလိုသေး။ သူတို့ မျက်မှောင်ကုပ်ကြတာကတော့ “မနုတ်လောက်တလချေး” လုပ်ရပြီဆိုရင်တော့ တချို့သင်္ချာအားနည်းရင် ဂဏန်းသင်သလို သင်ပေးရတယ်။ သူတို့တတွေ ခေါင်းအစားဆုံး ကတော့ လူနာမှာ အာလ်ထွာဆောင်း (Ultrasound) ရိုက်ထားတာ ပါလာပြီဆိုရင် ပြဿနာတက်ကြပြီ။

အာလ်ထွာ-ဆောင်း (Ultrasound) က ရိုက်တဲ့နေ့မှာရှိတဲ့ သန္ဓေသားရဲ့အသက်ကို ဘယ်နှစ်ပတ် နဲ့ ဘယ်နှစ်ရက်ရှိပြီလို့ ရေးပေးလိုက်တာကိုး။ ဆိုပါတော့ ၅ လကိုယ်ဝန်ဆိုရင် 20 weeks and 3 days လို့ တိတိကျကျရေးတာ။ ဆေးခန်းမှာ သင်ထားတာက (ရက်၊ လ၊ နှစ်၊)မို့ ရက်ရက်ချင်း၊ လလချင်း၊ နှစ်နှစ်ချင်းဆိုတာပဲ ပေါင်းရ-နုတ်ရမှာဆိုတော့ ရက်သတ္တပတ်ဆိုတာကြီးနဲ့ ခေါင်းရှုပ်ကြရော။ အာလ်ထွာ-ဆောင်း (Ultrasound) မှာရေးတဲ့ ရက်သတ္တပတ်ကို တလ ၄ပါတ်ထားပြီး လဖွဲ့ဖို့ ၄ နဲ့စား၊ ကျန်တာကို ရက်ဖွဲ့ဖို့ ၇ နဲ့မြှောက်။ ရက်ရက်ချင်း၊ လလချင်း၊ နှစ်နှစ်ချင်းနုတ်လိုက်ရင် ရရောမဟုတ်လား။ ဘာလို့နုတ်ရလဲဆိုတော့ အာလ်ထွာ-ဆောင်း (Ultrasound) မရိုက်ခင် အဲဒီရက်ကစပြီး ကလေး ရှိတာမို့ပေါ့။ အရင်ကဖြစ်ခဲ့တာမို့ နုတ်ရတာလေ။

ပြီးတော့ အာလ်ထွာ-ဆောင်း (Ultrasound) မှာ မွေးမဲ့ရက် တွက်ပေးမထားရင် ၉လ နဲ့ ၇ ရက် ထည့်ပေါင်း။ လူနာပြောတဲ့ရက်ကို တွက်ရတာနဲ့ နည်းနည်းကွာနိုင်တယ်။ ဒါ့ကြောင့်လဲ အီး-ဒီ-ဒီ (EDD) ဆိုတဲ့ မွေးရက်ဟာ အနည်းဆုံး ရှေ့တစ်ပတ်၊ နောက်တစ်ပတ်လွဲနိုင်တယ်လို့ ပြောထားတယ် မဟုတ်လား။ “ကိုးလလွယ်-ဆယ်လဖွား” ဆိုတာ တိတိကျကျပြောရင် ရက်ပေါင်း ၂၈၀၊ ၄၂ ပတ်ပါ။ ဒါပေမဲ့ ၃၇ ပတ်ကစပြီးလည်း အကောင်းမွေးနိုင်ပါတယ်။

ကဲ မွေးလူနာလာရင် ဘာတွေလုပ်မလဲ။ အတန်းပညာအခြေခံရှိပြီး၊ ချက်ချက်ခြာခြာ ဆရာမ ဆိုရင်ဖြေမယ်။ လူနာရာဇဝင်(History)မေးမယ်။ ဘယ်တုန်းက စနာတာလဲ။ အရည်ဆင်းသလား။ သွေးဆင်းသလား။ ထပ်မေးရဦးမယ်လေ၊ မွေးဖူးတယ်ဆိုရင် အရင်ကလေးတုန်းက မွေးရတာလွယ်လား။ အိမ်မှာပဲ မွေးတာလား၊ ဆေးခန်း-ဆေးရုံမှာလား။ မွေးလမ်းချဲ့ရသလား။ ညှပ်ဆွဲရလား။ ဆေးသွင်းရသေးလား။

လုပ်ပါဦး၊ တို့ဆီရောက်လာတော့ ဘာလုပ်ပေးကြမလဲ။

ဘီ-ပီ(သွေးဖိအား Blood Pressure) တိုင်းမယ်။ ပတ်လ်စ် (Pulse) စမ်းမယ်။ ဆီးမစစ်ရသေးရင် စစ်မယ်။ နောက် ဗိုက်စမ်းမယ်။ ပြီးရင် (ဗွီ-အီး) လုပ်မယ်၊ (မွေးလမ်းကြောင်းစမ်းမယ်)။

ကျန်သေးတယ်၊ ဘာလုပ်ပေးသင့်သလဲ။ လိုအပ်ရင် ဝမ်းချူပေးရမယ်။ ဝမ်းချူပေးရတာ ဘာအကျိုးတွေရမလဲ၊ နှစ်မျိုးရှိတယ်နော်၊ ပြောစမ်းဦး။ မေ့နေရင် ပြန်ပြောမယ်။

(၁) ကလေးမွေးနေတုန်း သန့်ရှင်းမယ်။ နောက်ပြီး

(၂) မြန်မြန်လည်း မွေးစေနိုင်တယ်။

စဉ်းစားကြည့်နော်။ ဒါက ကလေးခေါင်း၊ ခေါင်းခွံရှိလို့ မာမာကြီး။ သူ့ရှေ့မှာ (လူနာအိပ်နေရင် အပေါ်မှာပေါ့)၊ ဆီးစပ်ရိုးနဲ့ ဆီးအိမ်ရှိတယ်။ နောက်က (အိပ်နေရင် အောက်ကပေါ့) အစားဟောင်းအိမ်နဲ့ မီးညှောင့်ရိုးရှိတယ်။ အဲတော့ ဆီးအိမ်မှာ ဆီးမရှိ၊ အစာဟောင်းအိမ်မှာ အစာဟောင်း (ဝမ်း) မရှိမှ ကလေးက ကောင်းကောင်းထွက်လာမှာပေါ့။ ဒါ့ကြောင့် လူနာကို ဆီးသွားခိုင်း၊ လမ်းမလျှောက်ခိုင်းတော့ရင် ဆီးချူပေး။ မမွေးခင် ဝမ်းချူပေးရတာပေါ့။

လမ်းကို ဘယ်တော့ အလျှောက်ရပ်ခိုင်းမလဲ။ လူနာကသိပ်နာနေပြီဆိုရင်၊ နောက်ပြီး ရေမွှာ ပေါက်သွားရင်၊ သွေးဆင်းနေရင် လမ်းမလျှောက်ခိုင်းနဲ့တော့။ (အေတီတီ)ဘယ်နှစ်ခါထိုးပြီးလဲ မေးပါဦး၊ ကာကွယ်ဆေးပြောတာ။ ဟုတ်ပြီ ကာကွယ်ဆေးဆိုတာဘာပြောတာလဲ။ မေးခိုင်ကာကွယ်ဆေး။ ဘယ်နှစ်ခါထိုးရလဲ။ မမွေးခင်နှစ်ခါ၊ တခါနဲ့တခါ တလခြား။

ကဲ မွေးလူနာက စောင့်ရဦးမယ်။ ပြောပါဦး။ ဘာလို့ (အေတီတီ)ထိုးရတာလဲ။ ကြားဖူးတယ်နော် မေးခိုင်ရောဂါဆိုတာ။ (တက်တဲနပ်စ်) အတော်ဆိုးတဲ့ရောဂါ။ ဖြစ်ရင် တကမ္ဘာလုံးစာရင်းအရတော့ သုံးယောက်တစ်ယောက်သေတယ်တဲ့။ ဆရာ့အတွေ့အကြုံအရ ဗမာပြည်မှာ တောတွေမှာပေါ့။ လူကြီးဖြစ်ရင် ၅၀ ရာခိုင်နှုန်း၊ မွေးစကလေးဖြစ်ရင် ရာနှုန်းပြည့်နီးပါး သေတာပဲ။ မွေးမယ့်ကလေးကို အခုလို မအေကို (အေတီတီ) နှစ်ခါထိုးထားရင် မေးခိုင် မဖြစ်နိုင်တော့ဘူး။ မဖြစ်တော့ဘူးဆိုပြီး ပေါ့တော့ မပေါ့နဲ့။

ကလေးချက်ကြိုးဖြတ်ချိန်မှာ ဘာပိုးမှမဝင်နိုင်အောင် ဆရာ-ဆရာမတွေက လက်ဆေးထား၊ လက်အိပ်စွပ်ထား၊ နှာခေါင်းစည်းစည်းထားရမယ်။ ချက်ကြိုးကို ညှပ်မဲ့ (စပွန့်ချ်-ဖေါ့ဆက်)ဖြစ်ဖြစ်၊ သွေးကြောညှပ် (အာထရီ-ဖေါ့ဆက်) ဖြစ်ဖြစ်၊ နောက်ဖြတ်မဲ့ ကပ်ကြေးတွေကို ရေနွေးပြုတ်ရတာ အဲဒါကြောင့်။ အခုခေတ်မှာ ချက်ကြိုးကိုညှပ်ဖို့ (ကလစ်ပ်)က တခါသုံးမို့ အဆင်ပြေတယ်။ တောထဲမှာဖြစ်ဖြစ်၊ (ကလစ်)မရှိတဲ့နေရာမှာဆိုရင် အပ်ချည်ကြိုးကိုပဲ ခပ်တုတ်တုတ်ကျစ်ပြီး ပိုးသေအောင် ရေနွေးပြုတ်၊ အရက်ပြန်စိမ်ပြီးသုံးရတယ်။

မေးခိုင်ဖြစ်တာကို ဘယ်လိုလုပ်သိမလဲဆရာ။

ဒီလိုကွ၊ မေးခိုင်ဆိုတာ မေးခိုင်တာပဲ။ မေးမှာ စားဖို့၊ ဝါးဖို့၊ ကလေးဆိုရင် နို့စို့ဖို့၊ ကြွက်သားတွေ ရှိတယ်။ မေးခိုင်ပိုးဆိုတာက ကြွက်သားတွေကို ထိခိုက်တာကိုး။ မေးက ကြွက်သားတင်မကဘူး၊ ရှိရှိသမျှ ကြွက်သားတွေလိုက် ဒုက္ခပေးတာ။ အမှန်ကကြွက်သားကို အလုပ်လုပ်ပေးတဲ့အာရုံကြောကို ထိတာပါ။ ဗိုက်မှာ (ဗယ်လီ)ဆိုတဲ့ ကြွက်သားရှိတယ်။ ဟောဒီလိုအထက်အောက်တန်းပြီးနေတာ၊ (ဝိတ်)မပြီး၊ ယောကျာ်း -မိန်းမသန်အောင်လုပ်ကြရတာ အဲဒီ ကြွက်သားပေါ့။ ဗိုက်ကြွက်သားတွေ ပြတ်ထွက်အောင်အထိဆိုးတာ၊ သေတဲ့လူကို ခွဲကြည်တော့ တွေ့တာမျိုး။

တကယ် မေးခိုင်ကြောင့်သေရတာက အသက်ရှူတဲ့အခါသုံးရတဲ့ ကြွက်သားတွေကိုထိရင်၊ နံရိုးတွေကြားက ကြွက်သားတွေ၊ လည်ပင်းကြွက်သားတွေ၊ နောက်ဗိုက်နဲ့ ရင်ခေါင်းပိုင်းကို ပိုင်းထား-ခြားထားတဲ့ (ဒိုင်ယာဖရမ်)ခေါ်တဲ့ ကြွက်သား။ အဲဒါတွေ တင်း-တောင့်ပြီး အလုပ်မလုပ်နိုင်တော့ရင် အသက်ရှူခက်ပြီး လူနာဆုံးရတော့တယ်။

မေးခိုင်ပိုးက အတော်အသက်ပြင်းတယ်။ ပိုးဆိုတဲ့အကောင်တွေကလည်း လူတွေလိုပဲ ရေကြည် ရာမြက်နုရာမှာနေချင်ကြတာ။ မေးခိုင်ပိုးက သူမကြိုက်တဲ့ အခြေအနေဆိုရင် ခေါင်းမြီးခြုံသလို၊ လိပ်ခေါင်းအထဲဝင်သလို၊ ဒါ့ထက်တောင် စွမ်းသေးတယ်။ တကိုယ်လုံးကို အခွံလိုမျိုးနဲ့ဖုံးထားပြီး ရှင်နေနိုင်တယ်။ (စပိုး)လို့ခေါ်တယ်။ ဟိုအရင်တုံးက ကျောက်ရောဂါဆိုတာရှိတယ်။ (စမော်လ်-ပေါက်စ်)ဆိုတာလေ။ အခုခေတ်ပျောက်သွားပြီ။ ကာကွယ်ဆေးတန်ခိုးပေါ့။ ဒီမေးခိုင်ရောဂါကြတော့ အဲလို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။

သင်ထားတယ်မဟုတ်လား။ အနာကိုသန့်ရှင်အောင် ဖြစ်ဖြစ်၊ ခွဲစိတ်မယ့်အခါဖြစ်ဖြစ် သန့်အောင်လုပ်ဖို့ သုံးရတာ (ဝမ်း-တူး-သရီး) ဆိုတာ ပြောပါအုံး။(ဝမ်း) က ဆပ်ပြာနဲ့ရေ၊ ရေချိုး-လက်ဆေး-ခြေဆေးပေါ့၊ (ဆက်ဗလွန်) (ဒက်တော)တို့လဲ သုံးနိုင်တယ်။ (တူး)က အရက်ပြန်၊ အလွယ်က (စပစ်ရစ်)လို့ခေါ်တာက အရက်၊ သောက်လို့ရတဲ့အရက်၊ တို့ဆေးခန်း-ဆေးရုံမှာ သုံးတာကြတမျိုး။ (မီသိုင်း) ဆိုတာထည့်ထားမှ၊ ဒါ့ကြောင့် (မီသိုင်လိတ်တက်-စပစ်ရစ်)လို့ခေါ်တယ်။ ဆရာ မုံရွာဆေးရုံမှာ တာဝန်ကျတုံးက ဆေးရုံဝန်ထမ်းတယောက်ရှိတယ်။ သူ့ကိုသနားလို့ ပိုက်ဆံနည်းနည်းပါးပါးပေးတာထက် အရက်ပြန်ပေးရင် သိပ်သဘောကျတယ်။ အရက်ပြန်ကို ဆားခပ်သောက်တယ်။ မကြာပါဘူး အရက်ကြောင့် ဆုံးသွားတယ်။

(သရီး)ဆိုတာဘာလဲ။ ဒီမှာတော့ (ဘီတာဒင်း) (ပိုင်ဗိုဒင်း)စသဖြင့်နာမည်တွေနဲ့ အညိုရောင် ဆေးရည်။ အမှန်က (အိုင်အိုဒင်း)ပေါ့။ (အိုင်အိုဒင်း)ကမှ အခုပြောနေတဲ့ မေးခိုင်ပိုးကို နိုင်တယ်။ တို့ကျောင်းမှာတုန်းက ဆရာတယောက်က သင်ပေးတယ်။ (အိုင်အိုဒင်း)မရှိရင် အနာကို မခွဲလေနဲ့တဲ့။ ကိုယ့်ကြောင့် ဒုက္ခရောက်နိုင်တယ်။ မေးခိုင်ကိုပြောတာ။ ကလေးချက်ကို သန့်သန့်ရှင်းရှင်း ညှပ်-ဖြတ်ပြီးရင်၊ (အိုင်အိုဒင်း) ထည့်ပေးရမယ်။ ချက်ကြိုးထိပ်၊ ချက်ကြိုး၊ ကလေးဗိုက်က ချက်ကြိုးထွက်တဲ့နေရာအားလုံးကို သုတ်ပေး။ ဆေးခန်းက ဆင်းသွားရင်လည်း အိမ်မှာ တစ်နေ့နှစ်ခါ ဂွမ်းသန့်သန့်လေးနဲ့ လက်ဆေးပြီး ဆေးထည့်ခိုင်းဖို့ (အိုင်အိုဒင်း)ကို ပုလင်းကလေးနဲ့ ထည့်ပေးလိုက်ရမယ်။

ကလေးမှာ မေးခိုင်ဖြစ်ပြီဆိုရင် နို့မစို့တာက စ သိမယ်။ ပါးစပ်ကိုစေ့ထားလို့ ဟပေးလို့တောင် မရဘူး။ ချွဲလေးတွေ ပါးစပ်က ထွက်လာမယ်။ ချွဲကြပ်တာပေါ့။ အသက်ရှူတာ ခက်နေတာကို အသားတွေပြာတာတာ ဖြစ်နေတာနဲ့ သိနိုင်တယ်။ နောက်ပြီး ကလေးဟာ တောင့်တင်းနေမယ်။ ခါးကလေး ကော့နေမယ်။ နည်းနည်းဖျားမယ်။ ကြာရင်

တက်လာမယ်။ သနားစရာသိပ်ကောင်းတယ်။ ၃ ရက် နောက်ပိုင်းမို့ သန္ဓေဘဝကသွေးတွေ ပျက်စီးပြီး၊ သွေးအသစ်လဲနေတာမို့၊ သွေးနီဥအပျက်တွေကြောင့် အသားတွေကလည်း ဝါနေမယ်။ အမှန်က တကိုယ်လုံး ဝါနေတာနော်။

နို့မစို့နိုင်ရင် နှာခေါင်းကနေ ပိုက်သေးသေးလေးနဲ့ နို့ရည်နဲ့ရေသွင်းပေးရမယ်။ အတက်သက်သာမယ့်ဆေး၊ အဖျားသက်သာမယ့်ဆေး စတာတွေပေးရမယ်။ မေးခိုင်ကုတဲ့ ဆေးဆိုတာလည်းရှိတယ်။ ထိုးပေးရမယ်။ ရှင်ဖို့အခွင့်အလမ်းနည်းပေမယ့် ကြိုးစားကုရမှာပေါ့။ ဒါ့ကြောင့် ကိုယ်ဝန်ရှိတုန်း (အေတီတီ) နှစ်ခါထိုးရတာနဲ့ ကလေးချက်ကြိုး ဂရုစိုက်ရတာဟာ ဘယ့်လောက်အရေးကြီးလဲဆိုတော့ ကလေးအသက်ကယ်ဖို့ဘဲ။

သိတဲ့လူတွေ၊ လက်လှမ်းမီတဲ့လူက (အေတီတီ) ထိုးနိုင်ကြပေမဲ့ တကမ္ဘာလုံးစာရင်းအရ ၃၀ ရာနှုန်းက မထိုးရဘူးသတဲ့။ ဆင်းရဲတဲ့နိုင်ငံတွေမှာပေါ့၊ ဆင်းရဲတဲ့နိုင်ငံတွေထဲမှာလဲ ဆင်းရဲတဲ့နေရာဒေသတွေမှာ မထိုးနိုင်ကြဘူး။ ဒါ့ကြောင့် ကလေး ၁၀ဝ မွေးရင် ၆ ယောက်မက မေးခိုင်ဖြစ်နေရတယ်။ တကမ္ဘာလုံးစာရင်းပြောတာ။ အခုနှစ်ကုန်ရင် မွေးစကလေး မေးခိုင်မဖြစ်စေရေးဆိုတာ လုပ်ဖို့လိုနေသေးတဲ့။ တိုင်းပြည် ၄၆ နိုင်ငံထဲမှာတို့နိုင်ငံလည်းပါနေတာ မဆန်းဘူး။အစားဆင်းရဲခြင်းနဲ့ အနေဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်သူများကို မျှော်ရင်း၊ အသိဆင်းရဲခြင်း လွတ်ရေးအတွက် ဒီစာကလေးရေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top