Healthy Life Ad
Life Style

ဗုံးဆန်ထိမှန်ခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဗုံးဆန်က ခန္ဓာကိုယ်ထဲမှာရှိနေရင် စိုးရိမ်ရပါသလားဆရာ။
ဖြေ ။ ဗုံးဆန်ရှိနေတဲ့နေရာက ခန္ဓာကိုယ်ထဲမှာ သွေးကြောနဲ့နီးသလား၊ အာရုံကြောနဲ့နီးသလား၊ အရိုးအဆစ်နဲ့နီးသလားစတဲ့ တည်နေရာပေါ်မူတည်ပါတယ်။ တချို့လူတွေမှာတော့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဗုံးဆန်ရှိနေပေမယ့် ဘာမှအန္တရာယ်မပေးဘဲ အသက်ရှင်နေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ ခန္ဓာကိုယ်ထဲဝင်တဲ့ ဗုံးဆန်ရဲ့ အရွယ်အစားပေါ်မှာလည်း မူတည်နေပါတယ်။

မေး ။ ခန္ဓာကိုယ်ထဲ ဗုံးဆန်ရှိ၊ မရှိ ဘယ်လိုစမ်းသပ်သိရှိနိုင်ပါသလဲဆရာ။
ဖြေ ။ ခန္ဓာကိုယ် အရေပြားနဲ့နီးတဲ့ အပေါ်ယံမှာ ဗုံးဆံရှိနေတယ်ဆိုရင်တော့ လက်နဲ့ စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲ ဗုံးဆန်ရှိ၊ မရှိ ဓာတ်မှန်ရိုက်ကြည့်ရင် သိနိုင်ပါတယ်။ ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ MRI နည်းတွေနဲ့လည်း သိရှိနိုင်ပါတယ်။

မေး ။ ဗုံးဆန်က ဆီးခုံနားမှာ ရှိနေရင် ခွဲစိတ်ဖယ်ထုတ် သင့်ပါသလား ဆရာ။
ဖြေ ။ ဆီးခုံနားမှာရှိနေရင် ဆီးသွားရတာ အနှောင့်အယှက်ဖြစ်နေပါက ဆီးအိမ်နဲ့နီးတဲ့အတွက် ဖြစ်နိုင်ရင် ခွဲစိတ်ဖယ်ထုတ်သင့်ပါတယ်။

မေး ။ ဗုံးဆန်က အရေပြားအောက်ရှိနေရင်ကော အန္တ ရာယ်ရှိပါသလား ဆရာ။
ဖြေ ။

ဗုံးဆန်က အရေပြားအောက်ရှိနေရင်တော့ အန္တရာယ်သိပ်မရှိပါဘူး။ ဒါပေမဲ့ ရှိနေတယ်ဆိုတော့ လူနာအနေနဲ့ စိုးရိမ်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ အရေပြားအောက်မှာ ဗုံးဆန်အကြာကြီးရှိနေရင်တော့ Infection (ပိုး) ဝင်တာနဲ့ အနာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အရေးပေါ်ခွဲစိတ်တာမျိုး မဟုတ်ပေမယ့် အဆင်ပြေတဲ့အချိန်ကျရင်တော့ ဗုံးဆန်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ရင် ပိုကောင်းပါတယ်။ ဗုံးဆန်က မျက်နှာ၊ ပါး၊ နှုတ်ခမ်းတွေမှာရှိနေရင်တော့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အလှအပထိခိုက်သွားနိုင်တဲ့အတွက် အဆင်ပြေတဲ့ အချိန်မှာ ခွဲစိတ်ဖယ်ထုတ်သင့်ပါတယ်။

မေး ။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ဗုံးဆန်က နေရာရွေ့နေတယ်ဆိုတာ ဟုတ်ပါသလားဆရာ။
ဖြေ ။ ဗုံးဆန်က ပြင်ပပစ္စည်း (Foreign Body) ဆို တော့ရွေ့နိုင်ပါတယ်။ လူတွေရဲ့အလုပ်အကိုင်၊ကြွက်သားတွေရဲ့လှုပ်ရှားမှုနဲ့ သွေးကြောတွေရဲ့လှုပ်ရှားမှုစတာတွေကြောင့် ရွေ့နိုင်ပါတယ်။ ဗုံးဆန်ရွေ့နေရင်းနဲ့ သွေးကြော၊ အာရုံကြော၊ အရိုးအဆစ်စတဲ့ နေရာတွေဆီရောက်သွားတဲ့အခါ နာကျင်လာနိုင်တယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေ ထိခိုက်သွားနိုင်ပါတယ်။ ဗုံးဆန်ကြောင့် သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောဆက်သွားပြီး A V fistula ဖြစ်တတ်ပါတယ်။

မေး ။ ဗုံးဆန်ဝင်တာချင်းအတူတူ ဘယ်လိုလူနာတွေကို ဦးစားပေးပြီးအရေးပေါ်ခွဲစိတ်ကုသရပါသလဲ ဆရာ။
ဖြေ ။ ဗုံးဆန်ကြောင့် ရုတ်တရက်ထိခိုက်ဒဏ်ရာရတဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ဦးစားပေးအရေးပေါ်ခွဲစိတ် ကုသရပါတယ်။ ဗုံးဆန်ကြောင့် ခန္ဓာကိုယ်မှာ သွေးဆုံးရှုံးမှုနည်းသမျှနည်းအောင် ဗုံးထိတဲ့ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေ သက်သာသွားအောင် ဦးစားပေးပြီး ကုသပါတယ်။

မေး ။ ဗုံးဆန်ကို ခွဲစိတ်ဖယ်ထုတ်ကုသတာက တခြားခွဲစိတ်ကုသမှုတွေနဲ့ ဘာကွာခြားမှုရှိပါသလဲဆရာ။
ဖြေ ။ ဗုံးဆန်ကို ခွဲစိတ်ဖယ်ထုတ်ကုသတဲ့အခါ အရင်ဦးဆုံးအနေနဲ့ လူနာအသက်ရှင်သန်ဖို့ ဦးစားပေးပြီး အရေးပေါ်ကုသပါတယ်။ လိုအပ်ရင် ထပ်မံခွဲရတာမျိုးလည်း ရှိပါတယ်။ ခွဲစိတ်ကုသပြီးတဲ့အခါမှာလည်း စောင့်ကြည့်နေရပါတယ်။ နောက်တစ်ချက်အနေနဲ့ ခန္ဓာကိုယ်မှာ ဗုံးဆန်သွားနိုင်တဲ့ လမ်းကြောင်းကိုလည်း ဂရုစိုက်ရပါတယ်။

မေး ။ ဗုံးဆန်ကိုခွဲစိတ်ဖယ်ထုတ်ကုသပြီးတဲ့အခါ လူနာအနေနဲ့ ဘယ်လိုဂရုစိုက်မှုတွေကို လိုက်နာဖို့ လိုအပ်ပါသလဲ ဆရာ။
ဖြေ ။ ဒါကတော့ ခွဲစိတ်တဲ့နေရာပေါ်မူတည်ပြီး ဂရုစိုက်ပေးရမှာပါ။ ဒီနေရာမှာ တခြားခွဲစိတ်မှုတွေနဲ့ တူပါတယ်။ ဆိုလိုတာက ဗိုက်ခွဲပြီးတဲ့ လူနာတွေ အနေနဲ့ အလေးအပင် မမရဘူးဆိုတဲ့ အချက်ကို လိုက်နာရသလိုပါပဲ။ ဗိုက်ထဲဝင်တဲ့ ဗုံးဆန်ကို ခွဲစိတ်ဖယ်ထုတ်ပြီးတဲ့အခါမှာလည်း ဗိုက်ခွဲပြီးလူနာတွေလို အလေးအပင်မမရဘူးဆိုတဲ့ အချက်ကို လိုက်နာရမှာပါ။

မေး ။ ဗုံးဆန်ထိမှန်တဲ့လူနာတွေကို ကုသမှုနဲ့ပတ်သက်ပြီး အများပြည်သူကို ဆရာပြောလိုတာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ဗုံးဆန်မှန်တဲ့အခါမှာ အသက်ကယ်ဖို့ကိုပဲ ဦးစားပေးရပါတယ်။ အသက်အန္တရာယ်နဲ့မနီးတဲ့ အပေါ်ယံဗုံးဆံကို ဖယ်ထုတ်ဖို့က အဓိကမကျပါဘူး။ အေးဆေးတဲ့အခြေအနေရောက်မှ ဗုံးဆန်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ရင်လည်း ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top