ဒေါက်တာတင့်ဆွေ
မေး – ကျွန်တော်က အစိုးရ ရုံးဝန်ထမ်းတစ်ယောက်ပါ။ Fistula-in-Ano (FIA) ဂရင်ဂျီနာရောဂါရဲ့ sign က ဘယ်လိုပါလဲခင်ဗျာ။ ကန်တော့ပါဆရာ။ ကျွန်တော်ရဲ့ စအိုဘေးကနေ အရေပြား ပွန်းသလိုမျိုး ဖြစ်နေပြီး စပ်ဖျင်းဖျင်းဖြစ်နေပါတယ်ဆရာ။ ဖြစ်တာ ၂ ရက်လောက်တော့ရှိနေပါပြီ။ ဝမ်းသွားရင်တော့ စအိုက နာတာတို့၊ ဘာတို့ မရှိဘူးဆရာ။ ဒါပေမဲ့ ခုန ပြောတဲ့ စပ်ဖျင်းဖျင်း ဖြစ်တဲ့နေရာက ချိုင့်ခွက်လို ဖြစ်နေတယ်။ ကျွန်တော်တာဝန်ကျတဲ့နေရာက မြို့နဲ့ ဝေးတယ်။ တကယ်လို့ (FIA) ဂရင်ဂျီနာဖြစ်တယ် ဆိုလည်း မခွဲစိတ်ဘဲ ဆေးသောက်၊ ဆေးထိုးကုလို့ရပါသလား။ နောက်ပြီး မြန်မာတိုင်းရင်းဆေးနဲ့ရော ကုလို့ရပါသလား။ ခွဲရင် ပိုက်ဆံအများကြီး ကုန်တယ်လို့လဲကြားဖူးတယ်။
ဂရင်ဂျီနာဆိုတာ ရှေးကတည်းက ရှိခဲ့တယ်။
လူ ၁ သိန်းမှာ ၉ ယောက်နီးပါး ဖြစ်ကြတယ်။ ယောကျာ်းက ၂ ဆဖြစ်တယ်။ အသက် ၄၀ နီးနီး (၃၈ ဒသမ ၃ နှစ်)မှာ အဖြစ်များဆုံးပါ။ ကလေးတွေ မှာလည်းဖြစ်ပါတယ်။ ဆေးပညာဖခင်ကြီး ဟပ်ပိုက ရေးတီးစ် (ဘီစီ ၄၆၀-၃၇၀) က ညွှန်းခဲ့ဖူးသလို၊ ပြင်သစ်ဘုရင် လူဝစ်-၁၄ (၁၆၃၈-၁၇၁၅) မှာ ဒီရောဂါ ရှိခဲ့တယ်။
ဝမ်းသွားပေါက် စအိုဘေးမှာ အနာပေါက်ရင် ကြီးကြီး-သေးသေး မပေါ့ပါနဲ့။ မရှက်ပါနဲ့။ ဖိထိုင်တော့ ပြည်- မန်းရည်-ငန်းရည်က ကောင်းကောင်း မထွက်နိုင်ဘူး။ ဒီတော့ အနာက အထဲမှာ လှိုက်စားမယ်။ အထဲဆိုတာ အဆီ၊ အသားတွေ လွန်သွားရင် ဝမ်းတွေကို လှောင်ထားတဲ့ အစာဟောင်းအိမ်အထိ ရောက်ပြီး၊ အထဲပေါက်တခု ဖြစ်လာမယ်။ အဲလို တူးမြောင်းလို ဖြစ်လာတာကို ဗမာလို အမျိုးမျိုး ခေါ်နေကြတယ်။ မြန်မာအဘိဓာန်က “ဂရင်ဂျီနာ” ရော “ဘရင်ဂျီနာ” လို့ပါ ရေးပါတယ်။ ဆရာတော် အရှင်သြဘာသာဘိဝံသ စီရင်တဲ့ သုတေသန သရုပ်ပြ အဘိဓာန်မှာ ဘဂန္ဓလာ “ဂယင်ဂျီနာ” လို့ ပုံနှိပ် ထားတယ်။ မြောင်းကနေ ဘေးကို လက်တံတွေ ထွက်နိုင်သေးတယ်။ ကွန်ကရစ်တွေနဲ့ မံထားတဲ့ မြောင်းမျိုးမဟုတ်ဘဲ၊ အနာနှုတ်ခမ်းသားလို မကျက်နိုင်တဲ့ အသားနုတွေသာ ဖြစ်တယ်။ စအိုအနားမှာ အပြင်ပေါက်က တခုမက ရှိသလို အထဲပေါက်ကလည်း များနိုင်တယ်။ များလွန်လွန်းလို့ တချို့ ကရွတ်ခွေနဲ့ ထိုင်ရတယ်။
စအိုဘေးမှာ အနာပေါက်လို့ မဟုတ်ဘဲလဲ ဖြစ်သေးတယ်။ ထိခိုက်ဒဏ်ရာ၊ စအိုကွဲနာ(FIA နောက်တမျိုး)၊ တီဘီ၊ ကင်ဆာ၊ ဓာတ်ကင်တာ၊ Steroid ဆေးပေးတာ၊ Chlamydia ပိုးဝင်တာတွေကနေပါ ဖြစ်တတ်တယ်။ HIV နဲ့လဲ ဆက်နေသေးတယ်။ Ulcerative colitis, Diverticulitis, Crohn’s disease တွေကြောင့်လည်း ဖြစ်နိုင်တယ်။
သေချာကြည့်ရင် အပြင်ပေါက်ကိုသာ မျက်စိနဲ့ မြင်ရမယ်။ ပြည်-မန်းရည်ဆိုတာ ထွက်လာလိုက် ပျောက်လိုက်၊ စအိုထဲ လက်ထည့် စမ်းနည်း PR exam လုပ်ရတယ်။ စအိုထိန်းကြွက်သားဝိုင်းနဲ့ အဆက်အစပ်ကို စစ်ဆေးရမယ်။ Goodsall rule ဆိုတာကို ခွဲစိတ်ဆရာဝန်တိုင်း အားကိုးကြရတယ်။ “အပြင်က ပြွန်ပေါက်ဟာ စအိုပေါက် ရှေ့ပိုင်း တဝက် မှာရှိရင် အထဲလမ်းဟာ မျဉ်းဖြောင့် စပုတ်တံလို သွားတယ်။” “စအိုပေါက် နောက်ပိုင်း တဝက်မှာရှိ ရင် မျဉ်းကောက်၊ မြင်းခွာပုံလို သွားမယ်။”
ဆင်တူယိုးမှား တခြားရောဂါတွေနဲ့ ခွဲခြားရမယ်။ Fissure in ano (FIA) စအိုကွဲနာ၊ Internal piles အတွင်းလိပ်ခေါင်း၊ External piles အပြင် လိပ်ခေါင်း၊ Periproctal abscess ပြည်တည်နာ၊ Anal polyp စအိုအသားပို၊ Sentinel tag အဝစောင့် အသားပို။
အနာ-အနာတွေက ပျောက်သွားလိုက် ပြန်ပေါ်လိုက်။ ပျောက်သွာတာ မဟုတ်ဘဲ မြုံနေတာပါ။ သူ့အလိုလို ပျောက်တယ်ဆိုတာမရှိပါ။ ဆေးကုပါ။
ကျွန်တော်တို့လို ဆရာဝန်တွေ သင်ကြ-သုံးကြတဲ့ ခွဲစိတ်နည်းတွေထဲမှာ အများဆုံးသုံးနည်းကတော့ Fistulectomy ပြွန်ကို အနာသစ်လုပ်၊ အသားနုကို အခြေကနေ အထက်တက် ကျက်စေတဲ့ နည်းပါ။ ပဋိဇီဝဆေး အရင် ပေးရတယ်။ မခွဲခင် တညနဲ့ မနက်ထ ဝမ်းခြူပေး၊ ခါးထုံဆေးနဲ့ ခွဲပါတယ်။ ခွဲပြီးစမှာ ကရိကထတော့ များမယ်။ ၂-၃ ရက် ရာဘာပိုက်တခု ထည့်ထားပေးပါမယ်။ လေလည်နိုင် အောင်ပေါ့။ အစာကို ရေ-အရည်၊ နောက် ဆန် ပြုတ်-စွပ်ပြုတ်၊ နောက်မှ ထမင်းစားခိုင်းတယ်။ ဝမ်းမဖြစ်အောင် ဆင်ခြင်ခိုင်းတာပါ။ နေ့တိုင်း ဆေးထည့်ပေးမယ်။ ကောင်းသွားပါလိမ့်မယ်။ အခြေခံ ရောဂါ ရှိရင်လည်း ကုရပါတယ်။
Fibrin glue injection ဆိုတဲ့ ဆေးထိုးကု နည်းလည်း သုံးလာကြတယ်။ Fistula plug က အဲဒါကို ပိုဆန်းသစ်ထားတဲ့ နည်းပါ။ ၈၀% အောင်မြင်တယ်လို့ဆိုပါတယ်။ Endorectal advancement flap စေနည်းက အထဲပေါက်ကို ပြုပြင်ပေးတဲ့ ခွဲစိတ်နည်း၊ Anal Fistula Plug နည်းကတော့ အပြင်ပေါက်ကို ပြုပြင်ပေးတဲ့ နောက်သုံး ခွဲစိတ်နည်းပါ။
“မုဆိုး စိုင်သင်” ဆရာဝန်တွေလည်း အကောင်းဆုံး ထင်တာနဲ့ ကုပေး၊ ပိုကောင်းတာတွေ့ရင် ပြင်ကြရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)