Healthy Life Ad
Life Style

ခေတ်စားလာသည့် ဟိုမိုစစ္စတင်း (Homocysteine) အကြောင်း

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. Homocysteine ဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ။

ဖြေ. Homocysteine ဆိုတာ ကိုလက်စထရောအသစ်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာ အတော်လေး ခေတ်စားလာပါတယ်။ ဟိုမိုစစ္စတင်းနဲ့ပတ်သက်ပြီး အချက်နှစ်ခုကို ပြောပြချင်ပါတယ်။

– နှလုံးသွေးကြောရောဂါဟာ ကမ္ဘာပေါ်မှာ နံပါတ်တစ်သေဆုံးစေတဲ့ ရောဂါဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးရဲ့ သေဆုံးမှု ၃၀ ရာခိုင်နှုန်းဟာ ဒီရောဂါကြောင့် ဖြစ်တတ်ပါတယ်။

– နှလုံးအမောဖောက်တာ (Heart Attack) အားလုံးရဲ့ ၈၀ရာခိုင်နှုန်းကျော်ဟာ ပုံမှန်ကိုလက်စထရောရှိသူတွေ ဖြစ်ကြပါတယ်။

– အရွယ်ရောက်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ နှလုံးရောဂါဖြစ်တဲ့ ပထမဆုံး လက္ခဏာက နှလုံးရောဂါထပြီး ရုတ်တရက်သေဆုံးတာကြောင့် ဖြစ်ပါတယ်။

မေး. ဟိုမိုစစ္စတင်းက နှလုံးသွေးကြောရောဂါနဲ့ ဘယ်လိုဆက်စပ်မှုရှိပါသလဲ ဆရာ။

ဖြေ. နှလုံးသွေးကြောရောဂါ ဖြစ်စေနိုင်တဲ့ အချက်တွေရှိပါတယ်။ ဒီအချက်တွေထဲမှာ ပြုပြင်လို့ရတဲ့ အချက်တွေနဲ့ ပြုပြင်လို့မရတဲ့အချက်တွေ ရှိပါတယ်။ ပြုပြင်နိုင်တဲ့ အဓိကအချက်တွေကတော့ သွေးတိုးတာ၊ သွေးတွင်းအဆီ ပုံမမှန်ဖြစ်တာ၊ ဆေးရွက်ကြီး မှီဝဲတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အဝလွန်တာ၊ ဆီးချို သွေးချိုရောဂါရှိတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်စားတာတို့ ဖြစ်ကြပြီး မပြုပြင်နိုင်တဲ့ အချက်တွေကတော့ အသက်ကြီးလာတာ၊ မျိုးရိုးလိုက်တာ ဒါမှမဟုတ် မိသားစုရောဂါရာဇဝင်ရှိတာ၊ လိင်အမျိုးအစားနဲ့ လူမျိုးတို့ ဖြစ်ကြပါတယ်။ အဓိက ဆိုးကျိုးတွေကတော့ သွေးထဲမှာ ဟိုမိုစစ္စတင်းအပိုရှိတာ၊ ရောင်ရမ်းတာ၊ ပုံမမှန်သွေးခဲတာ (ဥပမာ-ဖိုင်ဘရီနိုဂျင်)တို့ ဖြစ်ကြပါတယ်။ ဟိုမိုစစ္စတင်းဟာ နှလုံးသွေးကြောရောဂါအတွက် ဆိုးကျိုးဖြစ်တယ်လို့ လေ့လာမှုများစွာအရ သက်သေပြထားပါတယ်။

မေး. ဟိုမိုစစ္စတင်းက သွေးကြောအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ ဆရာ။

ဖြေ. ဟိုမိုစစ္စတင်းဓာတ်ဟာ နှလုံးသွေးကြောရောဂါ ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဟိုမိုစစ္စတင်းအဆင့်မြင့်တက်တာကြောင့် အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ်။

(၁) သွေးကြောအတွင်းမြှေးတွေမှာ ဓာတ်တိုးထိခိုက်မှုဖြစ်စေပါတယ်။

(၂) သွေးကြောအတွင်းမြှေး သက်သောင့်သက်သာရှိတာကို ထိခိုက်စေပါတယ်။

(၃) သွေးခဲတာကို ပြောင်းလဲစေပါတယ်။

သွေးထဲမှာ ဟိုမိုစစ္စတင်းအဆင့် မြင့်တက်တာကြောင့် သွေးလွှတ်ကြော အတွင်းသား မာကျောတဲ့ ရောဂါဖြစ်စေပြီး နှလုံးကိုထောက်ပံ့တဲ့ သွေးကြော၊ ဦးနှောက်ကိုထောက်ပံ့တဲ့ သွေးကြောနဲ့ တစ်ကိုယ်လုံးကို ထောက်ပံ့တဲ့သွေးကြောစတာတွေကို ထိခိုက်စေနိုင်ပါတယ်။

မေး. ဟိုမိုစစ္စတင်းနဲ့ တခြားရောဂါဝေဒနာတွေရဲ့ဆက်စပ်မှုကို သိပါရစေ ဆရာ။

ဖြေ. ဟိုမိုစစ္စတင်းအဆင့် မြင့်တက်တာက အရိုးပါးရောဂါ၊ တွေးခေါ်မြော်မြင်နိုင်စွမ်းထိခိုက်မှု၊ တွေးခေါ် ဆင်ခြင်နိုင်စွမ်း ကျဆင်းမှု၊ အမျိုးသမီးတွေနဲ့ မမွေးရသေးတဲ့ ကလေးတွေမှာ မီးမဖွားခင်နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ ဆီးချိုရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ တခြားအခြေအနေတွေနဲ့ သိသိသာသာ ဆက်စပ်မှုရှိနေပါတယ်။ ဟိုမိုစစ္စတင်းက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ဓာတ်တိုး LDL အဖြစ်ပြောင်းလဲပေးပါတယ်။ ဟိုမိုစစ္စတင်းဟာ သွေးခဲဖြစ်ပေါ်အောင် အားပေးပြီး သွေးခဲစေတဲ့အဆင့်ကို ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် နှလုံးရောဂါ အမောဖောက်နိုင်တဲ့ အန္တရာယ် (Heart Attack)ကို သုံးဆမြင့်မားစေတာ ဖြစ်ပါတယ်။

မေး. ဟိုမိုစစ္စတင်းက သွေးတွင်းကိုလက်စထရောများတာနဲ့ ဘယ်လို ဆက်စပ်မှုရှိပါသလဲ ဆရာ။

ဖြေ. နှလုံးသွေးကြောရောဂါ အန္တရာယ်ကို အကဲဖြတ်ရာမှာ ကိုလက်စထရောထက် ဟိုမိုစစ္စတင်းအဆင့်က အဆ ၄၀ ကျော် ပိုပြီးခန့်မှန်းနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လေ့လာမှုတွေအရ နှလုံးသွေးကြောမာကျောကျဉ်းမြောင်းတဲ့ ရောဂါအန္တရာယ်က ဟိုမိုစစ္စတင်းအဆင့် မြင့်တက်မှုအလိုက် တိုးမြင့်မှုရှိတယ်လို့ သိရပါတယ်။

မေး. ဟိုမိုစစ္စတင်းနဲ့ ဆီးချိုရောဂါဆက်စပ်မှုကို သိပါရစေ ဆရာ။

ဖြေ. ဆီးချိုရောဂါသည်အများစုမှာ အင်ဆူလင် ပုံမမှန် မြင့်တက်တာက ခန္ဓာကိုယ်ရဲ့ ဟိုမိုစစ္စတင်းအဆင့် လျော့ကျရေးနဲ့ ထိန်းချုပ်ရေးဖြစ်စဉ်ကို ရပ်တန့်ပစ်လိုက်ပါတယ်။ ဆီးချိုရောဂါ လူနာ သုံးပုံတစ်ပုံဟာ သွေးတွင်း ဟိုမိုစစ္စတင်းအဆင့်မြင့်တက်နေတတ်ပါတယ်။ သွေးတွင်း ဟိုမိုစစ္စတင်းအဆင့် မြင့်တက်နေတဲ့ အမျိုးအစား (၂) ဆီးချိုလူနာတွေဟာ ပုံမှန် ဟိုမိုစစ္စတင်းအဆင့်ရှိသူတွေထက် ငါးနှစ်အတွင်း နှလုံးရောဂါဖြစ်ပြီး သေဆုံးနိုင်ခြေ ၂၀ဝ ရာခိုင်နှုန်းနီးပါး ပိုများနေပါတယ်။

မေး. ဟိုမိုစစ္စတင်းက အရိုးပါး၊ အရိုးပွရောဂါ ဆက်စပ်မှုကို သိပါရစေ ဆရာ။

ဖြေ. ဟိုမိုစစ္စတင်းအဆင့် မြင့်တက်တာက သက်ကြီး အမျိုးသား၊ အမျိုးသမီးတွေမှာ အရိုးပါး၊ အရိုးပွပြီး ကျိုးနိုင်ခြေများစေတဲ့ အချက်ပါ။ ဟိုမိုစစ္စတင်းအဆင့် မြင့်မားတာကြောင့် ကော်လာဂျင်ကို အဟန့်အတားဖြစ်စေတဲ့နည်းနဲ့ အရိုးအား နည်းစေနိုင်ပါတယ်။ ဒါကြောင့် အရိုးကျိုးနိုင်ခြေ မြင့်မားရတာ ဖြစ်ပါတယ်။

မေး. ဟိုမိုစစ္စတင်းနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိပါသလား ဆရာ။

ဖြေ. ဟိုမိုစစ္စတင်းအဆင့် မြင့်တက်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ လမစေ့ ကလေးမွေးနိုင်ခြေပိုများပြီး မကြာခဏကိုယ်ဝန်ပျက်ကျတာနဲ့ ပေါင်မပြည့်ကလေးမွေးတာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်ချိန်မှာ ဟိုမိုစစ္စတင်းပမာဏကို လျော့ကျစေပြီး ဗဟိုအာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာ ပုံမမှန်ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဟိုမိုစစ္စတင်းအဆင့် မြင့်တက်နေတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆိပ်တက်နိုင်တဲ့ အန္တရာယ် ပိုများပါတယ်။

နော်ဝေက အမျိုးသမီး ၅၈၈၃ ဦးကို လေ့လာမှုအရ ကိုယ်ဝန်ဆောင်ချိန် ၁၄၄၉၂ အတွင်း ဟိုမိုစစ္စတင်းအဆင့် မြင့်တက်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လေ့လာခဲ့တဲ့အခါ ဟိုမိုစစ္စတင်းအဆင့် မြင့်တက်တာကြောင့် ကိုယ်ဝန်ဆိပ်တက်နိုင်ခြေက ၃၂ ရာခိုင်နှုန်း၊ လမစေ့ကလေး မွေးဖွားနိုင်ခြေက ၃၈ ရာခိုင်နှုန်းနဲ့ ပေါင်မပြည့် ကလေးမွေးဖွားနိုင်ခြေက ၁၀၁ ရာခိုင်နှုန်းတို့ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။

သွေးထဲမှာ ဟိုမိုစစ္စတင်းပမာဏ အများဆုံးရှိသူတွေဟာ သွေးထဲမှာ ဟိုမိုစစ္စတင်း အနည်းဆုံးရှိသူတွေနဲ့ယှဉ်ရင် အယ်လ်ဇိုင်းမားရောဂါနဲ့ တခြားသူငယ်ပြန် မှတ်ဉာဏ်လျော့နည်းရောဂါဖြစ်နိုင်ခြေ နှစ်ဆနီးပါး မြင့်တက်မှုရှိနေပါတယ် . . .

မေး. ဟိုမိုစစ္စတင်းနဲ့ အယ်လ်ဇိုင်းမားရောဂါက ဆက်စပ်မှုရှိပါသလား ဆရာ။

ဖြေ. သွေးထဲမှာ ဟိုမိုစစ္စတင်းပမာဏ အများဆုံးရှိသူတွေဟာ သွေးထဲမှာ ဟိုမိုစစ္စတင်း အနည်းဆုံးရှိသူတွေနဲ့ ယှဉ်ရင် အယ်လ်ဇိုင်းမားရောဂါနဲ့ တခြားသူငယ်ပြန် မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်နိုင်ခြေ နှစ်ဆနီးပါး မြင့်တက်မှုရှိနေပါတယ်။ သွေးတစ်လီတာထဲမှာ ဟိုမိုစစ္စတင်းအဆင့် ၅ မိုက်ခရိုမိုးလ် မြင့်တက်တာဟာ အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ကို ၄၀ ရာခိုင်နှုန်း တိုးစေပါတယ်။ ဟိုမိုစစ္စတင်းနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှုက နားလည်ရခက်ခဲနေပါတယ်။ ဟိုမိုစစ္စတင်းဟာ ဦးနှောက်ဆဲလ်တွေကို အဆိပ်သင့်စေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

မေး. ဟိုမိုစစ္စတင်းနဲ့ ကင်ဆာရောဂါက ဆက်စပ်မှုရှိပါသလား ဆရာ။

ဖြေ. ဒီအင်န်အေထိခိုက်မှုကြောင့် ကင်ဆာဖြစ်စေနိုင်ပြီး ဟိုမိုစစ္စတင်းအဆင့်မြင့်မားတာက ဒီအင်န်အေကို ပိုထိခိုက်လွယ်စေတယ်လို့ ဆိုလိုပါတယ်။ ဟိုမိုစစ္စတင်းအဆင့်ဟာ ကင်ဆာကုထုံး ထိရောက်မှု ရှိ၊ မရှိ ဆိုတာကောင်းကောင်းဖော်ပြပေးနိုင်တဲ့ အရာပါ။ အကျိတ်တွေကြီးထွားလာတဲ့အခါ ဟိုမိုစစ္စတင်းအဆင့် မြင့်တက်လာပြီး အကျိတ်ကျုံ့သွားတဲ့အခါ ဟိုမိုစစ္စတင်းအဆင့် လျော့ကျသွားတတ်ပါတယ်။

မေး. ဟိုမိုစစ္စတင်းအဆင့် လျော့ကျတာကြောင့် ဘယ်လိုကောင်းကျိုးတွေကို ရရှိနိုင်ပါသလဲ ဆရာ။

ဖြေ. ဟိုမိုစစ္စတင်းအဆင့်ကို လျှော့ချတာက ဘဝသက်တမ်းကိုဆွဲဆန့်နိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါ။ ဟိုမိုစစ္စတင်းအဆင့်ငါးမှတ်လျော့ကျတိုင်း အောက်ပါကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုအန္တရာယ်ကို ၄၉ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုအန္တရာယ်ကို ၅၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှုအန္တရာယ်ကို ၂၆ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါ၊ ကင်ဆာတို့ကြောင့် သေဆုံးတာထက် တခြားအကြောင်းတွေကြောင့် သေဆုံးမှုအန္တရာယ်ကို ၁၀၄ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။

မေး. ဟိုမိုစစ္စတင်းအဆင့်ကို ဘယ်လိုတိုင်းတာနိုင်ပါသလဲ ဆရာ။

ဖြေ. ပုံမှန်ရိုးစင်းတဲ့ သွေးစစ်ဆေးမှုကြောင့် ဟိုမိုစစ္စတင်းအဆင့်ကို တိုင်းတာနိုင်ပါတယ်။ တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို တိုင်းတာနိုင်ပါတယ်။ အထူးအထွေ ကြိုတင်ပြင်ဆင်စရာလည်း မလိုပါဘူး။ သွေးရည်ကြည်နမူနာကို သွေးယူပြီး အချိန်တစ်နာရီအတွင်း ခွဲခြားသင့်ပါတယ်။

မေး. ဟိုမိုစစ္စတင်းနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောကြားလိုတဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။

ဖြေ. ဟိုမိုစစ္စတင်းနဲ့ သက်ဆိုင်တဲ့ လေ့လာမှုအသစ်တွေကို ပြောပြချင်ပါတယ်။

– နာတာရှည် နုံးချည့်ညောင်းညာတဲ့ ရောဂါစု ခံစားနေရသူတွေမှာ ဟိုမိုစစ္စတင်း အဆင့်မြင့်တက်တာကို တွေ့နိုင်ပါတယ်။

– ဟိုမိုစစ္စတင်းဟာ အသက်ရှည်တာနဲ့ ဆက်စပ်နေတဲ့ တယ်လိုမီးယားလှိုင်းအလျားကို တိုတောင်းစေတဲ့အတွက် အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။

– ရူမတွိုက်အဆစ်ရောင်နာ လူနာတွေဟာ သာမန်လူတွေထက် ဟိုမိုစစ္စတင်းအဆင့် မြင့်တက်နိုင်ခြေ ၂၀-၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top