Healthy Life Ad
Life Style

မျက်စိနှင့် ကိုယ်ခံအားစံလွဲရောဂါ (Autoimmune Disease) ဆက်စပ်မှု

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ Autoimmune Disease ရှိသူတွေမှာဘယ်လို မျက်စိပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ Autoimmune Disease ရှိသူတွေမှာ အဓိက ဖြစ်တတ်တာက Ocular Inflammation (မျက်စိ ရောင်ရမ်းမှု)ပဲဖြစ်ပါတယ်။ မျက်ဆန်(Eye Ball) မှာ အလွှာသုံးလွှာရှိတယ်။ အပြင်ဘက်အလွှာက မျက်ကြည်လွှာ၊ မျက်ဖြူလွှာရှိပြီး အလယ်အလွှာမှာ မျက် နက်ဝန်းတစ်သျှူးရှိတယ်။ အတွင်းဘက်ဆုံး အလွှာမှာ မျက်စိအာရုံခံလွှာ ရှိပါတယ်။ ဒီအလွှာသုံးခုစလုံး မှာ သက်ရောက်မှုဖြစ်နိုင်ပါတယ်။ အများဆုံး ထိခိုက်တတ်တာက Uveal Tissue မှာ ရောင်ရမ်းတတ်တာပါ။ ဒီတစ်သျှူးက သွေးကြောအများဆုံးရှိတဲ့ အလွှာဖြစ်လို့ပါ။ သွေးကြော အများဆုံးရှိတဲ့ နေရာဖြစ်လို့ ရောင်ရမ်းမှုကအများဆုံးကျရောက်ရတာ ဖြစ်ပါတယ်။ ကိုယ်ခံအားစံလွဲရောဂါ (Autoimmune Disease ) အားလုံးက Collagen vascular Disorder ဖြစ်တယ်။ မျက်ကြည်လွှာ၊ မျက်ဖြူလွှာ၊ Uveal Tissue နဲ့ မျက်စိအာရုံခံလွှာ အားလုံးမှာ ကော်လာဂျင်ရှိသလို သွေးကြောတွေလည်း ရှိတဲ့အတွက် ဒီနေရာတွေအားလုံးမှာ သက်ရောက်မှု ဖြစ်ရတာဖြစ်ပါတယ်။ ရောင်ရမ်းမှု ဖြစ်ပါတယ်။

မေး ။ မျက်ကြည်လွှာမှာ ဘယ်လို သက်ရောက်မှု ဖြစ်တတ်ပါသလဲဆရာ။
ဖြေ ။ မျက်ကြည်လွှာမှာ PUK လို့ ခေါ်တဲ့ Peripheral Ulcerative Keratitis မျက်ကြည်လွှာရောင်ရမ်းမှု အများဆုံးဖြစ်တတ်ပါတယ်။

မေး ။ မျက်ဖြူလွှာမှာ ဘယ်လိုသက်ရောက်မှု ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ မျက်ဖြူလွှာမှာ မျက်ဖြူလွှာရောင်ရမ်းမှုဖြစ်တတ်ပါတယ်။

မေး ။ မျက်နက်ဝန်းတစ်သျှူးမှာဆိုရင် ဘယ်လိုသက်ရောက်မှု ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ မျက်နက်ဝန်းမှာ မျက်နက်ဝန်း ရောင်ရမ်းမှု (Uveitis) ဖြစ်တတ်ပါတယ်။

မေး ။ မျက်စိအာရုံခံလွှာမှာကော ဘယ်လိုသက်ရောက် မှုဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ မျက်စိအာရုံခံလွှာမှာဆိုရင် မျက်စိအာရုံခံလွှာ ရောင်ရမ်းမှု (Retinal Vasculitis) ဖြစ်တတ်ပါ တယ်။ Choroid မှာ ဆိုရင် Choroiditis ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ကိုလာဂျင်နဲ့သွေးကြောရှိတဲ့ အစိတ်အပိုင်းအားလုံးမှာ ရောင်ရမ်းမှု ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။

မေး ။ ဒီလို ရောင်ရမ်းမှု ဖြစ်တဲ့အတွက် လူနာက ဘယ်လိုခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ မျက်ဆန်ရဲ့ ဒီအလွှာသုံးလွှာစလုံး ရောင်ရမ်းမှု ဖြစ်သွားတဲ့အတွက် မျက်စိအမြင်အာရုံက အနည်းနဲ့ အများဆိုသလို ကျသွားတတ်ပါတယ်။ မျက်စိအာရုံခံလွှာမှာ ရောင်ရမ်းမှု ဖြစ်ရင် အမြင်အာရုံက ပိုကျသွားပါတယ်။ မျက်ကြည်လွှာမှာ ရောင်ရမ်းမှုဖြစ်ရင် အမြင်အာရုံ သိပ်မကျပါဘူး။

မေး ။ မျက်စိရောင်ရမ်းမှုကြောင့် တခြား ဘယ်လို ဝေဒနာ ဖြစ်တတ်ပါသေးသလဲ ဆရာ။
ဖြေ ။ နောက်ထပ် ဖြစ်တတ်တာကတော့ နာကျင်မှုရတာပဲ ဖြစ်ပါတယ်။

မျက်ကြည်လွှာမှာ ရောင်ရမ်းမှု ဖြစ်ရင်လည်း နာကျင်မှုဝေဒနာရတတ်ပါတယ်။ မျက်ဖြူလွှာမှာ ရောင်ရမ်းမှု ဖြစ်ရင်လည်း နာကျင်တတ်ပါ တယ်။ မျက်နက်ဝန်းမှာ ရောင်ရမ်းမှုဖြစ်ရင်လည်း နာကျင်တတ်ပါတယ်။ တခြားအစိတ်အပိုင်းတွေ ဖြစ်တဲ့ Choroid နဲ့ Retina မှာရောင်ရမ်းမှုဖြစ်ရင်တော့ နာကျင်မှု ဝေဒနာရချင်မှရတတ်ပါတယ်။ ဒါပေမဲ့

အဲဒီနေရာတွေမှာ ရောင်ရမ်းမှု ဖြစ်ရင်တော့ အမြင်အာရုံ ပိုထိခိုက်တတ်ပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေ ဆိုရင် ရောင်ရမ်းတဲ့အခါ နာကျင်မှုဝေဒနာလည်း ရတတ်သလို အမြင်အာရုံလည်း ထိခိုက်တတ်ပါတယ်။

မေး ။ Autoimmune ရောဂါနဲ့ဆက်စပ်ပြီး မျက်စိ ရောင်ရမ်းမှု ဖြစ်တဲ့အခါ ဘယ်လိုကုသမှုပေးနိုင်ပါ သလဲဆရာ။
ဖြေ ။ Autoimmune ရောဂါနဲ့ ဆက်စပ်ပြီး မျက်စိရောင်ရမ်းမှု ဖြစ်တဲ့အခါ အဓိကကတော့ စတီးရွိုက် မျက်စဉ်းဆေး (Topical Steroid) ပေးရပါတယ်။

နောက်တစ်ခုက ကိုယ်ခံအားချိုးနှိမ်ဖို့ Immunosu-pression အနေနဲ့ ပရက်နီစလုံးစတီးရွိုက်ဆေး ပေးချင်ပေးမယ်။ ဒါမှမဟုတ် Rheumatologist ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဆေးပေးချင်ပေးပါမယ်။ ဒီရောဂါက ဆရာတို့ မျက်စိအထူးကု ဆရာဝန်တွေနဲ့ Rheumatologist တွေ ပူးပေါင်းပြီး ကုသမှု ပေးရတာ ဖြစ်ပါတယ်။

မေး ။ တခြား လုပ်ရတဲ့ ကုသမှုတွေ ရှိရင် သိပါရစေ ဆရာ။
ဖြေ ။ မျက်စိအာရုံခံလွှာ သွေးကြောတွေ ထိခိုက်ရင် စိမ့်ထွက်မှု (Leak) ရှိလာတတ်ပါတယ်။ အဲဒီအခါ လေဆာနဲ့ကုသရတာမျိုးလည်းရှိတတ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ Intravitreal Avastin ဆေးထိုးပေးရပါတယ်။ တနင်္လာနေ့မှာ လူနာတွေစုပြီး ထိုးပေးလေ့ရှိပါတယ်။ ဒီဆေးကို နေ့တိုင်းထိုးလို့ ရပေမယ့် တနင်္လာနေ့မှာ ဘာကြောင့် စုထိုးရသလဲဆိုတော့ ဒီဆေးက ဈေးသိပ်ကြီးတယ်၊ ဆေးတစ်ပုလင်းကို လူနာ ၁၀ ယောက်ကျော် မျှထိုးလို့ရတယ်၊ ဆေးပုလင်းက တစ်ကြိမ်ဖွင့်ပြီးရင် ပြန်သုံးလို့ မရတော့ဘူး၊ Sterile မဖြစ်တော့ဘူး။ ဆေးကို တစ်ကြိမ် ထိုးရင် ဈေးအများကြီး ကုန်မှာစိုးလို့ လူနာတွေကို စုပြီး တစ်ရက်တည်းမှာ ထိုးပေးတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးက တစ်ကြိမ်တည်း ထိုးပြီးလည်း ပြီးသွားတာမဟုတ်ပါဘူး။ ထပ်ထပ်ပြီး ထိုးနေရတာ ဖြစ်ပါတယ်။ လူနာသက်သာအောင် စုပြီး တနင်္လာနေ့မှာ ဆေးထိုးပေးတာ ဖြစ်ပါတယ်။

မေး ။ Autoimmune ရောဂါနဲ့ဆက်စပ်ပြီးဖြစ်တဲ့ မျက်စိရောင်ရမ်းမှုကပျောက်ကင်းနိုင်ခြေရှိပါသလားဆရာ။
ဖြေ ။ မပျောက်ပါဘူး။ အမြဲတမ်း သတိထားပြီး ကာကွယ်ထိန်းသိမ်းနေရတာ ဖြစ်ပါတယ်။ ဒီရောဂါအားလုံးကို ပျောက်အောင် ကုလို့ မရပါဘူး။ သက်သာအောင်၊ ပိုမဆိုးအောင် ဆရာတို့က ထိန်းသိမ်းပေးနေရတာ ဖြစ်ပါတယ်။ Autoimmune ရောဂါနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ မျက်စိရောင်ရမ်းမှုအားလုံးက မပျောက်တဲ့အတွက် ဆရာတို့က အမြဲထိန်းသိမ်းပေးနေရတာ ဖြစ်ပါတယ်။

မေး ။ Autoimmune ရောဂါရှိတဲ့ သူတွေက မျက်မှန် ခဏခဏ ပြောင်းရတတ်ပါသလား ဆရာ။
ဖြေ ။ ဒါက လိုအပ်လို့ မျက်မှန်ပြောင်းရတာ ရှိသလို မလိုအပ်ဘဲ ပြောင်းတာလည်း ရှိတတ်ပါတယ်။ မျက်မှန်ဆိုင်က မျက်မှန်ရောင်းချင်တာနဲ့ မျက်မှန်လိုတယ် ဆိုပြီး အတင်းရောင်းတဲ့အတွက် တပ်ရတာလည်းရှိတတ်ပါတယ်။ ဒါကဆီးချိုရောဂါလိုပဲ ထိန်းချုပ်မှုပေါ် မူတည်ပြီး အမြင်အာရုံ အတက်အကျ ရှိနိုင်ပါတယ်။ တချို့အခြေအနေတွေမှာတော့ မျက်မှန် တကယ်လိုအပ်တာမျိုး ရှိပါတယ်။ ဥပမာ ပြောရရင် ဆရာ စောစောကပြောခဲ့တဲ့ PUK မျက်ကြည်လွှာရောင်ရမ်းတဲ့ အခြေအနေမှာ မျက်ကြည်လွှာ ဟန်ချက်မညီတာ ဖြစ်တတ်တဲ့အတွက် အဲဒါကို လိုက်ပြီး မျက်မှန်ကို ပြောင်းပေးနေရတာရှိပါတယ်။ တခြားအခြေအနေတွေမှာတော့ သိပ်မလိုအပ်တတ်ပါဘူး။ ဒါပေမဲ့တချို့ လူနာတွေကျတော့ မျက်မှန်ပါဝါကိုစမ်းချင်တယ်၊ မျက်စိစမ်းသပ်စစ်ဆေးမှုမှာ မျက်မှန် မစမ်းပေးလိုက်ရင် ပြည့်စုံတယ်လို့ မယူဆဘူး။ ဆရာတို့က မျက်မှန်ပါဝါပြောင်းဖို့ မလိုအပ်ဘူးလို့ ပြောရင် သိပ်သဘောမကျဘူး။ မျက်စိမှုန်တာက ရောဂါဆိုးလာလို့ မဟုတ်ဘူး၊ မျက်မှန်လိုအပ်လို့ ဆိုပြီး လူနာတွေက အတင်း ဖြစ်ချင်တာလည်းရှိပါတယ်။ ဆရာတို့ကတော့ မျက်မှန်ကို တကယ်လိုအပ်တဲ့ အခြေအနေကျမှသာ ပေးလေ့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top