Healthy Life Ad
International

အရက်စွဲခြင်းကြောင့်ဖြစ်တတ်သော ကျန်းမာရေးဆိုးကျိုးများ

၊ ကိုထက် ၊

စီးကရက်လိုပဲ အယ်လ်ကိုဟောက စွဲလမ်းမှုကိုဖြစ်စေနိုင်သလို အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အရက်စွဲတဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးအန္တရာယ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

– စောစော သေဆုံးခြင်း

အယ်လ်ကိုဟောကို များများမှီဝဲတာကြောင့် စောစောသေဆုံးနိုင်ခြေများပြီး ဦးနှောက်နဲ့ အသည်းတို့လို အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရေရှည်ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ သွေးတိုးစေပြီး ကင်ဆာအန္တရာယ်ကို မြင့်တက်စေပါတယ်။ ဒါ့အပြင် အရက်စွဲတာကြောင့် ခန္ဓာကိုယ်က အာဟာရဓာတ်တွေကို ယုတ်လျော့သွားစေပါတယ်။ အရက်အလွန်အကျွံ သောက်တဲ့သူတွေအနေနဲ့ ကိုယ်ခံအားစနစ်ကိုအားနည်းစေပြီး ကူးစက်ပိုးဝင်နိုင်ခြေများသလို ရောဂါဖြစ်လွယ်စေပါတယ်။ အယ်လ်ကိုဟော စွဲလမ်းမှုဟာ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။

– ကင်ဆာရောဂါ

အယ်လ်ကိုဟောကို ရေရှည်သောက်သုံးမှုကြောင့် အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အစာရေမျိုပြွန်ကင်ဆာတို့လို ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေမြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။

– အဝလွန်ခြင်း

အယ်လ်ကိုဟောမှာ ကယ်လိုရီပါဝင်တာကြောင့် အရက်စွဲတာက အဝလွန်တာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအနေနဲ့ အရက်ကို စွဲစွဲလမ်းလမ်းသောက်နေရင် ဘယ်လိုပဲအားကစားလုပ်လုပ် ရလဒ်ကောင်းရဖို့ မလွယ်ပါဘူး။

– မွေးရာပါ ချို့ယွင်းချက်များ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်မသောက်ဖို့ အထူးအရေးကြီးပါတယ်။ အယ်လ်ကိုဟောနဲ့ သန္ဓေသားထိတွေ့မှုကြောင့် ဦးနှောက်၊ နှလုံးနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာမျိုး ဖြစ်တတ်ပါတယ်။

– ပေါင်းသင်းဆက်ဆံရေး

အရက်စွဲတဲ့သူတွေအနေနဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် အိမ်မှာ ရန်လိုတတ်ပါတယ်။ ကုန်ကုန်ပြောရရင် အရက်စွဲတာကြောင့် ပေါင်းသင်းဆက်ဆံရေး ထိခိုက်စေပြီး စီးပွားရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ စိတ်ခံစားမှုတွေကို ထိခိုက်စေနိုင်ပါတယ်။ အရက်စွဲတာကြောင့် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာနဲ့ အိပ်စက်မှုဆိုင်ရာဝေဒနာ စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top