Healthy Life Ad
Health Tips

အရက်စွဲ၍ အရက်ဖြတ်လိုလျှင် ဆေးဝါးအကူအညီဖြင့် ဖြတ်သင့်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

နှစ်ရှည်လများ အရက်စွဲသောက်နေသူများနှင့် အရက်ကို အလွန်အမင်းသောက်ပြီး မသောက်ရမနေနိုင်သည်အထိ စွဲနေသူတို့အနေဖြင့် အရက်ဖြတ်လိုလျှင် နောက်ဆက်တွဲကျန်းမာရေး မထိခိုက်စေရန် ဆေးဝါးအကူအညီဖြင့် ဖြတ်သင့်ကြောင်း ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

“အရက်စွဲနေသူတွေအနေနဲ့ အရက်ဖြတ်တဲ့အခါ အထူးဂရုစိုက်ဖို့လိုပါတယ်။ အစိမ်းဖြတ်တာကို အားမပေးပါဘူး။ အစိမ်းဖြတ်တယ်ဆိုတာ အရက်ကို နှစ်ရှည်လများ အလွန်အမင်းသောက်ခဲ့ရာက ရုတ်တရက် မသောက်တော့ဘဲ ဖြတ်ပစ်လိုက်တာမျိုးပါ။ ဒါက အန္တရာယ်ရှိလို့ မလုပ်သင့်ပါဘူး။ အရက်ပြတ်လက္ခဏာ တွေရတဲ့အခါ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ အသက်အန္တရာယ် ရှိတတ်တဲ့အတွက် ဆေးဝါးအကူနဲ့ ဖြတ်ပါလို့ ပြောလိုပါတယ်”ဟု ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တစ်ဦးက ရှင်းပြသည်။

အရက်ကို အလွန်အမင်းသောက်သုံးခြင်းကြောင့် အသည်းရောဂါ၊ အစာအိမ်ရောဂါ၊ ကင်ဆာရောဂါ စသည်တို့သာမက ဦးနှောက်အာရုံကြော လုပ်ငန်းဆောင်တာများ ထိခိုက်ကာ စိတ်ကျန်းမာရေး ထိခိုက်မှုဖြစ်ရကြောင်း သိရသည်။

“အရက်သောက်တာများလာရင် စိတ်ကျရောဂါ ဝေဒနာတွေ ရတတ်ပါတယ်။ တစ်ခါတလေ အရက်သောက်တာများရင် စိတ်ကြွလာတတ်ပါတယ်။ နောက်ပိုင်းမရှိတဲ့ အသံတွေကြားရတာ၊ မရှိတဲ့ လူတွေမြင်ရတာ စတဲ့ လှုံ့ဆော်မှုမဲ့အာရုံမှား တွေရလာတတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် ဦးနှောက်အာရုံကြောတွေ ထိခိုက်လာတတ်ပါတယ်”ဟု ယင်းက ရှင်းပြသည်။

ဆေးရုံများသို့ အရက်ဖြတ်လိုသဖြင့် ရောက်လာသော လူနာနည်းပါးပြီး အသားဝါရောဂါ၊ အသည်းရောဂါ၊ အာဟာရချို့တဲ့ခြင်း စသည့် ရောဂါဝေဒနာများ ခံစားရ၍ ဆေးရုံရောက်ရှိကုသမှု ခံယူရရာမှ အရက်ဖြတ်သည့် လူနာများသာ များပြားကြောင်း သိရသည်။ အရက်ဖြတ်သည့်အခါ လူနာ၏ အရက်ဖြတ်လိုသည့် ဆန္ဒက အရေးကြီးသကဲ့သို့ မိသားစုဆွေမျိုးအသိုင်းအဝိုင်း၏ ဖေးမကူညီအားပေးမှုကလည်း အရက်ပြတ်စေရန် အရေးပါကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top