Healthy Life Ad
Life Style

ယနေ့ခေတ် ဘဝနေထိုင်စားသောက်မှုပုံစံနှင့် ဝမ်းချုပ်ခြင်း

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. လူတွေမှာ ဝမ်းချုပ်တာက ပိုအဖြစ်များလာပါသလား ဆရာ။

ဖြေ. ဆရာ့အတွေ့အကြုံအရ ပြောရရင်တော့ လူတွေက အရင်နဲ့စာရင် အလုပ်တွေ ပိုရှုပ်လာတယ်၊ ဝမ်းသွားဖို့ အချိန်မပေးနိုင်ဘူး၊ အစားအသောက်မှာလည်း အဆင်သင့်အစာတွေကို စားလာကြတယ်၊ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်ဘူး . . ဒီအချက်တွေကြောင့် ဝမ်းချုပ်တာက ပိုအဖြစ်များလာကြပါတယ်။ လူ့ဘဝမှာ အေးအေးဆေးဆေး မရှိတော့ဘဲ လောလော လောလောနဲ့ လုပ်နေရတဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာကြောင့် ဝမ်းချုပ်တာက ပိုအဖြစ်များလာပါတယ်။ အခုခေတ်မှာ လူအများစုက အိမ်သာကို အေးအေးဆေးဆေးတက်ဖို့တောင် အချိန်မရသလို ဖြစ်နေကြပါတယ်။

မေး. ဝမ်းချုပ်တာကို ခွဲစိတ်ကုသရတဲ့ အခြေအနေမျိုးရှိပါသလား ဆရာ။

ဖြေ. ဝမ်းချုပ်တာက ရောဂါလက္ခဏာတစ်ခုပါ။ ဘာနဲ့ အလားသဏ္ဍာန်တူလဲဆိုတော့ ဖျားတာနဲ့တူပါတယ်။ ဖျားတာကလည်း အူအတက်ရောင်တာကြောင့် ဖျားတာရှိသလို တခြားအကြောင်းတွေကြောင့်လည်း ဖျားတတ်ပါတယ်။ ဖျားပြီဆိုရင် ဖျားစေတဲ့ အဓိကအကြောင်းရင်းကို ရှာပြီး ကုသရပါတယ်။ အဲဒီလိုပဲ ဝမ်းချုပ်ရင်လည်း ဝမ်းချုပ်စေတဲ့ အဓိက အကြောင်းရင်းတွေကို ရှာပြီး ကုသရပါတယ်။ ဝမ်းချုပ်စေတဲ့အကြောင်းရင်းက အူကင်ဆာ၊ လိပ်ခေါင်း စတာတွေဖြစ်နေရင် ခွဲစိတ်ကုသဖို့ လိုအပ်တဲ့အခါ ခွဲစိတ်ကုသမှု ပေးရပါတယ်။

မေး. ဝမ်းချုပ်စေတဲ့ ရောဂါတွေက ဘယ်နှမျိုးလောက်ရှိပါသလဲ ဆရာ။

ဖြေ. ဝမ်းချုပ်စေတဲ့ ရောဂါတွေက အများကြီးပါပဲ။ အဓိက အဖြစ်များတာက ဘာအကြောင်းကြောင့်မှန်းမသိဘဲ အဖြစ်များတာပါ။ အဲဒါကို ဆေးပညာအရ Primary Constipation လို့ ခေါ်ပါတယ်။ ဘာကြောင့် ဝမ်းချုပ်ရတယ်ဆိုတာ အထင်ပဲရှိပါတယ်။ အတိအကျမသိပါဘူး။ ဥပမာ- ရေသောက်နည်းလို့၊ လေ့ကျင့်ခန်းမလုပ်လို့၊ အထိုင်များလို့၊ ဝမ်းသွားတာကို အချိန်မှန် မကျင့်လို့၊ ဝမ်းသွားတာကို အာရုံမစိုက်လို့၊ မနက်မိုးလင်းရင် အလုပ်သွားဖို့ ပြေးလွှားလှုပ်ရှား နေရတာနဲ့ ဝမ်းသွားဖို့ အချိန်မရလို့၊ ဝမ်းသွားချင်စိတ်ပေါ်တဲ့အခါ အိမ်သာက အဆင်သင့်မရှိလို့၊ အဆင်သင့်ရှိရင်လည်း ညစ်ပတ်တဲ့ အိမ်သာမှာ မသွားတတ်လို့ စတဲ့အကြောင်းတွေကြောင့် ဝမ်းချုပ်တာမျိုးပါ။ ဒါက မှန်းဆပြီး ပြောတာဖြစ်ပါတယ်။

မေး. ဝမ်းချုပ်ရတဲ့ အကြောင်းရင်းကို သိတဲ့အခြေအနေကော ရှိပါသလား ဆရာ။

ဖြေ. ဝမ်းချုပ်ရတဲ့ အကြောင်းရင်းကို သိတာလည်း ရှိပါတယ်။ အဲဒါကို Secondary Constipation လို့ခေါ်ပါတယ်။ ရောဂါတစ်ခုခုကြောင့် ဝမ်းချုပ်တာကိုဆိုလိုပါတယ်။ ဥပမာ- အူကင်ဆာ၊ လိပ်ခေါင်း၊ အူပိတ်တာ၊ စအိုကျဉ်းတာ စတဲ့ အကြောင်းရင်းတွေ အများကြီးကြောင့် ဝမ်းချုပ်တာပဲ ဖြစ်ပါတယ်။ ဒီလို အကြောင်းရင်းတွေကို သေချာသိရင် ကုသမှုပေးလို့ရပါတယ်။ ဆီးချိုရောဂါရှိတာ၊ သံဓာတ်ပါတဲ့ ဆေးသောက်ရတာ၊ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဝမ်းချုပ်တာ . .စတဲ့ အကြောင်းတွေကြောင့် ဝမ်းချုပ်ရင် ဖြစ်ရတဲ့အကြောင်းရင်းကို ကုသလိုက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ တစ်ခါတလေ ဟိုက်ပိုသိုင်းရွိုက်ရောဂါကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ အကြောင်းမသိဘဲ ဝမ်းချုပ်တာ (Primary Constipation Or Functional Constipation)က ပိုများပါတယ်။

မေး. Primary Constipation ကို နောက်ဆုံးပေါ် ခေတ်ပေါ်နည်းတွေနဲ့ ဘယ်လိုရောဂါရှာလို့ရပါသလဲဆရာ။

ဖြေ. ဆရာတို့နိုင်ငံမှာတော့ လုပ်လို့မရသေးပေမယ့် တခြားနိုင်ငံတွေမှာ Colonic Transit Study ဆိုတဲ့ နည်းကိုလုပ်လို့ရနေပါပြီ။ အဲဒါက အစာက အစာအိမ်ထဲမှာ ဘယ်လောက်နေမယ်၊ အူမကြီးမှာ ဘယ်လောက်နေမယ် စတာတွေကို တိုင်းတာတဲ့နည်းဖြစ်ပါတယ်။ နောက်တစ်ခုက ဝမ်းသွားနေတာကို ဓာတ်မှန်ရိုက်တာ (Defecography)နဲ့လည်း စစ်လို့ရပါတယ်။ ဒီနည်းနဲ့ စမ်းကြည့်ရင် ဝမ်းသွားတဲ့ဖြစ်စဉ် မှားနေသလားဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်စမ်းသပ်တဲ့နည်းက အောက်ဆုံးပိုင်း စအိုအပေါက်ဝတင်းလို့လားဆိုတာ Anorectal Manoetry လို့ ခေါ်ပါတယ်။ စအိုညှစ်အားနဲ့ Pressure တိုင်းတာပါ။ ဝမ်းညှစ်နေရင် ဘယ်လောက်တင်းသလဲ၊ ဝမ်းသွားနေရင် ဘယ်လောက်တင်းသလဲဆိုတာကို တိုင်းတာတာဖြစ်ပါတယ်။ အူတွေကလည်း ညှစ်အားကောင်းတယ်၊ လိပ်ခေါင်းလည်း မရှိဘူးဆိုရင် စအိုသွားတဲ့ အာရုံကြော အားနည်းလားဆိုတာ စစ်ရပါတယ်။ အဲဒါကို S2 Stimulation လို့ ခေါ်ပြီး ဒါက ခါးအာရုံကြောမကို နှိုးဆွတဲ့နည်းဖြစ်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ် အောက်ပိုင်းသေတဲ့သူတွေ၊ အသက်သိပ်ကြီးတဲ့သူတွေမှာ စစ်ရပါတယ်။

ဝမ်းချုပ်တာကြာပြီး မစင်တွေက ဗိုက်ထဲမှာ အကြာကြီးနေနေရင် အူနဲ့မစင်ထိတွေ့မှုကြောင့် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံခြားမှာ အူကင်ဆာအဖြစ်များရတာက ဝမ်းချုပ်တာကြောင့် ဖြစ်ရတာပါ။ မကြာခဏ ဝမ်းချုပ်တာက နှစ်ချီပြီးကြာသွားရင် အူကင်ဆာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက . . .

မေး. ဝမ်းချုပ်တာကြာရင်ကော ရောဂါဖြစ်စေနိုင်ပါသလား ဆရာ။

ဖြေ. ဝမ်းချုပ်တာကြာပြီး မစင်တွေက ဗိုက်ထဲမှာ အကြာကြီးနေနေရင် အူနဲ့ မစင်ထိတွေ့မှုကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။ နိုင်ငံခြားမှာ အူကင်ဆာ အဖြစ်များရတာက ဝမ်းချုပ်တာကြောင့် ဖြစ်ရတာပါ။ မကြာခဏ ဝမ်းချုပ်တာက နှစ်ချီပြီး ကြာသွားရင် အူကင်ဆာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဝမ်းချုပ်ရင် ညှစ်ညှစ်ပြီး သွားရပါတယ်။ အဲဒီလို သွားရတာကြောင့် လိပ်ခေါင်းဖြစ်စေနိုင်ပါတယ်။ နောက်ဖြစ်တတ်တာက စအိုကွဲတာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ဝမ်းသွားရင် နာလို့ ဝမ်းမသွားဘဲနေတော့ ပိုပြီး ဝမ်းချုပ်တတ်ပါတယ်။ အဲဒီတော့ ပိုညှစ်ပြီး ဝမ်းသွားရတဲ့အခါ အနာတွေက ပိုဆိုးသွားပြန်ပါတယ်။

မေး. ဝမ်းမှန်မှန်သွားအောင် မြန်မာဆေး၊ အင်္ဂလိပ်ဆေးတွေသောက်တာ၊ ဝမ်းချူဘူး သုံးတာကရော ဘာဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. မြန်မာဆေးတွေ၊ အင်္ဂလိပ်ဆေးတွေကို နှစ်နဲ့ချီပြီး စားလာတဲ့အခါ အူတွေက သူ့အလိုလို မညှစ်တော့ပါဘူး။ ဝမ်းသွားဖို့ ဆေးကိုပဲ မှီခိုတဲ့ အနေအထား ဖြစ်သွားပါတယ်။ ဝမ်းချူတာကလည်း ဒီသဘောပါပဲ။ အသက်ကြီးသူတွေ ဝမ်းချူတာထက် အသက်ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ဝမ်းချူတဲ့အကျင့်ဖြစ်သွားရင် ပုံမှန်အတိုင်း အူလှုပ်ရှားမှု မရှိတော့ဘဲ ဝမ်းချူမှပဲ ဝမ်းသွားသလို ဖြစ်သွားပါတယ်။ သဘာဝအတိုင်း ဝမ်းသွားတာကပဲ ကောင်းပါတယ်။ ဒီလို အကျင့်တွေရှိရင် အူက အလိုလိုမညှစ်တော့တဲ့အတွက် ဒါတွေကို တစ်သက်လုံး မှီခိုရသလို ဖြစ်သွားတတ်ပါတယ်။

မေး. ဆရာတို့ခွဲစိတ်အထူးကု ဆရာဝန်တွေဆီကို ဝမ်းချုပ်တဲ့ လူနာတွေက ဘယ်လိုပုံစံတွေနဲ့ ရောက်လာတတ်ပါသလဲ ဆရာ။

ဖြေ. ဝမ်းချုပ်ပြီး လာတဲ့လူနာတွေက ပုံစံမျိုးစုံပါပဲ။ တချို့ကလည်း အရေးပေါ်အခြေအနေမျိုးနဲ့ ရောက်လာတတ်ပြီး တချို့လူနာတွေကျတော့ ဝမ်းသွားရင် သွေးပါလို့ဆိုတဲ့ အနေအထားနဲ့ ရောက်လာတတ်ပါတယ်။ ဒါဆိုရင် လိပ်ခေါင်းဖြစ်နေလို့ပါ။ နောက်တစ်ခုက လူနာတွေက စအိုကွဲတာ (Anal Fissure) နဲ့ လာပြတတ်ပါတယ်။ စအိုကွဲတယ်၊ နာတယ်၊ ဝမ်းသွားလို့ အဆင်မပြေဘူး . . စတဲ့ အခြေအနေတွေနဲ့ ရောက်လာတတ်သလို တချို့လူနာတွေကျတော့လည်း ဝမ်းချုပ်တယ်ဆိုပြီး ပုံမှန် ရောက်လာပေမယ့် အကြောင်းရှာရင်း ရှာရင်း အူကင်ဆာဖြစ်နေတာကို သွားတွေ့ရပါတယ်။

မေး. ဝမ်းမချုပ်အောင် ဘယ်လိုနေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. ဝမ်းမချုပ်အောင် လိုက်နာသင့်တဲ့ အချက်တွေကို အကြမ်းဖျင်းပြောရရင်တော့ ငယ်စဉ်ကတည်းက အချိန်မှန်မှန် ဝမ်းသွားပေးဖို့ လိုပါတယ်။ ရေများများ သောက်ရမယ်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ ပြီးရင် ဝမ်းသွားတာကို အာရုံစိုက်ပြီး ပုံမှန်သွားနိုင်အောင် ကျင့်ပေးရပါမယ်။

မေး. ဝမ်းချုပ်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. ကလေး ဘဝကတည်းက ပုံမှန် ဝမ်းသွားတတ်တဲ့အကျင့် လုပ်ပေးရပါမယ်။ ဝမ်းသွားတဲ့အခါ တွေးချင်တာတွေး၊ သတင်းစာတွေဖတ် . . အဲဒီလိုတွေ မလုပ်ဘဲ ဝမ်းသွားတာကို သေချာအာရုံစိုက်ပြီး သွားပေးရပါမယ်။ ဝမ်းမသွားလို့ ဝမ်းနုတ်ဆေး တစ်လုံးစား၊ နှစ်လုံးစားနဲ့ ဆေးတွေ တဖြည်းဖြည်းများလာတဲ့အခါ အူက အလိုလိုမညှစ်တော့ဘဲ ဝမ်းက ပိုချုပ်လာတတ်ပါတယ်။ ဝမ်းချုပ်တာကြာလာရင် လိပ်ခေါင်းရောဂါ၊ စအိုကွဲတာ၊ အူကင်ဆာ စတာတွေ ဖြစ်လာတတ်ပါတယ်။ ဝမ်းချုပ်တာ တစ်ခါတလေဆိုရင် ဝမ်းနုတ်ဆေးသောက်တာ ဘာမှမဖြစ်ပေမယ့် ကြာလာရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝအတိုင်း ဝမ်းသွားအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top