Healthy Life Ad
Life Style

လူနာရှင်နဲ့လူနာတွေ အထောက်အပံ့တစ်ခုဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကူညီပေးနေတာ ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

“နယ်ကနေ ရန်ကုန်မှာ ဆေးရုံတက်ရတော့ အသိမရှိ၊ ဆွေမျိုးမရှိနဲ့ အားငယ်မိတယ်။ ကလေးဖြစ်တဲ့ ရောဂါကလည်း သွေးကင်ဆာဆိုတော့ ရေရှည်ကုရတာမျိုးလေ၊ စိတ်တော့ညစ်တာပေါ့။ ဒါပေမဲ့ ပရဟိတအသင်းတွေက မနက်ရောညပါ အစားအသောက်ကအစ လာလှူကြတော့ တော်တော် အဆင်ပြေပါတယ်။ မနက်စာ ဆန်ပြုတ်ဆိုရင် လိုသလောက်ရတော့ ကလေးတင်မကဘူး၊ ကျွန်မပါ စားလို့ရတယ်”

လတ်တလော သွေးကင်ဆာကုသပျောက်ကင်းထားသူ ကလေးမိခင် ဒေါ်ဆွေဇင်က ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့စဉ်က ကြုံတွေ့ခဲ့ရသော ဝမ်းနည်းအားငယ်မှုများကြားမှ ရရှိသည့် အာဟာရဒါနအကြောင်းကို ပြောပြခဲ့သည်။

ဟုတ်ပါသည်။ ဆေးရုံတက်ကုသရသည့် လူနာရှင်မိသားစုအတွက် ဆေးဝါးကုန်ကျစရိတ်၊ လူနာအား လိုက်ပါစောင့်ရှောက်ရသဖြင့် စီးပွားရေးမလုပ်ကိုင်နိုင်သည့် အခက်အခဲ၊ အိမ်မှ ဆေးရုံအသွားလမ်းစရိတ် စသည့်စသည့် မျိုးစုံသော အခက်အခဲများကို ရင်ဆိုင်ကြရသည်။ ရေရှည်ဆေးရုံတက် ကုသမှုခံယူရလျှင် ထိုဝန်ထုပ်ဝန်ပိုးကြောင့် မိသားစုအားလုံး စိတ်ရောကိုယ်ပါ နွမ်းနယ်ရပေသည်။ ထိုအခက်အခဲများကို ပြေလျော့သက်သာစေရန် ရန်ကုန်မြို့ရှိ ကုတင် ၅၀ဝ ကျောက်ကပ်ဆေးရုံ၊ ရန်ကုန် ကလေးဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီးနှင့် ဗဟို အမျိုးသမီးဆေးရုံကြီးတို့တွင် ကိုကြီးနှင့် ညီအစ်ကိုမောင် နှမများ ပရဟိတအဖွဲ့က နံနက်တိုင်း နံနက်စာ အာဟာရဒါနကို တာဝန်ယူလှူဒါန်းပေးလျက်ရှိသည်။

“ကုတင် ၅၀ဝ ဆေးရုံ၊ ရန်ကုန်ဟယ်ပင် ကလေးဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊ ဗဟိုအမျိုးသမီးဆေးရုံတွေမှာ မနက်စောစော ကြက်သားဆန်ပြုတ်၊ ကြက်ဥပြုတ်၊ ကွေကာအုတ်၊ ထမင်းဆီဆမ်း ပဲပြုတ်၊ မုန့် စတဲ့ အာဟာရဒါနကို လှူဒါန်းခဲ့တာလေး နှစ်ကျော်ရှိပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး နွမ်းပါးတဲ့ လူနာတွေအတွက် အလှူခံပေးပြီး ဆေးကုသမှု၊ ခွဲစိတ်ကု သမှုအဆင်ပြေအောင် လုပ်ဆောင်ပေးတာရှိပါတယ်”ဟု ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့မှ ကိုကြီးမြင့်ဇော်က ဆိုသည်။

ဆေးရုံများတွင် နံနက်စာအာဟာရဒါန ကျွေးဖြစ်ခဲ့ပုံနှင့် ပတ်သက်၍-

“အရင်ကတည်းက မရွှေကြာနဲ့ မိတ်ဆွေများဦးဆောင်တဲ့ အာဟာရဒါနပရဟိတမောင်နှမများနဲ့အတူ ရန်ကုန်ဆေးရုံကြီးမှာ လုပ်အားဒါန ပါဝင်ခဲ့ပါတယ်။ ကိုကြီးတို့ မိတ်ဆွေတွေကလည်း တခြားဆေးရုံတွေမှာ အာဟာရဒါနလုပ်ချင်ကြောင်း ပြောလာတာနဲ့ လိုအပ်တဲ့ ကုတင် ၅၀ဝ ဆေးရုံနဲ့ ရန်ကုန်ကလေးဆေးရုံနှစ်ခုကို ရွေးချယ်ပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စလှူမယ်ဆိုပြီး နံနက်စာအာဟာရဒါန စကျွေးဖြစ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ လူသိများလာတော့ တစ်ပတ်တစ်ရက်ကျွေးနိုင်ရာကနေ ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက် . . နောက်ဆုံးတဖြည်းဖြည်းနဲ့ နေ့တိုင်းကျွေးဖြစ်သွားပါတယ်။ နောက်ပိုင်း အလှူရှင်တွေလည်းများလာတော့ ရန်ကုန်ဆေးရုံသစ်ကြီးအပြင် ဗဟိုအမျိုးသမီးဆေးရုံကိုပါ ထပ်တိုးလှူနိုင်လာခဲ့ပါတယ်။

ရန်ကုန်ကလာတက်ရတဲ့ လူနာပဲဖြစ်ဖြစ်၊ နယ်ကလာတက်ရတဲ့ လူနာပဲဖြစ်ဖြစ် နံနက်စာကြက်ဆန်ပြုတ်က အာဟာရဖြစ်စေတယ်၊ အပြင်မှာ ဝယ်သောက်မယ်ဆိုရင် အိမ်မှာချက်တဲ့ ဆန်ပြုတ်လောက် သန့်ရှင်းသပ်ရပ်မှု၊ အရသာ စတာတွေကအစ မပြည့်စုံနိုင်ဘူး။ အထူးသဖြင့် ကုန်ကျစရိတ်များပြီး ပင်ပန်းနေတဲ့ လူနာရှင်နဲ့ လူနာတွေ အထောက်အပံ့ တစ်ခုဖြစ်စေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နံနက်စာ အာဟာရဒါနကျွေးဖြစ်တာပါ . . .

ရန်ကုန်ကလာတက်ရတဲ့ လူနာပဲဖြစ်ဖြစ်၊ နယ်က လာတက်ရတဲ့ လူနာပဲဖြစ်ဖြစ် နံနက်စာကြက်ဆန်ပြုတ်က အာဟာရဖြစ်စေတယ်၊ အပြင်မှာ ဝယ်သောက်မယ်ဆိုရင် အိမ်မှာချက်တဲ့ ဆန်ပြုတ်လောက်သန့်ရှင်းသပ်ရပ်မှု၊ အရသာ စတာတွေကအစ မပြည့်စုံနိုင်ဘူး။ အထူးသဖြင့် ကုန်ကျစရိတ်များပြီး ပင်ပန်းနေတဲ့ လူနာရှင်နဲ့ လူနာတွေ အထောက်အပံ့တစ်ခုဖြစ်စေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နံနက်စာ အာဟာရဒါနကျွေးဖြစ်တာပါ”

နောက်ပိုင်းတွင် အလှူရှင်၏ စေတနာသဒ္ဒါတရားပေါ်မူတည်ပြီး ကြက်သားဆန်ပြုတ်အပြင် ကြက်ဥပြုတ်၊ မုန့်ပဲသရေစာများ၊ အဝတ်အစား၊ စတီးချိုင့်၊ ထီးအစရှိသည်တို့ကိုပါ လှူဒါန်းနိုင်ခဲ့သည်။

ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့သည် နေ့စဉ် နံနက်တိုင်း အာဟာရဒါနလှူဒါန်းခြင်း၊ ချို့တဲ့နွမ်းပါးသည့် လူနာများကို ဆေးကုသစရိတ်ထောက်ပံ့ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးသည့်အပြင် အခြားအခရာကျသည့် ပရဟိတလုပ်ငန်းအနေဖြင့် ရပ်ဝေးရပ်နီး လူနာများကို အခမဲ့ကူညီပို့ဆောင်ပေးသည့် လူနာတင်ယာဉ်ဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးလျက်ရှိသည်။

“ကိုကြီးတို့အဖွဲ့မှာ စေတနာရှင်တွေ ဝိုင်းလှူထားတဲ့ ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ဆိုတဲ့ လူနာတင်ယာဉ်နှစ်စီးနဲ့ တော်ဝင်ဖောင်ဒေးရှင်းက လှူထားတဲ့ လူနာတင်ယာဉ်တစ်စီး ရှိပါတယ်။ ကိုကြီးတို့အဖွဲ့မှာ အဓိက ပါဝင်လှုပ်ရှားပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကတော့ အယောက် ၄၀ကျော် ရှိပါတယ်။ အားလပ်တဲ့အချိန်မှာလာပြီး ကူညီဆောင်ရွက်ပေးတဲ့သူတွေနဲ့ဆိုရင် အယောက် ၆၀ ကျော်လောက်ရှိပါတယ်”

ယေဘုယျအားဖြင့် တစ်နေ့လျှင် လူနာဦးရေ ၃ ဦးခန့်ကို ဆေးရုံနှင့် အိမ်ပို့ဆောင်ပေးလျက်ရှိသည့် ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့အနေဖြင့် လမ်းပိတ်ခြင်း၊ လူနာတင်ယာဉ်ကို ဦးစားမပေးသော ကားများရှိခြင်း၊ လူနာတင်ယာဉ်သွားလာရမလွယ်သော လမ်းခရီးများကို ညာ၍ခေါ်ဆောင်ခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်ရကြောင်း သိရသည်။

“ဥပမာ ဒီနေ့ဆိုရင် အင်းစိန်ဆေးရုံကနေ ကုတင် ၅၀ဝ ကို လွှဲပြောင်းတဲ့ အဆုတ်ပြည်တည်နာ လူနာကိုသွားပို့တယ်။ မနက် ၁၁ နာရီက ထွက်ပြီး လူနာကို ဆေးရုံမှာသွားပြခဲ့တယ်။ ၁ နာရီလောက်ကြာမယ်ဆိုပြီး စောင့်တာ ညနေ ၅နာရီကျမှလူနာကို အင်းစိန်ဆေးရုံ ပြန်ပို့နိုင်တယ်။ လူနာကို ထားခဲ့ရင်တော့ ရတယ်ဆိုပေမယ့် လူနာပြန်မယ်ဆိုတဲ့အချိန်မှ ပြန်လာရင် လမ်းမှာ သွားတာ၊ လာတာ၊ ကားပိတ်တာနဲ့ အချိန်က ကြာသွားမယ်။ ဒီတော့ မထူးဘူးဆိုပြီး စောင့်တာ နေ့လယ်စာ ထမင်းတောင် မစားလိုက်ရဘူး။ ဒီလိုမျိုးဆိုရင် လူနာတင်ယာဉ်တစ်စီးက တစ်နေ့လုံး လူနာတစ်ဦးကိုပဲ ပို့နိုင်တယ်။

မနေ့က မနက်အစောကြီး အရေးပေါ် လူနာကို (၈)လွှာက သွားသယ်ပြီး အပြန်မှာ လူနာတင်စင်မှာ သေးတွေရွှဲလို့၊ အဲဒီအခါ လူနာတင်စင်က အစွပ်ကို ချွတ်၊ အိမ်မှာ ပြန်လျှော်ပြီးလှန်၊း၊ မီးပူတိုက်၊ ပြန်စွပ် အဲဒီလိုတွေ လုပ်ရတယ်။ လူနာစောင့်က မလုပ်တတ်၊ မကိုင်တတ်တော့ လမ်းမှာ ဆီးအိတ်က ဖိတ်ကျ၊ လူနာက ရက်များစွာ ကုတင်ပေါ်လှဲနေရတော့ ရေမချိုးရဘူး။ လူနာစောင့်က သန့်ရှင်းရေးမလုပ်ပေးတဲ့အတွက် တစ်လမ်းလုံး သေးနံ့နဲ့ လူနာနံ့ နံရင်း သွားရတယ်။ အိမ်ပြန်ရောက်တော့ ကားတစ်စီးလုံး သန့်ရှင်းရေးလုပ်ပြီး ရေဆေးချ၊ အစွပ်တွေကို သေချာလျှော်ဖွပ်ရတယ်။ ဒါတွေက ကိုကြီးတို့ ညီအစ်ကိုတွေ အမြဲလုပ်နေရတာတွေပါ’

သွေးမတော် သားမစပ်သည့် လူနာများကို ဆွေမျိုးရင်းချာသဖွယ် မေတ္တာ၊ စေတနာအပြည့်ဖြင့် လုပ်ဆောင်ပေးနိုင်မှဖြစ်မည့် ပရဟိတအလုပ်များကို အခမဲ့လုပ်ဆောင်ပေးနေသည့် ကိုကြီးတို့အဖွဲ့အတွက် နယ်ဝေးလူနာများ ပို့ဆောင်ပေးရာတွင် ကားဆီဖိုး အခက်အခဲရှိကြောင်း သိရသည်။

“တစ်လမှာ ကားဆီဖိုး ၁၅ သိန်း သုံးမယ်လို့ မှန်းထားပေမယ့် နယ်လူနာတွေ ခဏခဏပို့ရရင် ကားဆီဖိုးက မကာမိဘူး။ ကိုကြီးတို့က လူနာတွေကို အခမဲ့ ဘာငွေမှမယူဘဲ လိုက်ပို့ပေးတာပါ။ ဒါပေမဲ့ ကိုယ်နိုင်တဲ့ ပမာဏထက် ကျော်သွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ တချို့နယ်လူနာတွေကျတော့ လိပ်စာအတိအကျမပြောဘဲ လိမ်ခေါ်တယ်။ သွားတဲ့အခါ လမ်းတွေက ထော်လာဂျီပဲဝင်လို့ရတဲ့ လမ်းကြမ်းတွေဖြစ်နေတယ်။ တချို့ကျတော့လည်း မပို့မှာစိုးလို့ “နီးနီးလေးပဲ”လို့ ပြောပြီး ဟိုညွှန် ဒီညွှန်နဲ့ ခေါ်သွားလိုက်တာ တောင်ခြေတွေ ဘာတွေရောက်သွားတဲ့အထိ လမ်းချော်တာ၊ ကားအောက်ဗိုက်တိုက်တာတွေ ခဏခဏ ကြုံခဲ့ရတယ်။ ပို့မယ့်ပို့ လူနာအဆင်ပြေတဲ့အထိ ကားအနာခံပြီး ပို့ရတယ်။ ပြီးမှ ကားပြန်ပြင်ရတာ . . ဒီလိုတွေလည်း ကြုံရပါတယ်” ဟု ကိုကြီးက ဆိုသည်။

လူနာတင်ယာဉ် ဝန်ဆောင်မှုပေးသည့် ကိုကြီးတို့အဖွဲ့သည် လူနာများအား သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စေရန် နည်းပြများနှင့် လက်တွေ့သင်တန်းများ တက်ရောက်ထားပြီးဖြစ်ကြောင်း သိရသည်။

လူနာတွေက တချို့ဆို သတိလစ်နေတယ်၊ ပေါင်ကျိုးနေတယ်၊ လေဖြတ်နေတယ် စသဖြင့် အမျိုးမျိုးရှိတဲ့အပြင် တိုက်ခန်းအမြင့် တွေကနေသယ်ရ၊ မရတဲ့အခါ လှေကားကလည်းကျဉ်းတော့ အနည်းဆုံး လေးယောက် ဝိုင်းသယ်ရတာရှိတယ် . . .

“လူနာတွေက တချို့ဆို သတိလစ်နေတယ်၊ ပေါင်ကျိုးနေတယ်၊ လေဖြတ်နေတယ် စသဖြင့် အမျိုးမျိုးရှိတဲ့အပြင် တိုက်ခန်းအမြင့်တွေကနေ သယ်ရ၊ မရတဲ့အခါ လှေကားကလည်းကျဉ်းတော့ အနည်းဆုံး လေးယောက်ဝိုင်းသယ်ရတာရှိတယ်၊ တစ်ခါတလေ ခြောက်ယောက်-ခုနစ်ယောက် ဝိုင်းသယ်ရတာတောင် ရှိတယ်။ အဲဒီအခါ လူနာလည်း ထိခိုက်နာကျင်မှုမရှိအောင်၊ စေတနာ့ဝန်ထမ်းတွေလည်း အဆင်ပြေအောင် နည်းပြနဲ့သေချာ လေ့ကျင့်ရပါတယ်”ဟု ကိုကြီးမြင့်ဇော်က ပြောသည်။

လူနာသယ်ယူပို့ဆောင်ရာတွင် ယာဉ်ကြောကျပ်ခြင်းက အခက်အခဲတစ်ရပ်ဖြစ်သော်လည်း စာနာနားလည်မှုရှိသည့် ယာဉ်အများစုက လမ်းဖယ်ပေးသဖြင့် အဆင်ပြေချောမွေ့စွာ လိုရာခရီးကို ပို့ဆောင်ပေးနိုင်သော်လည်း အချို့ကားမောင်းသမားများက ဂရုမစိုက်ဘဲ အပြိုင်မောင်းခြင်းများ၊ ကန့်လန့်လုပ်ခြင်းများကြောင့် နှောင့်နှေးကြန့်ကြာမှုလည်း ရှိကြောင်း သိရသည်။ နေ့ရော ညပါ ပရဟိတအလုပ်များကို လုပ်ဆောင်ပေးလျက်ရှိသည့် ကိုကြီးနှင့် ညီအစ်ကိုမောင် နှမများအဖွဲ့အနေဖြင့် စားဝတ်နေရေးအတွက် နေ့ လယ်စာ ထမင်းဟင်းများ ချက်ပြုတ်ရောင်းချသည့်နည်းဖြင့် ဖြေရှင်းရကြောင်း သိရသည်။

“ကိုကြီးတို့အဖွဲ့မှာ ပူးပေါင်းပါဝင်ကူညီတဲ့သူတွေက ချမ်းသာတဲ့သူတွေ မဟုတ်ကြပါဘူး။ သာမန်စားနိုင်သောက်နိုင် လူတန်းစားများပါတယ်။ ဒီလူတန်းစားက လူအများကြီးနဲ့ အောက်ခြေမှာ နေရတဲ့ အခါကျတော့ ဒီဘဝတွေကို နားလည်ကိုယ်ချင်းစာကြတယ်။ ပရဟိတလုပ်ရင်း တခြားသူထက်စာရင် လောဘလည်း လျော့နည်းသွားတယ်။ ကိုကြီးတို့အဖွဲ့မှာပါတဲ့သူ အတော်များများက ကိုယ်ပိုင်သီးသန့်ဝင်ငွေလေးတွေ ရှိကြတယ်။ နယ်က ကလေးတွေကျတော့ ကိုကြီးတို့အိမ်မှာပဲနေပြီး ကိုယ်တို့စားသလိုကျွေးတယ်။ သူတို့မှာ ပရဟိတစိတ်ရှိတော့ သူတို့မိဘကို ပြန်ကြည့်နိုင်မယ့် ငွေပမာဏတစ်ခု စီစဉ်ပေးရတာတော့ ရှိပါတယ်”ဟု ကိုကြီးက ဆိုသည်။

လိုအပ်နေသည့် ဝေဒနာရှင်များကို လှူဒါန်းလို၍ဖြစ်စေ၊ နီးစပ်ရာ ဝေဒနာရှင်များအတွက် လူနာတင်ယာဉ်ဝန်ဆောင်မှု ရရှိလို၍ဖြစ်စေ စေတနာ မေတ္တာအပြည့်ဖြင့် လက်ကမ်းကြိုဆိုလျက်ရှိသော ကိုကြီးနှင့် ညီအစ်ကို မောင်နှမများ ပရဟိတအဖွဲ့၊ ဖုန်း ဝ၉၅၁၉၅၄၂၀ကို ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း မျှဝေလိုက်ရပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top