Healthy Life Ad
Life Style

သည်းခြေအိတ်ကျောက်တည်ခြင်း

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. သည်းခြေအိတ်ရဲ့လုပ်ငန်းဆောင်တာတွေကို သိပါရစေ ဆရာ။

ဖြေ. သည်းခြေအိတ်ဆိုတာ အသည်းရဲ့အောက်နားမှာရှိတဲ့ သစ်တော်သီးပုံအင်္ဂါဖြစ်ပါတယ်။ သည်းခြေအိတ်ရဲ့ အဓိကလုပ်ငန်းဆောင်တာက အစာခြေဖို့အတွက် သည်းခြေရည်ကိုထုတ်ပေးတာ ဖြစ်ပါတယ်။

မေး. သည်းခြေအိတ်မှာ ဘာကြောင့်ကျောက်တည်ရပါသလဲ ဆရာ။

ဖြေ. သည်းခြေအိတ်မှာ ကျောက်တည်တာကလည်း အတော်များများမှာ တွေ့နေရပါတယ်။ ဒါက ဘာကြောင့်ဖြစ်ရသလဲဆိုတော့ လူတွေရဲ့နေထိုင်စား သောက်မှုပုံစံနဲ့ ဆက်စပ်နေပါတယ်။ အဆီအအိမ့်တွေ အစားများတာ၊ ကိုယ်အလေးချိန် အများကြီးမြင့်တက်တာ၊ ဗိုက်ပူပြီး ဝလာတာ . .ဒါတွေနဲ့ ဆက်စပ်ပြီး ဖြစ်တတ်ပါတယ်။ သည်းခြေကျောက်တည်တာမှာ နှစ်မျိုးရှိပါတယ်။ တစ်ခုက ကိုလက်စထရောအဆီကြောင့် ဖြစ်တဲ့ သည်းခြေကျောက်တာရှိသလို နောက်တစ်ခုက ဘီလီရူဘင်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် သည်းခြေကျောက်တည်တာဆိုပြီး ရှိပါတယ်။

ကျောက်ကလည်း သိပ်မကြီးသေးတဲ့ အနေအထားမှာဆိုရင် စစချင်း မအီမသာဖြစ်တယ်။ ဗိုက်အောင့်တယ်။ ဒီလောက်ပဲဖြစ်တယ်။ တကယ့်တကယ် သည်းခြေကျောက်က ကြီးလာတဲ့ အခြေအနေမှာ သည်းခြေအိတ်ရောင်လာပြီ။ ဒီလိုရောင်တဲ့ အခြေအနေမှာတော့ အရမ်းနာပါတယ်။ ကျောင်းမှာ စာသင်တုန်းက သည်းခြေအိတ်ရောင်တဲ့အခါ နာ-ဖျား-ဝါဆိုတဲ့ စကားကို မှတ်ထားရပါတယ် . . .

မေး. သည်းခြေအိတ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. ကျောက်ကလည်း သိပ်မကြီးသေးတဲ့ အနေအထားမှာဆိုရင် စစချင်း မအီမသာဖြစ်တယ်။ ဗိုက်အောင့်တယ်။ ဒီလောက်ပဲဖြစ်တယ်။ တကယ့်တကယ် သည်းခြေကျောက်က ကြီးလာတဲ့ အခြေအနေမှာ သည်းခြေအိတ်ရောင်လာပြီ။ ဒီလို ရောင်တဲ့အခြေအနေမှာတော့ အရမ်းနာပါတယ်။ ကျောင်းမှာ စာသင်တုန်းက သည်းခြေအိတ်ရောင်တဲ့အခါ နာ-ဖျား-ဝါဆိုတဲ့စကားကို မှတ်ထားရပါတယ်။ နာတယ်ဆိုတာ ဝမ်းဗိုက်ညာဘက်အသည်းနေရာမှာ အရမ်းနာတာဖြစ်ပါတယ်။ ပြီးတော့ ဖျားတယ်။ ဖျားတာကလည်း ချမ်းတုန်ဖျားတာပါ။ ပြီးရင် အသားတွေဝါ၊ မျက်စိတွေ ဝါလာတယ်။ ဒီလိုလက္ခဏာတွေပေါ်လာရင်တော့ သည်းခြေကျောက်တည်တာလားဆိုပြီး စဉ်းစားရပါတယ်။

မေး. သည်းခြေအိတ်မှာ ကျောက်တည်သလားဆိုတာ သေချာသိအောင် ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်ရပါသလဲဆရာ။

ဖြေ. သည်းခြေအိတ်မှာ ကျောက်တည်သလားဆိုတာ သိအောင်လိုအပ်ရင် သွေးစစ်ပါတယ်။ အာထရာဆောင်းရိုက်တာလည်း ပြုလုပ်ရပါတယ်။ သည်းခြေကျောက်တည်တာ ဟုတ်တယ်ဆိုရင် တစ်ခါတလေ ဆေးပေးလိုက်ပါတယ်။ လိုအပ်ရင်မှန်ပြောင်း (Scope) နဲ့ ထည့်ကြည့်ရပါတယ်။ Laparoscope လို့ ခေါ်တဲ့ အပေါက်သေးဖောက်ပြီး ခွဲစိတ်ဖယ်ထုတ်လို့လည်း ရပါတယ်။ သက်ဆိုင်ရာ ဆရာဝန်က ကုသနည်းတွေကို လူနာကိုရှင်းပြပြီး လူနာသဘောတူတဲ့နည်းနဲ့ ကုသမှုပေးမှာဖြစ်ပါတယ်။

မေး. သည်းခြေအိတ်ကျောက်တည်တာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. သည်းခြေအိတ်ကျောက်တည်တာ မဖြစ်စေဖို့ အထူးသဖြင့် အဆီအအိမ့်များလွန်းတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစားများများလုပ်ရပါမယ်။ စိတ်ဖိစီးမှု လျှော့ရပါမယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူရပါမယ်။ ဒါဆိုရင်တော့ ကျန်းမာတဲ့ ဘဝပိုင်ဆိုင်နိုင်မှာပါ။

မေး. သည်းခြေအိတ်ကျောက်တည်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပြောပြလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. သည်းခြေအိတ်ကျောက်တည်တာကို သေချာကု သမှုခံယူဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သည်းခြေအိတ်ရောင်တဲ့အဆင့်မှာ အဖျားတွေအရမ်းတက်ပြီး မခံနိုင်လောက်အောင် ဗိုက်နာတတ်ပါတယ်။ ပြီးရင် ပျောက်သွားပြန်ရော၊ မကြာခင် ပြန်ဖြစ်ပြန်ရော . . အဲဒီလို လည်နေတတ်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာစေချင်ပါတယ်။ ခွဲစိတ် ကုသမှုခံယူဖို့ လိုတယ်ဆိုရင်လည်း ခွဲစိတ်ကုသမှုကို ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top