Healthy Life Ad
Life Style

ရွှေကြိုက်တဲ့ ဘုရင် မင်ဒပ်စ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရှေးသရောအခါက ဂရိမှာမင်ဒပ်စ်လို့ အမည်ရှိတဲ့ ဘုရင်တစ်ပါး ရှိခဲ့ပါသတဲ့။ သူ့မှာ ရွှေအများအပြားပိုင်ဆိုင်သလို သူလိုချင်တဲ့အရာတိုင်းလည်း သူပိုင်ဆိုင်ပြန်တယ်။ သူ့မှာ သိပ်လှတဲ့ သမီးတော် တစ်ပါးလည်းရှိတယ်။ ဘုရင်မင်ဒပ်စ်က ရွှေတွေကို အလွန်သဘောကျမြတ်နိုးတယ်။ ဒါပေမဲ့ သူချမ်းသာသမျှ ပိုင်ဆိုင်သမျှထက် သမီးတော်ကို ပိုချစ်မြတ်နိုးတော်မူသတဲ့။

တစ်နေ့မှာတော့ နားရွက်ရှည် ဂရိနတ်တစ်ပါးက အရက်မူးပြီး မင်ဒပ်စ်ရဲ့ နှင်းဆီခြံထဲ ဖြတ်လာခဲ့ပါတယ်။ ဂရိနတ်လာတာက ကံကောင်းခြင်းလို့ ယုံကြည်ပြီး မင်ဒပ်စ်က သူ့နန်းတော်မှာ အနားယူခွင့်ပြုခဲ့ပါတယ်။ မင်ဒပ်စ်က “ကျွန်တော်ထိသမျှ အရာရာတိုင်း ရွှေဖြစ်စေချင်တယ်”လို့ ဂရိနတ်ကို တောင်းဆိုခဲ့ပါသတဲ့။ ဂရိနတ်က ဒါကကောင်းတဲ့ အကြံဉာဏ်မဟုတ်မှန်းသိပေမယ့် သူ့ဆန္ဒကိုလိုက်လျောဖို့ ကတိပေးခဲ့ပါတယ်။

မင်ဒပ်စ်လည်း ပျော်ရွှင်စွာနဲ့ သူ့ဥယျာဉ်ထဲက သစ်ပင်တွေ၊ ပန်းပင်တွေကိုအကုန်လုံးကို လိုက်ထိခဲ့တဲ့အခါ ရွှေအဖြစ်ပြောင်းကုန်ပါတယ်။ ပန်းသီးတစ်လုံးကိုထိလိုက်တော့ ရွှေပန်းသီးအဖြစ်ပြောင်းသွားပါသတဲ့။ ရွှေကြိုက်တဲ့ ဘုရင်မင်ဒပ်စ်ရဲ့ပျော်ရွှင်မှုက အံ့မခမ်းပဲလေ။ ဒါနဲ့ အကုန်လိုက်ထိခဲ့တယ်။ဒီအတိုင်းပျော်နေရုံနဲ့ အားမရတဲ့ မင်ဒပ်စ်က သူ့ပျော်ရွှင်မှုကိုမျှဝေဖို့ သမီးတော်ဆီပြေးသွားပြီး ပြေးဖက်လိုက်တယ်။ သူသတိမထားမိလိုက်ချိန်မှာပဲ သမီးတော်လေးဟာ အသက်မဲ့တဲ့ ရွှေရုပ်တု အဖြစ်ပြောင်းလဲသွားတော့တယ်။ မင်ဒပ်စ် ကြက်သေသေသွားပြီး ဂရိနတ်ဆီ အပြေးအလွှားသွား တောင်းပန်တယ်။ ဒီအစွမ်းကို ပြန်နုတ်ယူဖို့နဲ့ သမီးတော်ရဲ့အသက်ကို ပြန်ကယ်ပေးဖို့ မင်ဒပ်စ် အသနားခံ တောင်းဆိုခဲ့တော့တယ်။ ဂရိနတ်ကလည်း ဘုရင်ကြီး ဆန္ဒမပြုခင်ကအတိုင်း အရာရာပြန်ပြောင်းလဲနိုင်မယ့် အဖြေကိုပေးခဲ့ပါတယ်။ နောက်ဆုံးတော့ ဘုရင်မင်ဒပ်စ်သင်ခန်းစာရသွားပြီး သူ့ဘဝကို ရှိသမျှနဲ့ရောင့်ရဲစွာ နေထိုင်သွားပါတော့တယ်။
လောဘမကြီးဖို့၊ ကိုယ့်ရှိသမျှပိုင်ဆိုင်သမျှနဲ့ ကျေနပ်တင်းတိမ်ရောင့်ရဲဖို့ ဒီစာစုက ပညာပေးထားတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top