Healthy Life Ad
Life Style

ဗိုက်ထဲက သန္ဓေသားအား စကားပြောခြင်းဖြင့် ကလေး၏ ဘာသာစကားစွမ်းရည် တိုးတက်စေနိုင်

———၊ ကိုထက် ၊———

ဗိုက်ထဲက သန္ဓေသားကို စကားပြောပေးခြင်း၊ သီချင်းဆိုပြခြင်းတို့ ပြုလုပ်လေ့ရှိတဲ့ မိဘတွေရဲ ့ ကလေးတွေက ဘာသာစကားစွမ်းရည် တိုးတက်မှုရှိကြောင်း သိရပါတယ်။

မိခင်ဝမ်းဗိုက်ထဲမှာ ရှိစဉ်ကတည်းက ကလေးငယ်တွေဟာ မကြာခဏကြားဖူးတဲ့ စကားလုံးတွေကို မှတ်မိနေကြောင်း၊ အကြောင်းမှာ ဘဝအစောပိုင်းအဆင့်မှာ ကြားရတဲ့ အသံတွေကို ကလေးငယ်ရဲ ့ ဦးနှောက်က ရင်းနှီးနေလို့ ဖြစ်ကြောင်း ဖင်းနစ်သိပ္ပံပညာရှင်တို့က ဆိုပါတယ်။

သန္ဓေသားတွေက လေ့လာနိုင်စွမ်း ရှိကြပြီး ကလေးတွေက မမွေးခင်က ဖတ်ပြခဲ့တဲ့ စာအုပ်တွေ၊ သီချင်းတွေကို မှတ်မိနိုင်ကြကြောင်း၊ ဒါပေမဲ့ ကလေးကို စကားပြောတဲ့အခါ ရိုးစင်းတဲ့စကားတွေကို ရွေးချယ်သင့်ကြောင်း ပါမောက္ခဟွိုင်တီလီနင်က ဆိုပါတယ်။

အမျိုးသမီး ၃၃ ဦးအား ကိုယ်ဝန်ဆောင် ၂၉ ပတ်မှ မွေးတဲ့အထိ လေ့လာခဲ့ရာ “တာတာတာ”ဆိုတဲ့ စကားလုံးကို အကြိမ်ရေ ရာပေါင်းများစွာ နားထောင်ခဲ့ရတဲ့ သန္ဓေသားတို့ရဲ ့ ဦးနှောက်အား စကင်ဖတ်နည်းနဲ့ လေ့လာခဲ့ပါတယ်။ လေ့လာမှုအရ သန္ဓေသားဘဝမှာ တိကျတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ကြားသိခဲ့ရတဲ့ ကလေးတွေက မကြားခဲ့ရသူတို့ထက် စကားလုံးတွေကို ပိုမိုကောင်းမွန်စွာ သိရှိနိုင်စွမ်းရှိကြောင်း သိရပါတယ်။

“ကလေးတွေရဲ ့ ဘာသာစကား လေ့လာမှုက မွေးပြီး ပထမရက်မှာ စတင်တာမဟုတ်ပါဘူး။ သန္ဓေသားဘဝကတည်းက မကြာခဏ ကြားခဲ့ရတဲ့ အသံတွေကို စတင်လေ့လာခဲ့တာ ဖြစ်ပါတယ်။ သန္ဓေသားဦးနှောက်မှာ ဒီစွမ်းရည်ရှိတာ အတော်အံ့အားသင့်စရာ ကောင်းပါတယ်” ဟု ဝါရှင်တန်တက္ကသိုလ်ရဲ့ ဘာသာစကားလေ့လာသူ ပက်ထရစ်ရှာက ရှင်းပြခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top