Healthy Life Ad
Life Style

အရွတ်ကင်ဆာကုသမှု ခရီးစဉ်အတွင်း ၁၀တန်းအောင်မြင်ခဲ့သူ အိချမ်းမြေ့အောင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္တသိုလ်)

၂၀၁၅ ခုနှစ် အသက် ၁၄ နှစ်အရွယ်တွင် အရွတ်ကင်ဆာ (Synovial Sarcoma) စတင်ခံစားခဲ့ရသူ မအိချမ်းမြေ့အောင်က ကုသမှုကို အကြိမ်ကြိမ်ခံယူရင်း ၂၀၁၈ တွင် တက္ကသိုလ်တန်းဝင် စာမေးပွဲကိုအောင်မြင်ခဲ့သူဖြစ်သည်။ သူ၏ ကင်ဆာခရီးလမ်းအကြောင်းကို မိခင်ဖြစ်သူ ဒေါ်သွင်သွင်အောင်က ယခုလို ပြန်လည်ပြောပြခဲ့သည်။

“၂၀၁၅ ၉လပိုင်းမှာ ကင်ဆာ စဖြစ်ခဲ့တာပါ။ စစချင်းမှာ ညာဘက်ခြေသလုံးတကောက်ခွက်နောက်က အမြှောင်းလေးက ရောင်လာတယ်။ ခြေထောက်တစ်ဖက်တည်းဆိုရင်တော့ မသိသာဘူး။ ဘယ်ခြေထောက်နဲ့ ညာခြေထောက် ယှဉ်ယှဉ်ပြမှ သိသာတာ။ “မေမေ . .ဒါလေးရောင်နေတယ်”လို့ ပြတော့ အကြောထုံးတယ်လို့ ထင်တယ်။ ဒါနဲ့ ဒဏ်ကြေဆေး လိမ်းပေး၊ နှိပ်ပေးလုပ်ပေးတယ်။ အဲဒီလိုနဲ့ လေး- ငါးလလောက်ကြာသွားတယ်။

ရှစ်တန်းစာမေးပွဲဖြေပြီးတော့ နွေရာသီမှာ မြို့နယ်လုံးဆိုင်ရာ စကောလားရှစ်လက်ရွေးစင် သွားပြိုင်တော့ အားကစားပြိုင်ပွဲတွေမှာ သမီးလေးက ညာခြေထောက်နဲ့ ပြေးတာတွေ . . ဘာကိုမှ မလုပ်နိုင်တော့ဘူး။ သတိလစ်သွားတယ်။ နှလုံးအားနည်းသလား၊ ရာသီသွေးသားကိစ္စလားလို့ ထင်တယ်။ ဆရာဝန်နဲ့ပြပြီး စစ်လိုက်တော့ ဘာမှမရှိဘူး။ အဲဒီကျမှ ခြေထောက်လေးရောင်လာတယ်ပြောမှ ခြေထောက်တံကောက်ကြောနောက်မှာ အကျိတ်လေးထွက်လာတယ်။ အဲဒီအချိန်မှာ သမီးလေးက လူကြားထဲ သွားလို့မရတော့ဘူး။ လူများရင် မူးလဲတယ်၊ ကားနဲ့ ခရီးသွားရင် မူးလဲတယ်။ လေမဝင်တဲ့နေရာဆို ချွေးပြန်ပြီးသတိလစ်တယ်။ အဲဒီလိုဖြစ်တော့မှ အရိုးအကြော ဆရာဝန်ဆီ သွားပြလိုက်တယ်”

အရိုးအထူးကု ဆရာဝန်ကြီးက သံလိုက်ဓာတ်မှန် (MRI)ရိုက်ကူးရန် ကြည့်မြင်တိုင် အရိုးဆေးရုံကြီးသို့ လွှဲပေးခဲ့သည်။ ထိုဆေးရုံတွင် တာဝန်ကျ အရိုးအထူးကုဆရာဝန်က မအိချမ်းမြေ့အောင်၏ ခြေသလုံးကို စမ်းသပ်ပြီး ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “တနင်္လာနေ့ ဆေးရုံတင်ပြီး အင်္ဂါနေ့မှာ ခွဲတယ်။ ခွဲပြီး ရန်ကုန်ဆေးရုံကြီးမှာ အသားစစစ်ဆေးဖို့ အစ်မကိုပုလင်းလေးပေးတယ်။ အနာချုပ်ရိုးကောင်းတာနဲ့ တစ်ပတ်နေတော့ ဆေးရုံက ဆင်းလာတယ်။ ချုပ်ရိုးဖြည်ဖို့ ဆေးရုံပြန်ချိန်းတဲ့ရက်မှာ အသားစစစ်ဆေးထားတဲ့ အဖြေကလည်းရနေပြီ။ အဲဒါနဲ့ အစ်မတစ်ယောက်တည်းကိုပဲ သီးသန့်ခေါ်ပြီး “တော်တော်ဆိုးတဲ့ ကင်ဆာဖြစ်နေတယ်၊ စိုးရိမ်ရတယ်။ အဲဒီအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆက်ကုရမယ်” လို့ပြောတယ်”

ထိုအချိန်တွင် ကင်ဆာဟူ၍ ဆွေမျိုးများထဲတွင် တစ်ခါမှ မကြားဖူးသော ဒေါ်သွင်သွင်အောင်အတွက် ထိတ်လန့်စိုးရိမ်မှုကြီးစွာ ခံစားခဲ့ရသည်။ “ငါ့သမီးလေးတော့ သေတော့မှာပဲဆိုပြီး မစားနိုင် မသောက်နိုင် ငိုယိုနေခဲ့တယ်။ ဒါပေမဲ့ ကလေးရှေ့မှာကျတော့ အံကြိတ်ပြီး ဟန်ဆောင်နေခဲ့တယ်”

မိခင်တစ်ယောက်၏ သောကကို ဟန်လုပ်ပြီး ဒေါ်သွင်သွင်အောင်သည် သမီး၏ ကျန်းမာရေးအတွက် ဆေးဆက်ကုသရန်ဆုံးဖြတ်ခဲ့သည်။ “ကင်ဆာကတော့ Synovial Sarcoma ၊ အဆင့်က ၂ ရှိပြီ။ ဒီအရွယ်က အရမ်းနုနယ်သေးတဲ့အတွက် ကလေးကို ကင်ဆာဖြစ်နေတယ်ဆိုတာ မပြောပါနဲ့၊ ကုသလို့ရတာကို စိတ်ဓာတ်ကျသွားရင် ဆေးမတိုးဘဲနေမယ်လို့ ဆရာဝန်ကပြောတယ်။ ဒါနဲ့ အစ်မလည်း သမီးလေးကို ကင်ဆာကာကွယ်ဆေးသွင်းရမယ်ဆိုပြီး ညာပြောရတယ်။ ကလေးက “ကင်ဆာ ကာကွယ်ဆေးဆိုတာ ရှိလို့လား”လို့ မေးတယ်။ ဒါနဲ့ အခုခေတ်က ခေတ်မီနေလို့ ကာကွယ်ဆေးရှိတယ်လို့ ပြောပြီး အစ်မ သူ့ကို ကင်ဆာဌာန ခေါ်သွားလိုက်တယ်။ တာဝန်ကျဆရာမကလည်း ဆေးသွင်းလိုက်ရင် မူးမယ်၊ အန်မယ်၊ ဆံပင်ကျွတ်မယ်၊ ကျောင်းလည်း ခဏနားရမယ် . . ဖြစ်မလားလို့ သမီးကိုမေးတော့ သူကလည်း လက်ခံတာနဲ့ ဆေးကုဖြစ်သွားတယ်”

ထိုနှစ်တွင် မအိချမ်းမြေ့အောင် ကျောင်းနားလိုက်ပြီး မှော်ဘီမှရန်ကုန်ဆေးရုံကြီးသို့သွားရောက်ကာ ကင်ဆာဆေးသွင်းကုသမှု ၆ ကြိမ်နှင့် ဓာတ်ရောင်ခြည်ကုထုံးကို၂၈ ကြိမ် ခံယူခဲ့ရသည်။ “ဆေးရုံကိုရောက်တော့ လူပေါင်းများစွာ၊ ကိုယ့်သမီးထက် ငယ်တာတွေရော၊ အသက်ကြီးကြီး အဘိုးကြီး အဘွားကြီးတွေရော လူပေါင်းများစွာ မြင်လိုက်ရတဲ့အချိန်မှာ အစ်မ အားတက်သွားတယ်။ ငါတို့ပတ်ဝန်းကျင်မှာ ငါ့သမီးလေးတစ်ယောက်တည်း ကင်ဆာရှိလို့ စိုးရိမ်ပြီး အပူလုံးကြီးဖြစ်နေတာ၊ ဒီကင်ဆာဌာနမှာ လူပေါင်းများစွာပါလားဆိုပြီး နည်းနည်းအပူလျော့သွားတယ်။ လူနာများစွာနဲ့ စကားပြောကြည့်တော့လည်း တချို့ကျတော့ သုံးနှစ်ရှိနေပြီ၊ ကျွန်မဆို ကင်ဆာအဆင့် ၄၊ ဆေးသွင်းတာ ၁၀ ကြိမ်ရှိပြီ၊ ဘာမှမဖြစ်ပါဘူး စသဖြင့် ကိုယ့်ကို ဝိုင်းအားပေးကြတော့အားတက်သွားတယ်။ ဒါဆိုရင်တော့ ငါ့သမီးလေးမသေနိုင်ဘူး၊ သူတို့ကုတဲ့ကုထုံးအတိုင်း တစိုက်မတ်မတ် လုပ်ရုံပဲလိုတယ်ဆိုတဲ့ အသိဉာဏ်ရှိသွားတယ်။

ကင်ဆာဆေးသွင်းတဲ့အချိန်မှာ သမီးက ဘာမှမစားဘူး၊ စားချင်စိတ်မှ မရှိဘဲကိုး။ အစ်မကတော့ သမီးအစားမစားချင်လို့ မစားဘဲနေရင် အောက်ဆီဂျင်ပေးနေရတဲ့ ကင်ဆာလူနာတွေကိုပြပြီး “အဲဒီလို ဖြစ်သွားလိမ့်မယ်၊ အဲဒီလိုမဖြစ်ချင်ရင် အစာစား” ဆိုပြီး ပြောရတယ်။ ထမင်းမစားချင်ဘူးဆိုရင် ဘာအသီးစားချင်လဲမေးပြီး လိမ္မော်သီးစားချင်တယ်ဆို ရအောင်သွားဝယ်တယ်။ သူ့ပါးစပ်ထဲ တစ်စိတ်ပဲဝင်ဝင်၊ နောက်ဆုံးအရည်ပဲ စုပ်ပြီး အဖတ်ကိုပဲ ထွေးထုတ်ထွေးထုတ် ရအောင်ကျွေးတယ်။ သူ့ပါးစပ်က စားချင်တာဘာပဲဖြစ်ဖြစ် ရအောင်လုပ်ကျွေးတယ်။ ဆေးရုံဆင်းလို့ အိမ်ပြန်ရောက်ရင်လည်း ဆေးဒဏ်ကခံရတုန်းပဲ။ ထိုင်ချင်ရင် အစ်မက နောက်က တွဲထူပေးမှထိုင်နိုင်တယ်။ ထမင်းမစားရင် ခြေရင်းခေါင်းရင်းအိမ်တွေက ကြက်သားကို ဘယ်လိုလေး ချက်ထားတာဆိုပြီး သူစားချင်စိတ်ရှိအောင် ဟင်းအရောင်၊ ဟင်းချက်တဲ့ ပုံစံလေးတွေ ပြောပြတယ်။ အဲဒီမှာ သူက ‘ဘယ်ဟင်းလေးတော့ စားချင်တယ်’လို့ ပြောလိုက်ရင် အစ်မက ပန်းကန်လေးနဲ့ ပြေးတောင်းတာ၊ ပြီးတော့ သူ့ပါးစပ်ထဲ ထမင်းတစ်လုတ်ဝင်ဝင် အစ်မရအောင် ကျွေးခဲ့တယ်”

မိခင်ဖြစ်သူ ဒေါ်သွင်သွင်အောင်၏ ပြုစုစောင့်ရှောက်မှုကောင်းမွန်သောကြောင့် ကင်ဆာဆေး နှစ်ကြိမ်သွင်းပြီးချိန်တွင် အစားအသောက်များကို သူစားချင်သမျှ ယူပြီးစားသောက်လေ့ရှိသည်။ “အစားအသောက်ကို ပုံမှန်ဝင်သွားတော့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်သွားပါတယ်။ ၆-၄-၂၀၁၆ ရက်နေ့မှာ ကင်ဆာဆေးသွင်းကုထုံးကော၊ ဓာတ်ရောင်ခြည်ကုထုံးပါ အားလုံးပြီးဆုံးသွားပါတယ်။ ဆေးပြန်စစ်တော့ ကင်ဆာဆဲလ်မရှိတော့ဘူးဆိုတာနဲ့ ၂၀၁၆ ဇွန်လမှာ သမီးလေးကို ကိုးတန်းပြန်ထားလိုက်ပါတယ်” ဖခင်ဖြစ်သူ ဦးကျော်မင်းလတ်မရှိသည့်နောက်ပိုင်း မိခင်ဖြစ်သူ ဒေါ်သွင်သွင်အောင်ကသာ သမီးနှင့်သားကို တစ်ဦးတည်း ပြုစုပျိုးထောင်နေသူဖြစ်သည်။

ပုံမှန်လူကောင်းတွေ ၁၀ မိနစ်လောက် လမ်းလျှောက်သွားနိုင်တဲ့ နေရာမျိုးကို သမီးလေးက လမ်းမလျှောက်နိုင်ဘူး။ သူ့ခန္ဓာကိုယ်မှာ နည်းနည်းပင်ပန်းသွားတာနဲ့ အရုပ်ကြိုးပြတ်ဖြစ်သွားတယ်။ နောက်ဆုံး သူစားတဲ့ ထမင်းပန်းကန်ကိုတောင် ကိုင်မစားနိုင်တော့ဘူး။ စာသင်ခန်းထဲကနေ အိမ်သာကို မသွားနိုင်တော့ဘူး။ အစ်မက သူ့ကိုကျောပိုးပြီးလိုက်ပို့ပေးရတယ်။ ကင်ဆာဆဲလ်မရှိတော့ပေမယ့် ပင်ပန်းတဲ့ဒဏ်ကို သူမခံနိုင်တော့ဘူး။ ဒါပေမဲ့ သူက ပညာသင်ချင်တော့ . . .

“ကင်ဆာဆေးဒဏ်၊ ခွဲတုန်းက မေ့ဆေးဒဏ်တွေရယ်ကြောင့် သမီးလေးက သွားလာလှုပ်ရှားမှုကို အရမ်းလုပ်လို့မရတော့ဘူး။ ပုံမှန်လူကောင်းတွေ ၁၀ မိနစ်လောက် လမ်းလျှောက်သွားနိုင်တဲ့ နေရာမျိုးကို သမီးလေးက လမ်းမလျှောက်နိုင်ဘူး။ သူ့ခန္ဓာကိုယ်မှာ နည်းနည်းပင်ပန်းသွားတာနဲ့ အရုပ်ကြိုးပြတ်ဖြစ်သွားတယ်။ နောက်ဆုံး သူစားတဲ့ ထမင်းပန်းကန်ကိုတောင် ကိုင်မစားနိုင်တော့ဘူး။ စာသင်ခန်းထဲကနေ အိမ်သာကို မသွားနိုင်တော့ဘူး။ အစ်မက သူ့ကို ကျောပိုးပြီး လိုက်ပို့ပေးရတယ်။ ကင်ဆာဆဲလ်မရှိတော့ပေမယ့် ပင်ပန်းတဲ့ဒဏ်ကို သူမခံနိုင်တော့ဘူး။ ဒါပေမဲ့ သူက ပညာသင်ချင်တော့ ကိုးတန်းဆက်တက်ရင်း ၂၀၁၆ နှစ်လပိုင်းမှာ ကိုးတန်းစာမေးပွဲ ဖြေလိုက်တယ်။” ထိုအချိန်အထိ ခြောက်လတစ်ကြိမ် ကျန်းမာ ရေးစစ်ဆေးမှု ခံယူခဲ့ရာ ကင်ဆာဆဲလ်မတွေ့ရကြောင်း၊ သို့ဖြစ်ရာ ၂၀၁၇ သုံးလပိုင်းတွင် ၁၀ တန်းအတွက် အိမ်တွင်ကျူရှင်သင်ပေးဖြစ်ကြောင်း ဒေါ်သွင်သွင်အောင်က ပြောသည်။

“သမီးလေးကလည်း ပညာလိုလားတော့ တက်တက်ကြွကြွ စာသင်တယ်။ ၂၀၁၇-၆လပိုင်း ၁ ရက်နေ့ ၁၀ တန်းစတက်တယ်။ ၆ လပိုင်း ၂၀ ရက်နေ့ သမီးလေးကို ဆေးရုံပြန်ပြတော့ သမီးလေးရဲ့ ခွဲထားတဲ့ အကျိတ်နေရာမှာ နောက်ထပ်အကျိတ် ထပ်ထွက်တာကို တွေ့ရတယ်။ ပြောရရင် ဒုတိယအကြိမ် ကင်ဆာပြန်ဖြစ်တာပါပဲ။ သမီးလေးကလည်း ၁၀ တန်းစာမေးပွဲ ဖြေချင်တယ်၊ ဆေးမကုချင်သေးဘူး။ ကင်ဆာအထူးကုဆရာဝန်ကလည်း ပိုကြီးပြီး ပိုပြန့်သွားလိမ့်မယ်၊ နုတုန်း ထပ်ခွဲလိုက်ပါလို့ အကြံပေးတယ်”

ဒုတိယအကြိမ် ကင်ဆာဖြစ်ခြင်းက မအိချမ်းမြေ့အောင်ကို စိတ်အတော်ထိခိုက်စေခဲ့သည်။ ပညာကို အေးဆေးစွာသင်ယူလိုသဖြင့် ကျန်းမာရေးအခြေအနေအတွက် ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။ သို့ရာတွင် မိခင်ဖြစ်သူ၏ အားပေးစကားဖြင့် ဆေးဆက်ကုရန် ဆုံးဖြတ်ခဲ့သည်။ “အရိုးဆေးရုံကို ပြန်တက်ပြီး ခွဲတယ်၊ အသားစယူစစ်လိုက်တော့ ကင်ဆာအဆင့်(၂)လို့ သိရတယ်။ ဒါနဲ့ ကင်ဆာဆေး ဆက်သွင်းတယ်။ ဒီလိုကု သမှုတွေလုပ်ရတော့ ၁၀ တန်းကို တက်လို့မရတော့ဘူး။ ဒါနဲ့ သမီးလေးတက်နေတဲ့ အထက(၂) မှော်ဘီက အတန်းပိုင်ဆရာမ၊ ကျောင်းအုပ်နဲ့ ဆေးခွင့်သွားညှိရတယ်။ ကလေးက ဆေးသွင်းပြီးပြန်လာလို့ နားပြီး နေကောင်းရင် ကျောင်းတက်ခိုင်းတယ်။ ကျောင်းဝင်းထဲအထိ ဆိုင်ကယ်နဲ့ပို့တယ်၊ သူ့အခန်းထဲထိကျောပိုးပို့တယ်။ သူ့လက်တွေက စာများများမရေးနိုင်၊ ခြေထောက်က လမ်းမလျှောက်နိုင်၊ ဒီကြားထဲကပဲ ၁၀တန်းစာမေးပွဲ ဖြေချင်တယ်လို့ သမီးလေးကပြောတယ်”ဟု ဒေါ်သွင်သွင်အောင်ကဆိုသည်။

ရန်ကုန်ဆေးရုံကြီး ကင်ဆာကုဌာနတွင် နယ်မှဆေးလာကုသည့် ဆရာမများရှိရာ ဆေးရုံမှ ကင်ဆာအထူးကု ဆရာဝန်ကြီးက မအိချမ်းမြေ့အောင်နှင့် ချိတ်ဆက်စီစဉ်ပေးပြီး ထိုဆရာမများနှင့် ခုတင်ချင်းကပ်လျက် ထားပေးသည်။ “အဲဒီတော့ သမီးလေးက ဆေးရုံကို ကျောင်းစာအုပ်တွေယူလာပြီး သူမရှင်းတာ၊ သိချင်တာတွေကို ဘေးခုတင်က ဆရာမတွေကိုမေးတယ်။ စာလေးကို ရသလောက်လုပ်တယ်။ ကင်ဆာဆေးသွင်းကုသမှုကို ၁၁ လပိုင်းအထိ လုပ်ရတယ်။ ၁၂လပိုင်းကျတော့ ဆရာဝန်က ကလေးစာမေးပွဲဖြေချင်ရင် ဖြေပါ၊ နောက်ထပ် ပြန်စစ်ဆေးရမယ့် စစ်ဆေးမှုကို ၃ လပိုင်း စာမေးပွဲပြီးမှ ပြန်စစ်ပေးမယ်လို့ ပြောတယ်။ ဒါနဲ့ အစ်မတို့ အိမ်ပြန်လာကြတယ်”

ထိုအချိန်တွင် ၁၀ တန်းစာမေးပွဲနှင့် နီးကပ်လာသဖြင့် သင်ခန်းစာအသစ်များကို ထပ်မသင်တော့ဘဲ သင်ပြီးသား သင်ခန်းစာအပိုင်းကိုသာ လေ့လာမှတ်သားမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ “ဖြစ်ချင်တော့ ၂ လပိုင်းမှာ ခွဲထားတဲ့ အကျိတ်နေရာမှာ နောက်ထပ်အကျိတ်တွေ ထပ်ထွက်လာပြန်ရော။ သမီးကလည်း စာမေးပွဲဖြေချင်နေတာနဲ့ စာပဲကျက်ခိုင်းပြီး စာမေးပွဲပြီးမှ ဆေးရုံပြန်သွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မေ့ဆေးဒဏ်၊ ကင်ဆာဆေးဒဏ်တွေကြောင့် စာကျက်တိုင်း တစ်ပုဒ်လုံးရတယ်၊ ဒါပေမဲ့ အစကိုဖော်မရဘူး။ အဲဒီလို အခက်အခဲတွေ ကြုံရတယ်။ သူကတော့ ဝမ်းနည်းတယ်။

အစ်မကတော့ သမီးရဲ့ ကျန်းမာရေးက အရေးကြီးဆုံးလို့ ခံယူထားတာဆိုတော့ ၁၀ တန်းမအောင်လည်း ဘာမှမဖြစ်ဘူး၊ ကျန်းမာအောင်ပဲနေလို့ အားပေးတယ်။ သူကတော့ စိတ်အေးအေးထားပြီး ရသလောက်ဖြေခဲ့တယ်” စာမေးပွဲပြီးသည်နှင့် ဆေးရုံပြန်ပြခဲ့ရာ တတိယအကြိမ် ကင်ဆာပြန်ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ရပြီး ဧပြီလတွင် အကျိတ်များ ပြန်ခွဲစိတ်ခဲ့ရသည်။ ၂၀၁၈ ခုနှစ် မေလတွင် ကင်ဆာဆေး စတင်သွင်းခဲ့ရသည်။

“ဆေးရုံမှာ ဆေးသွင်းရင်း ၁၀တန်းအောင်စာရင်းထွက်တော့ သမီးလေးအောင်တယ်လို့ သိရတယ်။ အဲဒီအချိန်မှာ ဝမ်းသာဝမ်းနည်း ခံစားရတယ်။ ၁၀ တန်းဖြေတုန်းကတော့ အောင်ချင်အောင်၊ မအောင်ချင်နေစိတ်ချမ်းသာရင်ပြီးရောဆိုပြီး ဖြေခိုင်းလိုက်ပေမယ့် အောင်စာရင်းထွက်တဲ့နေ့မှာ သမီးလေးစာမေးပွဲအောင်တယ်ဆိုတဲ့အခါ ခံစားရတဲ့ပီတိက ဘာနဲ့မှလဲလို့မရဘူး။ ကျောင်းလည်း သိပ်မတက်ရ၊ စာလည်းလုပ်ချင်မရှိ၊ ကင်ဆာဆေးသွင်းရင်းနဲ့ ဖြေခဲ့ရတဲ့ စာမေးပွဲဆိုတော့ အစ်မ ပီတိဖြစ်ရပါတယ်”ဟု ဒေါ်သွင်သွင်အောင်က မျက်ရည်ဝဲလျက် ပြောသည်။ ကျောင်းဆရာမတစ်ဦးဖြစ်ချင်သည့် မအိချမ်းမြေ့အောင် တက္ကသိုလ်တက်ရန်အတွက်မူ မိခင်ဖြစ်သူ ဒေါ်သွင်သွင်အောင်က ဆုံးဖြတ်ချက်မချနိုင်သေးကြောင်း ဆိုသည်။

“ကင်ဆာ တတိယအကြိမ် ဖြစ်ပြီးချိန်မှာ သမီးလေးရဲ့ ပေါင်အရင်းကို သွေးလျှောက်မှုအားနည်းတော့ ခြေထောက်တစ်ဘက် နည်းနည်းနိမ့်သွားတယ်။ အရိုးကလည်း အရမ်းပါးသွားတယ်။ ဒါကြောင့် ချိုင်းထောက်နဲ့သွားပါ ဒါမှမဟုတ် တုတ်ကောက်နဲ့ သွားပါလို့ အကြံပေးတယ်။ အထပ်အမြင့်လည်း မတက်ခိုင်းဘူး။ အဲဒီအတွက် တက္ကသိုလ်တက်ရင် ကျောင်းကားတွေပေါ် သူတက်နိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဆုံးဖြတ်ရခက်နေတာပါ” ဟု ဒေါ်သွင်သွင်အောင်ကဆိုပြီး အခြားကင်ဆာဝေ ဒနာရှင်ကလေးတို့၏ မိဘများ၊ အုပ်ထိန်းသူများအား သူ့အတွေ့အကြုံကို အခြေခံလျက် အကြံပြုစကား ပြောကြားလိုက်ပါသည်။
“မိဘဆိုတာ သားသမီးအတွက် သူရဲကောင်းတော့ ဖြစ်နေရမှာပါ။ မုဆိုးမဘဝနဲ့ ဒီသားနဲ့ သမီးအတွက် အမေလည်း ကိုယ်၊ အဖေလည်း ကိုယ်ဖြစ်တော့ ငါသာ ဘုံးဘုံးလဲသွားရင် ကလေးတွေကယ်မယ့်သူမရှိဘူး၊ ငါသာစိတ်ဓာတ်ကျနေရင် သမီးလေးဘယ်လိုခံစားရမလဲလို့ တွေးလိုက်တယ်။ ဒီလိုနဲ့ သမီးလေးရှေ့မှာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေပြတယ်။ ဒါကြောင့် သားသမီးက ကင်ဆာဝေဒနာဖြစ်လို့လည်း မိဘတွေ စိတ်ဓာတ်မကျပါနဲ့။ စိတ်ခွန်အားအပြည့်နဲ့ ရောဂါကိုတော်လှန်ကြပါလို့ ပြောချင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top