Healthy Life Ad
Life Style

အဆုတ်ရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး ။ အဆုတ်ရောင်ရောဂါအကြောင်း သိပါရစေဆရာ။

ဖြေ ။ နမိုးနီးယားအဆုတ်ရောင်ရောဂါဆိုတာ အဓိကအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျရင် ရာသီတုပ်ကွေးရောဂါနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ အလွန်ငယ်တဲ့ ကလေးတွေနဲ့ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာဆိုရင် တုပ်ကွေးရောဂါဝင်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်တတ်ပါတယ်။

တစ်ခါတလေကျရင် ဝက်သက်ပေါက်တဲ့ ကလေးတွေမှာ နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင် အဆုတ်ခဲရောဂါ ဖြစ်တတ်ပါတယ်။ အဆုတ်ရောင်ရောဂါက ပြင်းထန်တဲ့အဆင့်မှာဆိုရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

မေး ။ ဘယ်လိုလက္ခဏာတွေဖြစ်ရင် အဆုတ်ရောင်နေပြီလား ဆိုပြီး သံသယဝင်သင့်ပါသလဲ ဆရာ။

ဖြေ ။

လူတစ်ယောက်က ဖျားနာတယ်၊ ချောင်းဆိုးတယ်၊ ချောင်းဆိုးတဲ့အခါ သလိပ်ပါတယ်၊ ရင်ဘတ် အောင့်တယ်၊ ကိုယ်လက်ကိုက်ခဲတယ်၊ ဒါတင်မကဘဲ အသက်ရှူမြန်လာတယ်၊ အသက်ရှူကျပ်တယ်၊ နှလုံးခုန်နှုန်း မြန်လာတယ် . . ဆိုရင် မပေါ့မဆဘဲ အဆုတ်ရောင်နေပြီလားလို့ သံသယဝင်သင့်ပါတယ်။

တချို့ဆိုရင် ဒီလက္ခဏာတွေနဲ့ တွဲပြီး ဝမ်းလျှောတာတွေတောင် ဖြစ်တတ်ပါတယ်။

တကယ်တမ်းပြောရရင် ဖျားနာကိုက်ခဲပြီး ချောင်းဆိုးတာက သုံး-လေး-ငါးရက်ကျော်တဲ့အထိ မသက်သာဘူး၊ ဒီ့ထက်လည်း ပိုဆိုးလာတယ်၊ အလုပ်အကိုင်လည်း ပျက်လာတယ်ဆိုလို့ရှိရင်တော့ ဆေးရုံ၊ ဆေးခန်းကို သေချာ ပြသဖို့ လိုပါတယ်။

မေး ။ အဆုတ်ရောင်ရောဂါကို ဘယ်လို ကုသမှုခံယူ နိုင်ပါသလဲ ဆရာ။

ဖြေ ။ နမိုးနီးယားအဆုတ်ရောင်ရောဂါက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics)နဲ့ သေချာကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ သေချာကုသမှု မခံယူဘူးဆိုရင်တော့ နောက်ဆက်တွဲ ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

မေး ။ အဆုတ်ရောင်ရောဂါတစ်ကြိမ်တစ်ခါဖြစ်ပြီး ကုသပျောက်ကင်းထားသူတွေအနေနဲ့ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ခြေရှိပါသလား ဆရာ။

ဖြေ ။ ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ တကယ်လို့ ကိုယ်က ကိုယ်ခံအားစနစ်ကျနေတဲ့အချိန်မှာနေထိုင်မကောင်းဘူးဆိုရင်၊ ရာသီတုပ်ကွေးဖြစ်ပြီးချိန် ကိုယ်ခံအား မကောင်းတဲ့အချိန်မှာဆိုရင်၊ ဝက်သက်ပေါက်ပြီး ကိုယ်ခံအားကျနေတဲ့အချိန်မှာဆိုရင် ဘက်တီးရီးယားပိုး ဝင်နိုင်ခြေများတဲ့အတွက် ဖြစ်နိုင်ခြေရှိပါတယ်။ ပြီးတော့ ဆီးချိုရောဂါရှိတဲ့သူ၊ ကင်ဆာရောဂါရှိတဲ့သူ . . စသဖြင့် အခြေခံရောဂါကို သေချာကုသမထားတဲ့အချိန်မှာ ကိုယ်ခံအားကျနေတတ်တဲ့အတွက် ဒီအချိန်မှာ ဘက်တီးရီးယားပိုးဝင်ရင် အဆုတ်ရောင်ရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဂရုစိုက်ဆင်ခြင်နေထိုင်သင့်ပါတယ်။

မေး ။ အဆုတ်ရောင်ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ ။ ရာသီတုပ်ကွေးနဲ့ ပတ်သက်တဲ့ ကာကွယ်ဆေးကို ထိုးနှံနေကြပါပြီ။ နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ရှိပါတယ်။ တချို့ပညာရှင်တွေက Pneumococcal Vaccineကို ထိုးသင့်တယ်လို့ အကြံပေးကြတာလည်း ရှိပါတယ်။ ကလေးတွေမှာတော့ ပြင်းထန်နမိုးနီးယား ကာကွယ်ဆေးကို ထိုးနှံနေပါပြီ။ လူကြီးတွေအနေနဲ့လည်း နမိုးနီးယား အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံထားဖို့ ပညာရှင်တချို့ အကြံပြုထားတာ ရှိပါတယ်။ နမိုးနီးယားအဆုတ်ရောင်ရောဂါ မဖြစ်အောင်ကာကွယ်ဖို့ သန့်ရှင်းလတ်ဆတ်တဲ့ အစာအာဟာရကို စားပါ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို မျိုးစုံစားပါ၊ မျှတအောင်စားပါ၊ စိတ်ဖိစီးမှုလျှော့ပါ၊ အိပ်ရေးဝအောင် အိပ်စက်အနားယူပါ . .ဒါဆိုရင် ကိုယ်ရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ဘာရောဂါပိုးပဲ ဝင်လာဝင်လာကိုယ့်အနေနဲ့ခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top