Healthy Life Ad
Life Style

အသည်းကင်ဆာဖြစ်၍အသည်းအစားထိုးကုသမှုအောင်မြင်ထားသူဒေါက်တာမောင်မောင်ကြိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္တသိုလ်)

ဝါးခယ်မမြို့တွင် နေထိုင်သူ ဒေါက်တာမောင်မောင်ကြိုင်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ၊ အသက် ၆၂နှစ်အရွယ်တွင် အသည်းကင်ဆာဖြစ်မှန်း စတင်သိရှိခဲ့ရသူ ဖြစ်သည်။

“ကျွန်တော်က ဘီပိုးရှိပါတယ်။ ဘီပိုးကြောင့် အသည်းခြောက်နေတာက ၂၅ နှစ်ရှိပြီ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အသည်းကင်ဆာ ဖြစ်တော့မယ်ဆိုတာသိထားပြီးသားပါ။ တချို့ဆို အသည်းခြောက်တာနဲ့ ၁၀ နှစ်လောက်ဆို အသည်းကင်ဆာဖြစ်ပြီလေ။ ကျွန်တော်က ဆရာဝန်ဆိုတော့ ထိန်းထိန်းသိမ်းသိမ်းနေတာကြောင့် ၂၅နှစ်လောက်ကြာမှ အသည်းကင်ဆာအဖြစ်ပြောင်းသွားပါတယ်။

ကျွန်တော်တို့ခေတ်တုန်းက ဘီပိုးကာကွယ်ဆေးပေါ်တော့ ပေါ်ပြီ၊ သိပ်အယုံအကြည်မရှိကြတော့ မထိုးကြဘူး။ ကျွန်တော် အလုပ်သင်ဆရာဝန်ဘဝမှာ အဆောင်မှာနေရင်း အသည်းရောင် အသားဝါဖြစ်ခဲ့တယ်။ ကျောင်းက ဆရာကြီးတွေက ကုပေးတော့ ပျောက်သွားခဲ့တယ်။ အဲဒီအချိန်မှာ ဘီပိုးကာကွယ်ဆေးထိုးရကောင်းမှန်း မသိခဲ့ဘူး။ များသောအားဖြင့် မကောင်းပြောတော့ ထိုးတဲ့သူနည်းတယ်”ဟု ဒေါက်တာမောင်မောင်ကြိုင်ကအသည်းကင်ဆာဖြစ်ခဲ့ရခြင်း အကြောင်းရင်းကို ပြန်လည်ပြောပြခဲ့သည်။

ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာမောင်မောင်ကြိုင်သည် အသည်းရောင်အသားဝါဘီပိုးရှိမှန်း စတင်သိကတည်းက အသည်းအထူးကု ဆရာဝန်ကြီးပါမောက္ခဦးခင်မောင်ဝင်းနှင့် မှန်မှန်ပြသနေခဲ့သူဖြစ်သည်။

“ဘီပိုးရှိတယ်လို့သိပြီဆိုကတည်းက ပါမောက္ခ ဦးခင်မောင်ဝင်းနဲ့ပြပြီး ၆လတစ်ခါ၊ တစ်နှစ်တစ်ခါ အာထရာဆောင်းရိုက်တယ်၊ အသည်းလုပ်ငန်းဆောင်တာစစ်တယ်၊ သွေးစစ်တယ်၊ အဲဒီအချိန်တုန်းက ဘီပိုးကု တဲ့ဆေးမပေါ်သေးဘူး၊ အသည်းအားဆေးပဲ သောက်ခဲ့တယ်။ နောက်ပိုင်း ၁၀ နှစ်လောက်မှာ ဘီပိုးသေဆေးသောက်ခဲ့တယ်။ အဲဒီလို လိုက်နာခဲ့လို့လည်း အသည်းခြောက်တဲ့အဆင့်မှာ ၂၅ နှစ် နေခဲ့ရတာပါ။

ဒီလိုနေခဲ့ရင်းနဲ့ ၂၀၁၆ စက်တင်ဘာလမှာ အသည်းမှာ ၂ ဒသမ၂ စင်တီမီတာရှိတဲ့ ကင်ဆာအလုံးလေးပေါ်လာတယ်။ ပေါ်လာလာချင်း ပါမောက္ခဦး ခင်မောင်ဝင်းနဲ့ တိုင်ပင်လိုက်တော့ သူက’အိန္ဒိယကိုသွားပြီး အသည်းအစားထိုးကုသမှုခံယူလိုက်ပါ။ တခြားဆရာဝန်တွေလည်း အသည်းအစားထိုးထားပြီး နေကောင်းနေကြတာ၊ သွားပါ’လို့ အကြံပေးတယ်”ဟုဒေါက်တာမောင်မောင်ကြိုင်က ဆိုသည်။

အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦး ခင်မောင်ဝင်း၏ အကြံပြုညွှန်ကြားချက်ဖြင့်ပင် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းရှိ Gleneagles Global Hospital သို့ ဒေါက်တာ မောင်မောင်ကြိုင်နှင့် သားဖြစ်သူတို့ သွားရောက်ခဲ့ကြတော့သည်။

“အသည်းအစားထိုးဖို့ လိုအပ်ချက်တွေကို ကျွန်တော်တို့ယူသွားပေမယ့် အသည်းလှူဖို့ သားနှစ်ယောက်စလုံးကလည်း ဝတော့ အသည်းအဆီဖုံးတဲ့အတွက်အဆင်မပြေဘူး။ အသည်းမှာရှိတဲ့ အကျိတ်အလုံးကို ဆေးဖြန်းပေးလိုက်ပြီး တစ်လအတွင်း အသည်းအလှူရှင်ကိုခေါ်ပြီး ပြန်လာဖို့ ပြောတယ်”
ဒေါက်တာမောင်မောင်ကြိုင်တို့ အသည်းအလှူရှင်ရှာခဲ့ရာ လေးလကြာမှပင် အလှူရှင်ရခဲ့ပြီး ဒေါက်တာမောင်မောင်ကြိုင်တို့ မိသားစု(ဇနီး၊ သား တစ်ဦး အပါအဝင်) သုံးဦး၊ အသည်းအလှူရှင်နှင့် စောင့်ရှောက်သူနှစ်ဦး . . စုစုပေါင်းငါးဦးတို့ အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့တော့သည်။

“ဟိုရောက်တော့ ခြေဆုံးခေါင်းဆုံးအကုန်စစ်လိုက်တယ်။ ဒီမှာတော့ ကျွန်တော်က မောတာ၊ နှလုံးတုန်တာ ဘာမှမရှိဘူး။ ဟိုလည်း ရောက်ရော အီးစီဂျီ၊ echo ရိုက်တော့ ဘာမှမရှိဘူး။ Angiogram ရိုက်လိုက်တော့မှ နှလုံးသွေးကြော သုံးချောင်းအနက် Posterier သွေးကြောတစ်ချောင်းက ၆၀ ရာခိုင်နှုန်း ပိတ်နေတယ်လို့တွေ့ရတယ်။ ဒါနဲ့ သွေးကြောပွင့် အောင် စတန့်(stent)ထည့်လိုက်ရတယ်။ စတန့် ထည့်ပြီး အသည်းအစားထိုးလို့ မရဘူး၊ အချိန်နှစ်လ စောင့်ရမယ်ဆိုတာနဲ့ အိန္ဒိယမှာပဲ နေမလား၊ မြန်မာ နိုင်ငံပြန်မလားဆိုတာ စဉ်းစားရတော့တယ်”

ဒေါက်တာမောင်မောင်ကြိုင်တို့ မိသားစုသည် ကုန်ကျစရိတ်တွက်ချက်ကြည့်ပြီး အိန္ဒိယ၌ပင် နေထိုင်ရင်း စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။”နှစ်လပြည့်တော့ အသည်းအစားထိုးကုသလိုက်တဲ့အခါ အကုန်ကောင်းတယ်။ Rejection (ပြန်လည်တွန်းကန်မှု)လည်းမဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ဘယ်လိုနောက်ဆက်တွဲပြဿနာဖြစ်သလဲ ဆိုတော့ အလှူရှင်အသည်းနဲ့ ကျွန်တော့်အသည်း ဆက်ထားတဲ့ သည်းခြေပြွန်မှာ နည်းနည်းပိတ် (Stricture)နေတယ်။ သည်းခြေရည်ကသိပ်မဆင်းချင်ဘူး။ အဲဒါနဲ့ အသည်းနဲ့ သည်းခြေလုပ်ငန်း ဆောင်တာစစ်တော့ ALP,GGT ကိုးဆတက်တာကိုတွေ့ရတယ်။ တစ်ပတ်ထက်တစ်ပတ် ပိုတက်လာတဲ့အတွက် အိန္ဒိယ၊ ချန်နိုင်းက Gleneagles Global Hospital ကို လှမ်းအကြောင်းကြားရတယ်။ သူတို့က နောက်ပိုင်းအဖြေပို့တိုင်း အခကြေးငွေမယူဘူး။ တတိယအကြိမ်အဖြေပို့တော့ ‘အမြန်ဆုံးပြန်လာပါ’ဆိုတာနဲ့ အိန္ဒိယကိုတစ်ခေါက် ပြန်သွားခဲ့တယ်”ဟုဒေါက်တာမောင်မောင်ကြိုင်က ပြောသည်။

အိန္ဒိယနိုင်ငံ၊ Gleneagles Global Hospital တွင် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သည်းခြေ ပြွန်ကျဉ်းနေသဖြင့် ERCP လုပ်ပြီး (၇F – ၁၅ စင်တီမီတာအရှည်ရှိ) ပိုက်တစ်ချောင်း ထည့်ခဲ့ရသည်။”ပိုက်ထည့်ပြီး ပြန်လာတယ်။ သုံးလကြာတော့ ထည့်ထားတဲ့ ပိုက်အဟောင်းထုတ်ပြီး အသစ်ပြန်ထည့်ရတယ်။ သည်းခြေပြွန်ပိတ်တာက မသေချာဘူး၊ ပြန်ပိတ်နိုင်ခြေရှိတယ်ဆိုတာနဲ့ အသစ်ပြန်ထည့်ရတယ်။ တတိယအကြိမ်မှာတော့ ပိုက်နှစ်ချောင်း ထည့်ပေးလိုက်တယ်။ လူကတော့ ဘာမှမဖြစ်ဘူး၊ အကုန်ကောင်းနေတယ်။ အဲဒီပိုက်ကို သွားသွားထည့်နေရတဲ့အတွက် ကုန်ကျစရိတ်ရော အလုပ်များတာရောတော့ရှိပါတယ်။ ကိုယ့်နိုင်ငံမှာ လုပ်နိုင်ရင်တော့ကောင်းတာပေါ့။ ဒါပေမဲ့ Gleneagles Global Hospital ရဲ့ Guideline အရ ဘာလုပ်ချင်မှန်း မသိတာနဲ့ ဟိုမှာပဲပြန်ပြဖြစ်နေပါတယ်။ သည်းခြေ ပြွန်လမ်းကြောင်း စီးဆင်းမှုကောင်းသွားရင်တော့ ပိုက်ကို ထုတ်လိုက်ရမှာပါ. .

ကျွန်တော်က တခြား ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရဘူး။ ဆေးခန်းလည်း ပြန်ဖွင့်ပြီး လူနာတွေကို ကုသပေးနိုင်နေပြီ။ လူမှုရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နိုင်နေပါပြီ။ ပိုက်ထည့်ထားရတဲ့အတွက် ဘယ်လိုမှလည်း မခံစားရဘူး။ နှလုံးထဲမှာ စတန့်တစ်ခု၊ သည်းခြေပြွန်မှာ ပိုက်နှစ်ခု ထည့်ထားရတယ်။ ဒါပေမဲ့ လူထူထပ်တဲ့ နေရာသွားလာတာကိုတော့ တတ်နိုင်သမျှ ရှောင်ရှားရပါတယ်။ မဖြစ်မနေ သွားရရင် နှာခေါင်းစည်း (mask)အုပ်ပြီး သွားရတယ်။ မှိုတက်စာတွေ၊ မှိုပါနိုင်တဲ့ ငရုတ်သီးမှုန့်၊ မြေပဲ၊ ဇီးထုပ်၊ ဆိုးဆေးပါတဲ့ငရုတ်ဆီ၊ အဆီအအိမ့် စတာတွေကိုဆင်ခြင်ရတယ်”ဟု ဒေါက်တာ မောင်မောင်ကြိုင်က အသည်းအစားထိုးကုသပြီးနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံကို ပြောပြခဲ့သည်။

ဒေါက်တာမောင်မောင်ကြိုင်၏ မိသားစုတွင် သူတစ်ယောက်တည်းသာ ဘီပိုးရှိခဲ့ကြောင်းနှင့် အလုပ်သင်ဆရာဝန်ဘဝတွင် ဘီပိုး စတင်ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ဆေးထိုးအပ်တွေကို တစ်ခါသုံးအပ်တွေမသုံးနိုင်ခဲ့ဘူး။ ဆေးထိုးအပ်တွေကို ပြုတ်ပြီး ပြန်သုံးရတာဆိုတော့ တချို့ကျတော့လည်း သိပ်မလိုက်နာတာရှိမယ်။ ဒီဆေးထိုးအပ်ကလည်း ကူးနိုင်တယ်။ ကျွန်တော်တို့ခေတ်က လက်အိတ်လည်း မပေါများလို့ သူနာပြုဆရာမကြီးတွေဆိုရင် လက်အိတ်ကို နှစ်ခါပြန်-သုံးခါပြန်သုံးရတာ။ သွေးတွေပေရင်လည်း ရေနဲ့ပဲ ဒီအတိုင်းဆေးချရတာ။ ကျွန်တော်တို့ကလည်း ဆရာဝန်ဖြစ်စဆိုတော့ ဆေးထိုး၊ သွေးဖောက်လုပ်ရတယ်၊ ဒီလိုနည်းနဲ့ ကူးခဲ့တာ ဖြစ်လိမ့်မယ်။ နောက်တစ်ခုက ရေမသန့်တာကြောင့်လည်း ဘီပိုး၊ စီပိုး ကူးနှုန်းများနိုင်တယ်။ ကျွန်တော်တို့ခေတ်က ဒီလိုနည်းတွေနဲ့ ကူးခဲ့ကြတာဖြစ်ပေမယ့် အခုခေတ်မှာတော့ မွေးကတည်းက စီမံချက်အနေ နဲ့ ဘီပိုးကာကွယ်ဆေးထိုးလာကြပြီ။ ပြီးတော့ ဘီပိုး ကာကွယ်ဆေးတွေကို အခမဲ့ထိုးနှံပေးတာတွေလည်း ရှိပါပြီ။ စရိတ်သက်သာတဲ့ သံစစ်ကုသိုလ်ဖြစ်ဆေးခန်း၊ အသည်းဖောင်ဒေးရှင်း စတာတွေလည်း ပေါ်လာပါပြီ။ ဒီတော့ နောက်ပိုင်းမှာ ဘီပိုးဖြစ်နှုန်းက နည်းလာမှာပါ”

အသက် ၄၅ နှစ်အရွယ်တွင် အသည်းခြောက်နေပြီဖြစ်ကြောင်း စတင်သိရှိချိန်က ဒေါက်တာမောင်မောင်ကြိုင် တုန်လှုပ်သွားခဲ့သည်။ “အဲဒီအချိန်မှာ ချက်ချင်းပဲ သေတော့မလိုလို တုန်လှုပ်သွားတာနဲ့ ဗုဒ္ဓရဲ့အရိပ်အောက်ခိုလှုံပြီး ဘုရားတရားလုပ်တယ်။ ရောဂါသိချိန်မှာ ဆရာဇော်ဂျီ ရေးထားတဲ့ ‘သင်သေသွားသော်’ဆိုတဲ့ ကဗျာလေးကို သတိရတယ်။ မိသားစုအတွက်၊ ဘာသာသာသနာအတွက်၊ ကိုယ်နေတဲ့ မြို့နယ်အတွက် ကောင်းအောင်လုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်ချိန်ရခဲ့ပါတယ်။ ပရဟိတဂေဟာမှာ ကြီးကြပ်ရေးကော်မတီအဖြစ် ဆောင်ရွက်ရင်း ဘုရားတည်၊ ကျောင်းဆောက်လုပ်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်တယ်။ နောက်ပိုင်းသေနည်းသင်တန်းတွေတက်ပြီး ဝိပဿနာဘာဝနာတရား အားထုတ်ခဲ့ပါတယ်။ ဒီကုသိုလ်တွေကြောင့် ကုသမှုအောင်မြင်တယ်လို့ ယုံကြည်ပါတယ်။

နောက်တစ်ခုက အသည်းကင်ဆာဖြစ်ပြီး ဆရာဝန်တွေပဲ ကျန်းမာတယ်လို့ လူတွေက ပြောကြတယ်။ ဒါက ဆေးမြီးတိုတွေ မသုံးတာကြောင့်နဲ့ နည်းစနစ်တကျ ကုသမှုခံယူလို့ပါ။ မုန်လာဥနီဖျော်ရည်၊ ကညွတ်ဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်တွေ သောက်ကြတယ်။ ဒါတွေချည်းပဲတော့ မရဘူးပေါ့။ ဒါတွေသောက်လို့ ဗီတာမင်၊ ဘီတာကယ်ရိုတင်းတွေရပါတယ်။ ဒါပေမဲ့ ဆေးကုသမှုကိုလည်း စနစ်တကျ ခံယူဖို့ လိုပါတယ်။ကျွန်တော်ကုသအောင်မြင်ခဲ့တာမှာ ခြောက်လလုံးလုံး အိန္ဒိယမှာအနီးကပ် လိုက်စောင့်ရှောက်ပေးပြီး ချက်ပြုတ်ကျွေးမွေးပြုစုခဲ့တဲ့ ဇနီးနဲ့သား ကျေးဇူးတွေလည်း အများကြီးပါတယ်”

ယခုအခါ ဝါးခယ်မမြို့နယ်တွင် ဇနီးဖြစ်သူ ဒေါ်ရီရီမေနှင့်အတူ နေထိုင်ရင်း ယုယအောင်ဆေးခန်းဖွင့်လှစ်ကာ ဒေသခံလူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ဒေါက်တာမောင်မောင်ကြိုင်က အသည်းကျန်းမာရေးနှင့် ပတ်သက်ပြီး လူအများကို ယခုလို အကြံပြုစကား ပြောကြားလိုက်ပါသည်။

“ဘီပိုး၊ စီပိုး ရှိ၊ မရှိ သေသေချာချာ စစ်ပြီး ဆေးကုသမှုကို ခံယူပါ။ အခုဆိုရင် ဆေးတွေက ခေတ်မီလာပါပြီ။ ကျွန်တော်တို့ ခေတ်ကလို မဟုတ်တော့ပါဘူး။ ဘီပိုးကာကွယ်ဆေး မထိုးရသေးရင် ထိုးထားကြပါ။ ဘီပိုး၊ စီပိုး မကုနိုင်ရင်လည်း သံစစ်ကုသိုလ်ဖြစ်ဆေးခန်း၊ အသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ထားပါ။ ဆေးတွေကြိုသောက်ထားရင် အသည်းမခြောက်အောင် ထိန်းထားနိုင်ပါတယ်။ စီပိုးသေဆေးကလည်း တကယ်ထိရောက်ပါတယ်။ သုံးလသောက်တာနဲ့ ၉၀ ရာခိုင်နှုန်း ပျောက်ပါတယ်။ ဒါဆို အသည်းကင်ဆာဖြစ်ဖို့ ဝေးတာပေါ့။

ရောဂါရယ်လို့ဖြစ်လာရင် ကုသဖို့ကြောက်မနေပါနဲ့။ အသည်းလဲဖို့ တတ်နိုင်ရင်လည်း လဲလိုက်ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အသည်းအစားထိုးကုသနိုင်နေပါပြီ။ ရန်ကုန်မှာ ခုတင် ၅၀ဝ ဆံ့ဆေးရုံမှာလုပ်နေပါပြီ၊ မန္တလေးမှာလည်း အိန္ဒိယ ဆရာဝန်တွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါပြီ။ ဒါကြောင့် သေချာရေရာမှု မရှိတဲ့ ဆေးမြီးတိုတွေမှာ ကိုယ့်အသက်ကိုမအပ်လိုက်ပါနဲ့။ သေချာလေ့လာသုတေသနလုပ်ထားတဲ့ ဆေးတွေနဲ့ပဲ ကုသမှု ခံယူစေချင်ပါတယ်”ဟု ဒေါက်တာမောင်မောင်ကြိုင်က အကြံကောင်းပေးလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါက်တာမောင် မောင်ကြိုင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top