Healthy Life Ad
Life Style

အဆုတ်သွေးပြန်ကြော ပိတ်ဆို့ခြင်း(Pulmonaray Embolism)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ အဆုတ်သွေးပြန်ကြောပိတ်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ ။ အဆုတ်သွေးပြန်ကြောပိတ်တာက အရေးကြီးတဲ့ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်လည်း ရှိတဲ့ရောဂါဖြစ်ပါတယ်။ များသောအားဖြင့်တော့ ခြေထောက်သွေးပြန်ကြောပိတ်တဲ့ အခြေအနေ(DVT-Deep Vein Thrombosis) ရှိသူတွေရဲ့ နောက်ဆက်တွဲရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

ဥပမာ-လေဖြတ်လို့ ခြေထောက်မလှုပ်တော့ဘဲ သွေးတွေခဲသွားတာမျိုးရဲ့ နောက်ဆက်တွဲ အခြေအနေဖြစ်တတ်ပါတယ်။ တချို့ပေါင်ကျိုးလို့ ခြေထောက်က သုံးလ-လေးလလောက် မလှုပ်မယှက်နေရတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ တချို့လူတွေ လေယာဉ်ကို နာရီပေါင်းများစွာ အကြာကြီးစီးရတဲ့အခါမျိုးမှာလည်း လမ်းထလျှောက်တာ၊ ခြေထောက်ကော့လိုက်၊ ကွေးလိုက်ဆန့်ရတဲ့ လေ့ကျင့်ခန်းတွေ၊ ခြေထောက်လှုပ်တာတွေမလုပ်ရင် ခြေထောက်မှာ သွေးမဆင်းတော့ဘဲ သွေးခဲပြီး လှုပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ကားအကြာကြီး စီးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

အဲဒီလိုဖြစ်ရင် ခြေထောက်က ချက်ချင်းကို သိသိသာသာကြီး ရောင်ကိုင်းလာတတ်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် Droppler Ultrasound ဆိုတာကို ချက်ချင်း ရိုက်ရပါတယ်။ သွေးလွှတ်ကြော ပိတ်တာဆိုရင် ခြေထောက်က ပုပ်သွားနိုင်ပါတယ်။ ဒီအခြေအနေဆိုရင် ခြေထောက်ကို ဖြတ်ပစ်ဖို့လိုပါတယ်။

မေး ။ ခြေထောက်သွေးပြန်ကြောပိတ်ရာက ဖြစ်တဲ့ အဆုတ်သွေးပြန်ကြောပိတ်တဲ့အခြေအနေကို သိပါရစေဆရာ။

ဖြေ ။

ခြေထောက်သွေးပြန်ကြောပိတ်တာဆိုရင်တော့ ခြေထောက်မှာ ခဲထားတဲ့ သွေးကြောထဲက သွေးခဲလေးတွေကပြန်ပွင့်သွားတဲ့အချိန်မှာ မကြေသွားဘဲနဲ့ အဆုတ်မှာ သွားတစ်နေတတ်ပါတယ်။ အဲဒီအခါမှာ လူက အရမ်းမောလာပါမယ်။ နောက်ပြီး နှလုံးတုန်လာမယ်။ အသက်ရှူနှုန်းက အရမ်းမြန်လာမယ်၊ ရင်ဘတ်အောင့်လာမယ်။ အသက်ပြင်းပြင်း ရှူလိုက်တိုင်း ရင်ဘတ်အောင့်တတ်တယ်။

သွေးဖိအားတွေကျလာမယ်။ အဲဒါဆိုရင် အဆုတ်သွေးပြန်ကြောပိတ်တာလို့ ယူဆပါတယ်။ ရုတ်တရက် (Acute) ဆိုသလိုဖြစ်သွားနိုင်တဲ့ အခြေအနေပါ။ တစ်ခါတလေ ချောင်ဆိုးရင် သွေးပါတတ်ပါတယ်။ အဲဒါက အသက်အန္တရာယ် ရှိပါတယ်။ ဒီလိုလက္ခဏာတွေ တွေ့ ရင် ဆေးရုံကို ချက်ချင်းသွားပြသင့်ပါတယ်။

မေး ။ အဆုတ်သွေးပြန်ကြောပိတ်တာကို ဘယ်လို စစ်ဆေးမှုခံယူရင် သိနိုင်ပါသလဲ ဆရာ။

ဖြေ ။ ရန်ကုန်မှာဆိုရင်တော့ အဲဒီလိုတွေဖြစ်ရင် သွေးဖောက်စစ်ရပါတယ်။ သွေးဖောက်စစ်ကြည့်လိုက်လို့ ရလာတဲ့ ရလဒ်တွေကို ကြည့်လိုက်ရင် သိရပါတယ်။ ပြီးရင် အဆုတ်သွေးပြန်ကြောထဲမှာ ဆေးထိုးထည့်ပြီးတော့ ဓာတ်မှန်ရိုက်ရပါတယ်။ နယ်တွေမှာတော့ အဲဒီလက္ခဏာတွေ တွေ့ရင် စစ်ဆေးစရာလည်း သိပ်မရှိတဲ့အတွက် သံသယနဲ့ပဲ တန်းပြီး ံ Heparin ဆိုတဲ့ ဆေးတွေထိုးရပါတယ်။ အဆုတ်သွေးပြန်ကြော ပိတ်ဆို့တာက ကလေးမွေးပြီးစ အမျိုးသမီးတွေလည်း ဖြစ်တတ်ပါတယ်။ ဝတဲ့သူတွေနဲ့ အထိုင်အထမလုပ်ဘဲ လှုပ်ရှားမှု မရှိတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ လေယာဉ်ကို အချိန်အကြာကြီး စီးရတဲ့အခါတွေမှာဆိုရင် လေယာဉ်ပေါ်မှာ ခြေထောက်ကို လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာရှိပါတယ်။ ကာကွယ်တဲ့အနေနဲ့ Stocking လည်း ဝတ်ခိုင်းပါတယ်။ အချိန်နှစ်နာရီခြားတစ်ခါလောက် လှုပ်ရှားမှုတွေ လုပ်ခိုင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top