Healthy Life Ad
Q & A

တီဘီရောဂါကာကွယ်ကုသနည်း

မေး ။ တီဘီရောဂါအတွက် ကာကွယ်ကုသနည်းလေး ကျေးဇူးပြုပြီး လမ်းညွှန်ပေးစေချင်လိုပါတယ်။ သက်သာအောင် ဘယ်လိုဆေးတွေသောက်ပြီး ဘာတွေရှောင်ရမယ်ဆိုတာလေး ပြောပြစေလိုပါတယ် ခင်ဗျာ။
မိုတီး (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ Tubercle Bacilli ဆိုတဲ့ ဘက်တီးရီးယားပိုးက ကိုယ်ထဲဝင်ရောက်ပြီး ပွားများလာတဲ့အခါ တီဘီရောဂါဖြစ်လာပါတယ်။ အဆုတ်တီဘီရောဂါက အဖြစ်များဆုံး ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ နေရာအစိတ်အပိုင်းတွေမှာလည်း တီဘီရောဂါက ဖြစ်နိုင်ပါတယ်။

အဆုတ်တီဘီရောဂါမဖြစ်အောင် တီဘီရောဂါသည်တွေနဲ့ ဝေးဝေးနေမယ်ဆိုရင် ဖြစ်ဖို့ နည်းတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လေထုထဲမှာ တီဘီပိုးတွေက ရှိနေနိုင်တယ်။ ဘယ်လိုလူတွေမှာ တီဘီရောဂါ အဖြစ်များသလဲဆိုတော့ ကိုယ်ခံအားစနစ် ကျဆင်းတဲ့သူတွေ၊ ခုခံအားကျဆင်းတဲ့ ရောဂါရှိသူ (ဥပမာHIVရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ)တွေမှာ တီဘီ ရောဂါဝင်ရောက်ဖို့ လွယ်ကူတာ တွေ့ရတယ်။

တီဘီရောဂါမကူးစက်စေဖို့ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းအောင် နေရမယ်။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာရမယ်။ အားကစားလှုပ်ရှားမှုတွေ လုပ်ရမယ်၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ များများစားမယ်၊ စိတ်ဖိစီးမှုလျှော့ချမယ်။ ဒါဆိုရင် ကိုယ်ခံအားတက်ပြီး တီဘီရောဂါဝင်ရောက်နိုင်ခြေနည်းပါတယ်။ နောက်တစ်ချက်က တီဘီရောဂါပိုးဟာ အလင်းရောင် လင်းလင်းရှင်းရှင်းရှိပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ နေလေ့မရှိပါဘူး။ အဲဒီလို နေရာမှာ တတ်နိုင်သမျှ နေထိုင်သင့်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ကျစေတဲ့ ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေး သုံးစွဲမှုတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီနည်းတွေအတိုင်း နေရင် တီဘီရောဂါ ကူးစက်နိုင်ခြေ အလွန်နည်းပါတယ်။

ကုသမှုကတော့ အဆုတ်တီဘီရောဂါလို့ သိရင် ဆေးပေါင်းအနေနဲ့ ဆေးအမျိုးအစား သုံးမျိုး ဒါမှမဟုတ် လေးမျိုးကို ပထမနှစ်လပေးတယ်။ နောက်နှစ်မျိုးပေါင်းကို လေးလထပ်ပေးပါတယ်။ DOTS ဆိုပြီး လူတွေ အသိများတဲ့ တီဘီအခမဲ့ကုသမှုစနစ်မှာ ပါဝင်လိုက်ရင် အခမဲ့ ကုသမှု ရရှိမှာ ဖြစ်ပါတယ်။ ကုသစဉ်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပေးရပါမယ်။ တီဘီရှိသူက တခြားသူဆီ မကူးစက်အောင် ချောင်းဆိုးတဲ့အခါ အုပ်ဆိုးရပါမယ်။ ချွဲ၊ သလိပ်တွေကို စနစ်တကျ စွန့်ပစ်ပြီး ဖုံးအုပ်ရပါမယ်။ အထူးသဖြင့် ဆေးကုသမှု ခံယူစဉ် ပထမနှစ်ပတ်နဲ့ လေးပတ်အတွင်းမှာ တခြားသူကို မကူးစက်အောင် စနစ်တကျကာကွယ်ရပါမယ်။ ရောဂါရှိသူ နေထိုင်တဲ့ အခန်းကလည်း လေဝင်လေထွက်ကောင်းပြီး အလင်းရောင် ကောင်းကောင်း ရရှိသင့်ပါတယ်။ တီဘီဆေးစတင်ကုသမှု ခံယူချိန်မှာ လူများတဲ့ နေရာတွေ မသွားသင့်ဘူး၊ အိမ်သူအိမ်သားတွေနဲ့ ရောရောနှောနှော မနေသင့်ဘူး။ လူတွေ နဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ နှာခေါင်းစည်း (Mask) အုပ်ထားရင် ပိုကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top