Healthy Life Ad
Health Tips

ဇင့်(သွပ်)ဓာတ် ကြွယ်ဝသည့် အစာများ

၊ ငွေကြယ်စင်ယံ ၊

ဇင့်(သွပ်)ဓာတ်ဟာ အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာအတွက် အရေးပါတဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ဇင့်(သွပ်)ဓာတ်ဟာ ဆဲလ်ကြီးထွားမှု၊ ဆဲလ်ကွဲပြားမှုနဲ့ ဆဲလ်ခွဲခြားမှုမှာ အရေးပါပြီး ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေကာ အမြင်အာရုံ၊ မျိုးဆက်ပွားမှု၊ ပရိုတင်းတည်ဆောက်မှုနဲ့ တခြားဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။

တစ်နေ့တာ ဇင့်ဓာတ်လိုအပ်သောပမာဏ

အရွယ်ရောက်တဲ့သူတွေက တစ်နေ့မှာ ဇင့် (သွပ်)ဓာတ် ၁၅မီလီဂရမ်လိုအပ်တယ်လို့ အမေရိကန် FDA က ဆိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်မှာ တစ်နေ့ ၁၅ မီလီဂရမ် ကျော်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဇင့်ဓာတ်ကို မထုတ်နိုင်တာကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပြီး ရယူတာ အကောင်းဆုံးဖြစ်ပါတယ်။ အောက်ပါတို့က ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြပါတယ်။

– ကမာနှင့် ပုစွန်

ဇင့်ဓာတ်ပါဝင်မှု အကောင်းဆုံးအစာက ကမာဖြစ်ပါတယ်။ ကမာ ၁၀ဝဂရမ်မှာ ဇင့်ဓာတ် ၂၅ မီလီဂရမ်ပါဝင်ပြီး ပုဇွန် ၁၀ဝ ဂရမ်မှာ ဇင့်ဓာတ် ၂၀မီလီဂရမ်ပါဝင်ပါတယ်။ အနေတော် ကမာခြောက်ကောင်ကို စားတာက တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ်ပမာဏကို ရရှိစေပါတယ်။

– အနီရောင်အသား

အသား၊ အထူးသဖြင့် အနီရောင်အသားမှာ ဇင့်ဓာတ် ကောင်းကောင်းပါဝင်ပါတယ်။ အနီရောင် အသား ၁၀ဝ ဂရမ်မှာ ဇင့်ဓာတ် ၅ဒသမ၂ မီလီဂရမ်ပါဝင်ပါတယ်။ အစာထဲမှာ အနီရောင်အသားထည့်စားရင် တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ်ပမာဏရဲ့ ၃၀-၆၀ ရာခိုင်နှုန်းကို ရရှိစေပါတယ်။

– ကြက်၊ ဘဲနှင့် ဥအမျိုးမျိုး

ကြက်၊ ဘဲနဲ့ ဥအမျိုးမျိုးမှာ ဇင့်ဓာတ်ပါဝင်ပါတယ်။ ကြက်သား ၁၀ဝ ဂရမ်မှာ ဇင့်ဓာတ် ၂ မီလီဂ ရမ်ပါဝင်ပါတယ်။ အနေတော် ကြက်ပေါင်တစ်ချောင်းကိုစားရင် တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ် ပမာဏရဲ့ ၁၅-၂၀ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ကြက်ဥ၊ ဘဲဥ ၁၀ဝ ဂရမ်မှာ ဇင့်ဓာတ် ၁ဒသမ၅ မီလီဂရမ်ပါဝင်ပါတယ်။

– ဝက်သား

ဇင့်ဓာတ်ပါဝင်တဲ့ နောက်အသားက ဝက်သားဖြစ်ပါတယ်။ အဆီနည်းဝက်သား ၁၀ဝဂရမ်မှာ ဇင့်ဓာတ် ၄-၅ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ်ရဲ့ ၂၅-၃၀ ရာခိုင်နှုန်းကို ရရှိပါလိမ့်မယ်။

– နို့နှင့် နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းအလုံအလောက် သောက်သုံးတာကြောင့် ဇင့်ဓာတ်ကိုရရှိစေပါတယ်။ ဒိန်ချဉ် ၂၅၀မီလီလီတာကို သောက်ရင် ဇင့်ဓာတ် ၁၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ နွားနို့နဲ့ ဒိန်ခဲမှာ ဇင့်ဓာတ်အများအပြား ပါဝင်ပါတယ်။

– အစေ့အဆန်များ

ဇင့်ဓာတ်အများအပြားပါတဲ့ အပင်ထွက်အစာက နှမ်းစေ့၊ ရွှေဖရုံစေ့နဲ့ ဖရုံစေ့တို့ပဲ ဖြစ်ပါတယ်။ နှမ်းစေ့ ၃၆ ဂရမ်မှာဇင့်ဓာတ် ၂ ဒသမ ၇၉ မီလီဂရမ်ပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top