Healthy Life Ad
Life Style

နေ့စဉ် ဘဝအမော ပြေပျောက်စေမည့် နည်းလမ်းကောင်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ”ဆိုတဲ့ စကားအတိုင်း အပူအပင် ဘဝအမောကင်းတဲ့ လူရယ်လို့ မရှိသလောက်ရှားပါတယ်။ ကျောင်းသူ၊ ကျောင်းသားလည်း သင်ခန်းစာ မလိုက်နိုင်မှာ၊ ကျောင်းကို အချိန်မီမရောက်မှာ၊ စာမေးပွဲ မဖြေနိုင်မှာကို စိုးရိမ်ပူပန်ကြသလို အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအဖို့လည်း အလုပ်ကို အချိန်မီမရောက်မှာ၊ တာဝန်မကျေပွန်မှာ၊ ရာထူးမတိုးမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ အိမ်ရှင်မကလည်း ဝင်ငွေနဲ့ထွက်ငွေမကာမိမှာစိုးပြီး ခြိုးခြံချွေတာရင်း စိတ်ဖိစီးမှုများရသလို အိမ်ထောင်ဦးစီးကလည်း သူ့မိသားစုကို အပြည့်အဝအကာအကွယ်မပေးနိုင်မှာ စိတ်ပူရပြန်ပါတယ်။ ဘဝအမောနဲ့ကင်းတဲ့ သူရယ်လို့ မရှိသလောက် ရှားပါတယ်။ နေ့စဉ် လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်နိုင်ဖို့ရာအတွက် လိုက်နာသင့်တဲ့ ဘဝအမောဖြေဖျောက်နည်းတွေကို အကြံပြုလိုက်ရပါတယ်။

– ယောဂကျင့်ခြင်း

ယောဂကျင့်စဉ်တွေကို ကျင့်တာကြောင့် စိတ်အပန်းပြေစေသလို ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ယောဂကျင့်စဉ်တချို့ဟာ ဘဝမှာ ကြုံလာရသမျှ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် စိတ်ဓာတ်ခွန်အားတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ရတာနဲ့ ကိုယ်နေဟန်ပျော့ပျောင်းစေတဲ့နည်းတွေကို ရောစပ်ထားတဲ့ ယောဂကျင့်စဉ်တချို့ဟာ ဘဝအမောတွေကို ပြေလျော့စေပါတယ်။

– လေ့ကျင့်ခန်းလုပ်ခြင်း

လမ်းလျှောက်တာ၊ ပြေးတာစတဲ့ လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်တာကြောင့် ဦးနှောက်ထဲမှာ အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိနှုန်း မြင့်မားကာ စိတ်ခံစားမှုကို ကောင်းမွန်လာစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အဝလွန်တာနဲ့ တခြားကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်နိုင်ပြီး နေ့စဉ်ကြုံတွေ့ရတဲ့ ဘဝအမောတွေကို လျော့ပါးစေပါတယ်။

– တရားထိုင်ခြင်း

တစ်နေ့ ၁၅- ၃၀ မိနစ်ခန့် တရားထိုင်တာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ညစ်ညူးမှုမှန်သမျှ ပြေလျော့သက်သာစေပါတယ်။ တရားထိုင်တာက စိတ်ကိုငြိမ်းချမ်းစေတဲ့ နည်းဖြစ်တာကြောင့် သင့်အနေနဲ့ နှာသီးဝက လေဝင်၊ လေထွက်မှုကို အာရုံစိုက်နိုင်ဖို့ အေးငြိမ်းတဲ့ ကိုယ်ပိုင်အချိန်လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်အတွေးအခေါ်တွေကို လွတ်လွတ်လပ်လပ်ဖြစ်စေပြီး အေးချမ်းတဲ့ အချိန်ရရှိကာ စိတ်ဖိစီးမှုကင်းစင်ပြီး ဘဝအမောတွေပြေပျောက်စေမှာ ဖြစ်ပါတယ်။

– အပန်းပြေအောင် နေထိုင်ခြင်း

အင်တာနက်၊ လက်ကိုင်ဖုန်းတွေကို ပိတ်ပြီး ဘဝအမောတွေ ပြေလျော့အောင် အပန်းဖြေလိုက်ပါ။ နည်းပညာသုံးပစ္စည်းတွေက နေ့စဉ် ပင်ပန်းမှုတွေကို ပိုမိုလေးလံအောင် ပြုလုပ်သလို ဖြစ်တတ်တာကြောင့် အနားယူမယ်ဆိုရင် လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားဖို့ အရေးကြီးပါတယ်။

– အနှိပ်ခံခြင်း

လူတိုင်း အနှိပ်ခံရတာကို သဘောကျကြပါတယ်။ အနှိပ်ခံတာက စိတ်ဖိစီးမှုလျော့ပါးစေတဲ့ အရာဖြစ်တယ်ဆိုတာ သင်သိပါရဲ့လား။ တရုတ်လူမျိုးတွေက ကျန်းမာရေးပိုမို ကောင်းမွန်လာဖို့ ပိတ်နေတဲ့ စွမ်းအင်လမ်းကြောင်းတွေ ပွင့်လာအောင် အနှိပ်ခံတဲ့ ကုထုံးကို သုံးခဲ့ကြပါတယ်။ အနှိပ်ခံတာကြောင့် တင်းမာနေတဲ့ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုကင်းကာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

– ရနံ့ကုထုံး

တချို့ရနံ့တွေကို ရှူရှိုက်ရတာကြောင့် စိတ်ခံစားမှုကောင်းမွန်ကာ ပူပင်သောကတို့ လျော့ပါးစေပြီး အာရုံစူးစိုက်နိုင်စွမ်းကို တိုးစေပါတယ်။ ဒါကြောင့် ရနံ့ကုထုံးရဲ့အစွမ်းဟာ စိတ်ဖိစီးမှုတွေကို ချက်ချင်းပြေလျော့စေတယ်လို့ ဆိုကြတာပါ။ သင်းပျံ့တဲ့ ရနံ့တွေက ဦးနှောက်ကို သက်ရောက်စေတဲ့ ဓာတ်တွေထွက်ရှိစေပြီး အပန်းပြေတာ၊ စိတ်အေးချမ်းတာ၊ ချစ်စိတ်ဖြစ်ပေါ်စေတာနဲ့ အကောင်းမြင်စိတ်များစေတာ စတဲ့ခံစားချက်တွေကို ရရှိစေပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း

အဆင်သင့်အစာတွေကို စားတာက စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ ပရိုတင်းဓာတ်တွေကို စားတာကြောင့် စွမ်းအင်ကို အပြည့်အဝရရှိစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေကာ တစ်နေ့တာလုံး စိတ်ရွှင်လန်း အားရှိစေပါတယ်။ စိတ်ဖိစီးမှု ပြေလျော့ရေးအတွက် ထိရောက်မှုရှိတဲ့ အစားအစာတွေက ဆယ်မွန်ငါး၊ ဘလူးဘယ်ရီသီးနဲ့ မက်မွန်သီးတို့ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း

အိပ်ရေးဝ၀ အိပ်စက်တာကလည်း စိတ်ဖိစီးမှု ပြေလျော့စေတဲ့ သဘာဝနည်းပါ။ အိပ်ချိန်နည်းရင် စိတ်ကသိကအောက်ဖြစ်စေပြီး စိတ်ဓာတ်ကျလွယ်စေပါတယ်။ တစ်နေ့တာမှာ အခက်အခဲ၊ အဟန့်အတား အနည်းအပါးကို ကြုံရရင်တောင် စိတ်အနှောင့်အယှက် ကြီးကြီးမားမားဖြစ်ရတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးတာ၊ ငှက်ပျောသီး၊ မြေပဲ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားတာနဲ့ သီချင်းအေးအေးလေးတွေကို နားဆင်တာကြောင့် အပန်းပြေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top