Healthy Life Ad
Life Style

နှလုံးသားနဲ့ ဆိုတဲ့တေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက အမျိုးကောင်းသားတစ်ဦးဟာ သူ့စိတ်ကူးယဉ်အိပ်မက်ထဲကအတိုင်း ထပ်တူကျတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ပါတယ်။ သူတိုရဲ့ ချစ်ခြင်းတရားနဲ့အတူ သမီးငယ်လေး မွေးဖွားလာခဲ့ပါတယ်။ သမီးလေးက ရွှင်မြူးပြီး ဉာဏ်ကောင်းတဲ့ မိန်းကလေးဖြစ်လို့ ဖခင်က သမီးလေးကို အင်မတန်ချစ်မြတ်နိုးပါတယ်။

သမီးလေး ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဟာ သမီးကိုမြှောက်ချီရင်း တေးသီချင်းတစ်ပုဒ်ကို ငြီးလေ့ရှိပြီး ကလေ့ရှိပါတယ်။ ပြီးတော့ သမီးလေးကို တိုးတိုးလေးပြောပါသတဲ့။

“သိပ်ချစ်တယ် ကလေးမလေးရယ်”

သမီးလေးကြီးပြင်းလာတဲ့အခါ ဖခင်ကပွေ့ချီပြီး “သိပ်ချစ်တယ် ကလေးမလေးရယ်”လို့ ပြောတော့ သမီးလေးက နှုတ်ခမ်းစူပြီး- “သမီးက ကလေးမဟုတ်တော့ဘူး”လို့ စိတ်ဆိုးလေ့ရှိပါတယ်။ အဲဒီအခါ ဖခင်က သဘောကျရယ်မောရင်း “ဖေဖေ့အတွက်တော့ သမီးလေးက အမြဲတမ်း ကလေးလေးပါပဲကွယ်”လို့ ပြောလေ့ရှိပါတယ်။

သမီးလေးက အရွယ်ရောက်လာတော့ အိမ်ကထွက်ခွာပြီး လောကကြီးမှာ သင်ယူလေ့လာဖို့ ထွက်သွားပါတော့တယ်။ လောကကြီးအကြောင်း လေ့လာခဲ့သလို ယောကျာ်းတွေအကြောင်းကိုလည်း လေ့လာခဲ့ပါတယ်။ အဲဒီအခါ သူ့ဖခင်ရဲ့ ခွန်အားကို သတိပြုမိလာပါတယ်။ သူ့ဖခင်ရဲ့ ခွန်အားက မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဒါကြောင့် သမီးလေးဘယ်အရွယ်ပဲ ရှိလာပါစေ၊ သူ့ဖခင်က “ချစ်တယ် ကလေးမလေး”ဆိုပြီးအမြဲ ပြောနေတတ်တာပါ။

တစ်နေ့မှာတော့ တကယ်မငယ်တော့တဲ့ ကလေးမလေးဟာ ဖခင်နာမကျန်းဖြစ်တဲ့အကြောင်း ဖုန်းလက်ခံရရှိခဲ့ပါတယ်။ ဖခင်က လေဖြတ်သွားခဲ့တာဖြစ်ပြီး စကားမပြောနိုင်၊ စကားကိုလည်း နားလည်နိုင်စွမ်းမရှိနိုင်တော့ဘူးလို့ ဆရာဝန်တွေက ကလေးမလေးကို ရှင်းပြခဲ့ပါတယ်။ ကလေးမလေးရဲ့ ဖခင်ဟာ စကားမပြောနိုင်၊ ပြောတဲ့စကားကို နားလည်နိုင်စွမ်း ရှိ၊ မရှိ မသေချာတဲ့အပြင် မရယ်နိုင်၊ မပြုံးနိုင်၊ လမ်းမလျှောက်နိုင်၊ မပွေ့ဖက်နိုင်၊ မကနိုင်တော့ပါဘူး။ အဆိုးဆုံးကတော့ “ချစ်တယ်ကလေးမလေး”ဆိုပြီး သူ့သမီးကို ဘယ်တော့မှ မပြောနိုင်တော့တာပါပဲ။

သမီးလေးဟာ သူ့ဖခင်ရဲ့ခုတင်ဘေးကိုသွားခဲ့ပြီး ဖခင်ကို ကြည့်တဲ့အခါ ဖခင်က သေးငယ်ပြီး သန်စွမ်းတဲ့ ခွန်အား လုံးဝမရှိတော့သလိုပါပဲ။ ဖခင်က သမီးလေးကိုကြည့်ပြီး စကားပြောဖို့ ကြိုးစားခဲ့ပေမယ့် အချည်းနှီးပါပဲ။

သမီးလေးက သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်ကိုလုပ်ခဲ့ပါတော့တယ်။ ခုတင်ပေါ်တက်ပြီး ဖခင်ရဲ့ဘေးမှာ ကပ်အိပ်လိုက်တာပါ။ သူတို့နှစ်ဦးစလုံးရဲ့ မျက်လုံးကနေ မျက်ရည်တွေ ကျလာခဲ့ပါတယ်။ သမီးလေးက သူ့လက်ကို ဖခင်ရဲ့ပခုံးပေါ်တင်ပြီး ဖခင်ရဲ့ ရင်ဘတ်ပေါ်မှာ ခေါင်းတင်ရင်း ဖခင်နဲ့သူ့ကြားက အမှတ်တရတွေကို တွေးတောနေခဲ့ပါတယ်။

“ဖေဖေက ငါ့ကို အမြဲတမ်း အကာအကွယ်ပေးတဲ့ ခွန်အားဖြစ်စေခဲ့တယ်၊ ဖေဖေရဲ့ ချစ်မေတ္တာကြောင့် ယုံကြည်မှု အပြည့်ရှိခဲ့တယ်”

အဲဒီအချိန်မှာပဲ ဖခင်ဆီက အသံတစ်သံကို သမီးလေးကြားခဲ့ရပါတယ်။ နှလုံးခုန်သံ . . . ပါ။ တေးသီချင်းနဲ့ စကားလုံးတွေ အမြဲတမ်းရှင်သန်တဲ့ နှလုံးက တစ်ချက်ခုန်လာတိုင်း တစ်ကိုယ်လုံး ထိခိုက်ထားတာ မဟုတ်သလို ရှင်သန်တက်ကြွနေပါတယ်။ သမီးလေးရဲ့ ဖေဖေဟာ သူ့ပါးစပ်က မပြောနိုင်တဲ့ စကားလုံးတွေကို နှလုံးသားနဲ့ ပြောပြနေပါတယ်။

“ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ် ကလေးမလေးရယ်”

နှလုံးသားနဲ့ ဆိုတဲ့တေးဟာ သမီးလေးအတွက် တကယ်ကို သက်သောင့်သက်သာ ရှိနေစေပါတယ်။

(မိဘတွေက သားသမီးတွေ ဘယ်လောက်ပဲ အရွယ်ရောက်လာပါစေ၊ ကလေးတစ်ဦးလို့ပဲ ထင်မြင်ယူဆနေဆဲပါ။ သားသမီးတွေအတွက် မိဘရဲ့ရင်ခွင်ဟာ အလုံခြုံဆုံး နေရာတစ်ခုပါ။ ဒါကြောင့် မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်ပြီး အသက်ရှင်ခိုက်မှာ မိဘတွေ စိတ်ချမ်းသာအောင်ထားသင့်ပါတယ်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top