Healthy Life Ad
Life Style

ရေအများကြီးသောက်ခြင်းနှင့် ကျန်းမာရေး – ၂ ( Drinking too much water : ‘can it be beneficial or harmful for your health’ )

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

၂။ လှည့်ပတ်နေသောသွေးပမာဏ(Blood volume)နည်းခြင်း၊ များခြင်းကို သိရှိခြင်းစနစ်

သွေးကြောထဲမှာလှည့်ပတ်နေတဲ့ သွေးပမာဏ နည်းသွားရင် သွေးကြောထဲမှရေတွေကို ဆီးထဲမှ ထပ်မဆုံးရှုံးအောင် ရေတွေပြန်ထိန်းသိမ်းထားဖို့ လိုပါတယ်။ သွေးပမာဏ လျော့နေတာကို သွေးကြောထဲရှိ အာရုံခံနာဗ့်ကြော အစိတ်အပိုင်းကသိရှိပြီး ဦးနှောက်ဆီသို့ သတင်းပို့ပေးပါတယ်။အထက်မှာဖော်ပြတဲ့ ဖြစ်စဉ်တွေအတိုင်း ရေဆာခြင်း၊ ရေသောက်ခြင်း၊ ဆီးနည်းစေခြင်းတို့နဲ့ သွေးပမာဏကို ပြန်များစေပါတယ်။

သတိပြုရမှာက ဒီစနစ်တွေဟာ အသက်ကြီးလွန်သူတွေမှာ၊ လေဖြတ်ထားသူတွေမှာ၊ ကျောက်ကပ်၊ နှလုံး၊ အသည်းရောဂါရှိသူတွေမှာ ပုံမှန်မဟုတ်တော့ဘဲ ချို့ယွင်းမှုတွေရှိနေတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေ နေမကောင်းရင် ရေဓာတ်များခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆားဓာတ်များခြင်း၊ နည်းခြင်း စတဲ့ပြဿနာတွေ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဒီပြဿနာတွေကို ဆေးကုသပေးသူတွေက ပိုင်နိုင်စွာပြုပြင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းအကြောင်း

ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်ရင် ပြဿနာတွေအများကြီးဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ဦးနှောက်နဲ့ ကျောက်ကပ်ပြဿနာတွေဖြစ်တတ်ပါတယ်။ မလန်းဆန်းခြင်း၊ သတိလစ်ခြင်း၊ သွေးဖိအားကျခြင်း၊ အစားပျက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်မှုရှိတယ် ဆိုရင်

ရေမဆာဘူး၊ ဆီးအရောင်ကြည်မယ်။ ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် ရေကိုသာ အဓိကသောက်ပါ။ ဘယ်လောက်သောက်သင့်သလဲ ဆိုရင် အာဟာရလမ်းညွှန်တွေအရ ၂၄ နာရီအတွင်းမှာ အမျိုးသမီး ၂ လီတာ၊ အမျိုးသား ၂ ဒသမ ၅ လီ တာ သောက်ပါလို့ ညွှန်ကြားထားပါတယ်။ သောက်သင့်တဲ့ပုံစံက အစာစားစဉ် ရေတစ်ဖန်ခွက်စီ၊ အစာ တစ်ချိန်နဲ့တစ်ချိန်ကြားမှာ တစ်ဖန်ခွက်စီ သောက်ဖို့သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခင်နဲ့ လုပ်ပြီးမှာ ရေတစ်ဖန်ခွက်စီသောက်ပါ။ ကြားမှာ ရေဆာရင် သောက်ပါ။ ရေလုံလောက်စွာသောက်ခြင်းဖြင့် ခန္ဓာကိုယ် ရေခမ်းခြောက်ခြင်း မဖြစ်စေအောင် နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေကို ရေလုံလောက်အောင်တိုက်ဖို့ မှာကြားလိုပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲ ရေကိုများနိုင်သလောက် အများကြီး ထိုင်သောက်နေဖို့ မသင့်ပါဘူး။

ရေဓာတ်များခြင်း (water intoxication) ဒါမှမဟုတ် သွေးတွင်းဆိုဒီယမ်ဆားဓာတ် နည်းခြင်း(Hyponatremia)

ရေလုံလောက်မှုရှိခြင်းရဲ့ ကောင်းကျိုးတွေ အများကြီးရှိပေမယ့် ရေကိုအလွန်အကျွံ အများကြီးသောက်ရင် ကျန်းမာရေးပိုကောင်းတယ်လို့ လူအများပြောဆိုနေကြတာတွေဟာ သိပ္ပံနည်းကျ လုံလောက်စွာသက်သေပြထားတာမရှိတဲ့ အယူအဆမှားတွေ (myth) တွေဖြစ်ကြောင်း သတိပေးလိုပါတယ်။

အခုတလောမှာ လူတချို့ဟာ ရေကို မဆာဘဲ တမင်သက်သက် သောက်သင့်တာထက် အများကြီး ပိုသောက်နေကြတာတွေ့နေရပါတယ်။ လူမှုကွန်ရက်တွေ၊ ဖေ့စ်ဘွခ် Facebook တွေမှာ ရေကို သောက်နိုင်သလောက် များများသောက်ရင် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တဲ့အကြောင်းတွေကို ဖြန့်ပြီး share ရှယ်နေကြတာတွေကြောင့်လည်း လိုက်လုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုရေတွေအများကြီး သောက်ရင် ခန္ဓာကိုယ်ကို ရေဆေးပစ်သလို သန့်ရှင်းစင်ကြယ်သွားပြီး ရောဂါမျိုးစုံကို တားဆီးနိုင်တယ်လို့လည်း မှားယွင်းစွာ ယူဆနေကြပါတယ်။

သူတို့ပြောကြတဲ့ ရေအများကြီးသောက်ခြင်းရဲ့ ကျန်းမာရေးအကျိုးဆက်တွေကို အောက်ပါအတိုင်း ဖော်ပြထားတာ လေ့လာရပါတယ်။

၁။ ဆာလောင်ခြင်း၊ အစာစားခြင်စိတ်ကို နည်းစေတဲ့အပြင် ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် ကိုယ်အလေးချိန် ဝိတ်ချရာမှာ အထောက်အပံ့ဖြစ်စေခြင်း။

၂။ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးခြင်း။

၃။ ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကိုကာကွယ်ခြင်း၊ ပိုးရှိရင်လည်း ပြင်ပသို့ ရေဆေးပြီး ထုတ်ပစ်သလိုဖြစ်တဲ့အတွက် ပိုးလျော့စေခြင်း၊ ကျောက်တည်တာနည်းစေခြင်း နဲ့ ကျောက်ကပ်မပျက်စီးအောင် ကာကွယ်ပေးခြင်း။

၄။ အရေပြားတွေကို စိုပြည်စေခြင်း။

၅။ ခြေသည်းလက်သည်းတွေကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိကြောင်း ဖော်ပြထားတာတွေ့ရှိရပါတယ်။

၆။ အာရုံစူးစိုက်မှုအားတွေပိုမိုကောင်းမွန်စေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆေးပညာရှင်တချို့ကတော့ ဒီယူဆချက်တွေကို မှားယွင်းနေတဲ့အယူအဆ (myth)လို့ဝေဖန်ကြပါတယ်။ ရေကိုလုံလောက်အောင် သောက်ဖို့ လိုအပ်ပေမယ့် ရေမဆာဘဲ ရေအများကြီး သောက်တာက ဘေးအန္တရာယ်မကင်းဘူးဆိုတာ ဆွေးနွေးထားပါတယ်။ ရေကိုများစွာသောက်ခြင်းဖြင့် ရောဂါတွေ ကင်းဝေးစေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျလေ့လာထားတဲ့ အထောက်အထားတွေ တကယ်တော့မရှိကြောင်း ပြောဆိုထားပါတယ်။ ရေသောက်ခြင်းဖြင့် အစာစားချင်စိတ်လျော့စေတယ်၊ အလေးချိန်လျော့စေတယ်ဆိုတာ သိပ္ပံနည်းကျ အထောက်အထားလည်းမရှိကြောင်း ပြောကြားထားပါတယ်။

ရေကို အများကြီးမဆာဘဲ သောက်နေတာကြာလာရင် ဦးနှောက်က sensor တွေကလည်း ချို့ယွင်းလာပြီး ရေများများသောက်မှ အတော်ပဲဆိုတဲ့ အဆင့်တစ်ခုကို reset ဖြစ်သွားပါမယ်။ ကျောက်ကပ်ကလည ်း ရေမြန်မြန်ထုတ်ပစ်နေလို့ ရေပိုမသောက်ရတော့ရင် ပြဿနာဖြစ်လာတတ်ပါတယ်။အလေ့အကျင့်လိုဖြစ်ပြီး ရေနည်းနည်းပဲရှိမယ်ဆို မနေနိုင်တော့တာ၊ စိတ်ပူပင်တာ ဖြစ်လာပါမယ်။ (Polyuria related to polydipsia) လို့ ခေါ်ပါတယ်။တကယ်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ပိုလျှံနေခြင်းဟာ ရေခမ်းတာထက်တောင်ပိုပြီး အသက်ဘေးနီးပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top