Healthy Life Ad
International

စတီးရွိုက်လိမ်းဆေးကို နှစ်ရှည်ကြာသုံးခဲ့သူ၏ အရေပြားပျက်စီးသွား

၊ ကိုထက် ၊

အသက် ၃၀ ရှိပြီဖြစ်တဲ့ လီဆေးဟာ စတီးရွိုက်လိမ်းဆေးတွေကို ၂၅ နှစ်ကြာအောင် စွဲသုံးလာခဲ့ပြီး အခုအခါ သူရဲ့အရေပြားတွေဟာ ကြောက်စရာကောင်းလောက်အောင် ပျက်စီးသွားခဲ့ပါတယ်။ သူ့အသက် ၅ နှစ်အရွယ်မှာ အရေပြားနှင်းခူနာလေးတွေကို ကုသဖို့အတွက် ဆရာဝန်က စတီးရွိုက်လိမ်းဆေးတစ်မျိုးကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စတီးရွိုက်လိမ်းဆေးရဲ့ ထိရောက်မှုလျော့နည်းလာတဲ့အတွက် ရှူဆေးတွေ၊ သောက်ဆေးတွေပါ အသုံးပြုဖို့ ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

ပိုမိုပြင်းတဲ့ဆေးတွေကို သောက်သုံးခဲ့ရပြီးနောက် သူရဲ့ကျောက်ကပ်ကို ထိခိုက်မှုရှိလာခဲ့ပါတယ်။ စတီးရွိုက်လိမ်းဆေးတွေရဲ့ ဆိုးကျိုးတွေလည်း တဖြည်းဖြည်းပေါ်လာခဲ့ပြီး အရေပြားဟာ တွန့်ကြေပျက်စီးလာခဲ့ပါတယ်။ အသားတွေနာကျင်လာခဲ့ပြီး သူရဲ့ကလေးကိုတောင် အထိမခံနိုင်တော့ဘဲဖြစ်လာခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ဓာတ်အလွန်အမင်းကျတဲ့ ရောဂါပါဖြစ်ပေါ်လာခဲ့ပြီး ၈ လအတွင်း ကိုယ်အလေးချိန် ၃၅ ပေါင်ကျခဲ့ပြီး ဆံပင်တွေလည်း အကုန်လုံးနီးပါး ကျွတ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။ လီဆေးဟာ ရာသီဥတုအေးချမ်းတဲ့ တူရကီ ဒေသတစ်ခုကို ပြီးခဲ့တဲ့နှစ်မှာ ပြောင်းရွေ့နေထိုင်ခဲ့ပြီး စတီးရွိုက်ဆေးသုံးစွဲမှုကိုလည်း ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့အရေပြားကတော့ ကြောက်စရာကောင်းအောင် ပြောင်းလဲနေပါပြီ။

“စတီးရွိုက်ဆေးတွေကိုဖြတ်ပြီး ၃ လကြာတဲ့အထိ အရေပြားက နာကျင်နေတုန်းပဲ၊ ညလည်း အိပ်လို့မရပါဘူး.. အရေပြားကလည်း ပျက်စီးမြဲ ပျက်စီးလျက်ပါပဲ”လို့ လီဆေးက စတီးရွိုက်ရဲ့ ဆိုးကျိုးတွေကို အသိပေးတဲ့ ပညာပေးပွဲမှာ ပြောပြခဲ့ပါတယ်။ အရေပြားတွေ ဆွေးမြေ့တယ်၊ လောင်ကျွမ်းသလိုတွေဖြစ်လာတယ်၊ တွန့်ကြေပျက်စီးလာတယ်၊ နောက်ဆက်တွဲအရေပြားပိုးဝင်တာတွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နာကျင်တာ၊ ယားယံတာတွေဖြစ်လည်း ထိလို့၊ ကိုင်လို့မရပါဘူး၊ အဆိုးဆုံးကတော့ သားသမီးတွေကပါ ကြောက်လန့်ပြီး အနားမကပ်ရဲတော့တာပါပဲ”လို့ သူက ပြောပြခဲ့ပါ တယ်။

အရေပြားစတင်ပျက်စီးချိန်မှာ သူရဲ့သားလေးဟာ ၈ လအရွယ်ရှိနေပြီဖြစ်ပြီး သူရဲ့ကလေးကို မထိမကိုင်ဘဲ နှစ်အတော်ကြာအောင် နေခဲ့ရတယ်လို့ဆိုပါတယ်။ အလုပ်မှာလည်း ရက်ရှည်ဆေးခွင့်ယူထားရပြီး နေလို့အဆင်ပြေဆုံးဖြစ်တဲ့ ရေချိုးဇလုံထဲမှာပဲ သွားသွားစိမ်နေခဲ့ရတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ သူရဲ့ အရေပြားတွေဟာ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပြီး နာကျင်မှုတွေလည်း မရှိတော့ဘူးလို့သိရပါတယ်။ “အခုတော့ ကျွန်မအရေပြားက ပိုကျန်းမာပြီး ကောင်းမွန်လာနေပါပြီ… ပိုသုံးရင် ပိုကောင်းလာမယ်လို့ ထင်ခဲ့မိတဲ့ စတီးရွိုက်တွေရဲ့ တကယ့်အဖြစ်မှန်ကို ဘဝနဲ့ရင်းပြီး သင်ကြားခွင့်ရလိုက်တာပါပဲ”လို့ လီဆေးက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top