Healthy Life Ad
Life Style

အရက်ကြောင့်ဖြစ်ပွားသည့် စိတ်ဝေဒနာ(၃) ‘အရက်နာကျခြင်း’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အရက်ကြောင့်ဖြစ်ပွားတဲ့ စိတ်ဝေဒနာတွေအကြောင်းကို ဆေးကျောင်းသားတွေနဲ့အတူ ဆက်လက်ဆွေးနွေးနေပါတယ်။

“အရက်သောက်ရင် သွေးဆိုးတတ်သူကို ဆေးစစ်ဖို့လိုတယ်ဆိုတာ ပြောခဲ့ပြီးပြီ။ အရက်အလွန်အကျွံသောက်ပြီး အရက်ဖြတ်လိုက်လို့ “အရက်ပြတ်လပ်လက္ခဏာ” (Alcohol Withdrawal Symptoms)တွေ ပေါ်ပေါက်လာရင်တော့ ဆေးခန်းမှာဖြစ်ဖြစ်၊ ဆေးရုံမှာဖြစ်ဖြစ် ကြပ်မတ်ကုသမှုကို ခံယူသင့်တယ်”
“ဘာကြောင့်လဲ ဆရာ”

“ပြင်းထန်တဲ့ အရက်ပြတ်လပ်ရောဂါတစ်ခုဖြစ်တဲ့ “တုန်တုန်ယင်ယင် ကယောင်ကတမ်းရောဂါ” (Delirium Tremens) ရရှိလာရင် အသက်အန္တရာယ်ရှိလို့ပါ။ အဲဒီရောဂါကို အတိုချုပ် “ဒီတီ” (DT) လို့ ခေါ်ကြပါတယ်”

ဆေးကျောင်းသူတစ်ဦးက မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ခုကို မေးမြန်းတယ်။

“အရက်ဖြတ်လိုက်သူတိုင်း ဒီတီရောဂါရရှိသလား ဆရာ”

“အဲဒီလိုတော့ မဟုတ်ပါဘူး။ အရက်စွဲရောဂါရှိပေမယ့် အရက်ဖြတ်လိုက်ရင် “အရက်ပြတ်လပ် လက္ခဏာ”မခံစားရတဲ့သူ ၅၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ အရက်ပြတ်လပ်လက္ခဏာအမျိုးမျိုး ခံစားရတယ်။ အရက်နာကျတယ်ဆိုပါတော့။ တချို့က မပြင်းထန်ဘူး၊ တချို့က အတော်အတန်ပြင်းတယ်။ “ဒီတီ”က ပြင်းထန်ဆိုးရွားတဲ့ အရက်ပြတ်လပ်ရောဂါဖြစ်တယ်။ အရက်ဖြတ်သူ ၅ ရာခိုင်နှုန်းကျော်မှာ တွေ့ရှိနိုင်ပါတယ်”

ဆေးကျောင်းသားတစ်ယောက်က မေးခွန်းထုတ်တယ်။

“အရက်သောက်ချိန်မှာ အရက်သောက်ချင်တဲ့ ဆန္ဒပေါ်ပေါက်လာတာ အရက်ပြတ်လပ်လက္ခဏာ မဟုတ်ဘူးလား”

စာရေးသူက အရက်ပြတ်လပ်လက္ခဏာတွေကို အကျယ်တဝင့်ရှင်းပြပါတယ်။

မှန်ပါတယ်။ အရက်သောက်ချင်စိတ် ပြင်းပြလာတာက အရက်ပြတ်လပ်လက္ခဏာတစ်ခုပါ။ တခြားလက္ခဏာတွေလည်း ရှိသေးတယ်။ ရောဂါလက္ခဏာ ပြင်းထန်မှုအဆင့်ဆင့် ရှိပါတယ်။

(က) ပထမအဆင့်ကို အရက်ဖြတ်ပြီး ၆ နာရီမှ ၁၂ နာရီအတွင်း တွေ့ရှိရတယ်။ ရောဂါလက္ခဏာတွေကတော့ စိုးရိမ်ပူပင်စိတ်များပြားလာတာ၊ စိတ်တိုလွယ်တာ၊ ချွေးထွက်များလာတာ၊ ခေါင်းကိုက်တာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ သွေးတိုးတက်လာတာ စတာတွေ ဖြစ်ပါတယ်။ အများအားဖြင့် အဲဒီလက္ခဏာတွေက တစ်ရက်နှစ်ရက်အတွင်း သက်သာပျောက်ကင်းသွားပါတယ်။

(ခ) အရက်ပြတ်လပ်ရောဂါ ပိုမိုဆိုးရွားလာရင်တော့ ဒုတိယအဆင့်ကို ဆက်လက်ခံစားရမယ်။ အရက်ဖြတ်လိုက်ပြီး ၁၂ နာရီမှ ၂၄ နာရီအတွင်း ပေါ်ပေါက်လာတယ်။ ခုနက ပြောခဲ့တဲ့ လက္ခဏာတွေ ပိုမိုဆိုးရွားလာတယ်။ အဲဒါအပြင် နားထဲမှာ ထူးဆန်းတဲ့ အသံတွေကိုကြားတာ၊ မျက်လုံးထဲမှာ ထူးဆန်းတဲ့ ရုပ်ပုံတွေကို မြင်ယောင်တာ၊ ခြေလက်တွေပေါ်မှာ ယားယံသလို၊ ပူလောင်သလို ခံစားရတာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လူနာက ကယောင်ကတမ်းဖြစ်နေတာ မဟုတ်သေးဘူး။ အဲဒီလို ဖြစ်လာရင် “အရက်ကြောင့် လှုံ့ဆော်မှုမဲ့ အာရုံမှားရောဂါ” (Alcoholic Hallucinosis) လို့ ခေါ်ပါတယ်။ ရောဂါ ဆက်လက် မဆိုးရွားဘူးဆိုရင် အဲဒီလက္ခဏာတွေက ၄၈ နာရီအတွင်း ပျောက်ကင်းသွားပါတယ်။

(ဂ) အဲဒါထက် ပိုမိုပြင်းထန် ဆိုးရွားလာရင်တော့ “တုန်တုန်ယင်ယင် ကယောင်ကတမ်းရောဂါ” ဒီတီအဆင့်အထိ ရောက်ရှိလာမယ်။ ဒီတီရောဂါက အရက်ဖြတ်လိုက်ပြီး ၃ ရက်မှ ၇ ရက်အတွင်း ဖြစ်ပွားလာနိုင်တယ်။ အရက်ပြတ်လပ်လက္ခဏာအဆင့် (က)နဲ့ (ခ)ကနေပြီး တဖြည်းဖြည်း ဆိုးရွားလာတာကို အများအားဖြင့် တွေ့ရှိရပါတယ်။ အဆင့် (က)နဲ့ (ခ)ကို ခုန်ကျော်ပြီး ‘ဒီတ’ရောဂါလက္ခဏာတွေ အလျင်အမြန် ခံစားလာရတဲ့ လူနာတွေလည်း ရှိတတ်တယ်။ မနေ့က အရိုးရောဂါကုသဆောင်မှာ ဆရာ စမ်းသပ်စစ်ဆေးခဲ့တဲ့ လူနာလိုပေါ့”

ဆေးကျောင်းသားအားလုံးက အဲဒီလူနာအကြောင်း ပြောပြပါလို့ တောင်းဆိုပါတယ်။

“အသက် ၄၀ကျော် ယောကျာ်းလူနာပါ။ သူ့မှာ အရက်စွဲ ရောဂါရှိတယ်။ ဆေးရုံမတက်ခင် ၃-၄ ရက်လောက်က အရက်အလွန်အကျွံသောက်တယ်တဲ့။ အရက်မူးပြီးချော်လဲလို့ ခြေထောက်ရိုးကျိုးသွားတာ ဖြစ်တယ်။ ဆေးရုံပေါ်ရောက်ပြီး ၂ ရက်လောက် ကြာတော့ လူနာက ခြေတွေလက်တွေ တုန်တုန်ယင်ယင်ဖြစ်လာတယ်။ စကားပြော မမှန်ဘူး။ ကယောင်ကတမ်းဖြစ်နေတယ်။ သူ့ခေါင်းပေါ်မှာ ကြမ်းပိုးတွေ တွားသွားနေကြတယ်လို့ ပြောနေတယ်။ ဆရာစစ်ဆေးကြည့်တော့ ‘ဒီတီ’ရောဂါလို့ မှတ်ချက်ချနိုင်ပါတယ်”

ဆေးကျောင်းသားတစ်ယောက်က ကြားဖြတ်မေးပါတယ်။

“ဒီတီရောဂါလက္ခဏာတွေကို ပြောပြပါ ဆရာ”

“တုန်တုန်ယင်ယင် ကယောင်ကတမ်း (ဒီတီ) ရောဂါလက္ခဏာတွေကို အုပ်စုလေးမျိုး ခွဲခြားပြောပြမယ်။

(၁) ခန္ဓာကိုယ်ရောဂါလက္ခဏာတွေကတော့ ခြေလက်အလွန်အမင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ကိုယ်ပူချိန်တက်ခြင်း၊ ချွေးထွက်များလွန်းလာခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးတိုးတက်လာခြင်း စတာတွေဖြစ်တယ်။

(၂) စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း၊ အမျက်ဒေါသထွက်ခြင်းနဲ့ စိတ်လှုပ်ရှားတုန့်ပြန်မှု လွန်ကဲလာခြင်းတို့ ဖြစ်ပါတယ်။

(၃) စိတ္တဇရောဂါ လက္ခဏာတွေကတော့ စကားပြောအဆီအငေါ်မတည့်ခြင်း၊ နားထဲမှာ အသံကြားခြင်း၊ မိမိမြင်တွေ့ရတဲ့ ပစ္စည်းတွေကို တလွဲထင်မြင် ယူဆခြင်း(ဥပမာ-နံရံပေါ်မှာ မြင်ရတဲ့အရိပ်ကို ကြောက်စရာ သတ္တဝါတစ်ကောင်လို့ ထင်မြင်ခြင်း)၊ မျက်လုံးထဲမှာ ထူးဆန်းတဲ့ တိရစ္ဆာန်ငယ်လေးတွေကို မြင်နေခြင်း (ဥပမာ-ဆရာ ပြောခဲ့တဲ့လူနာလို ကြမ်းပိုးကောင်လေးတွေ တွားသွားနေတာမြင်ခြင်း) စတာတွေ ဖြစ်တယ်။

(၄) ကယောင်ကတမ်းရောဂါရဲ့ လက္ခဏာတစ်ခုက အချိန်၊ နေရာနဲ့ ပတ်ဝန်းကျင်က လူတွေကို အမှန်အတိုင်း သိရှိခွဲခြားနားလည်နိုင်စွမ်း မရှိတာဖြစ်ပါတယ်။ ဆေးပညာမှာ အသုံးပြုတဲ့ ဝေါဟာရကတော့ “Disorientation”ဖြစ်တယ်။ “အမှန်အတိုင်း မျက်မှောက်မပြုနိုင်ခြင်း”၊ ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်နေခြင်းလို့ ဆိုနိုင်ပါတယ်။ ဥပမာ-ဆရာ ပြောခဲ့တဲ့ လူနာကိုကြည့်ပါ။ လူနာက အခု သူဆေးရုံပေါ်မှာ ရောက်နေတယ်လို့ မထင်ဘူး။ သူ့အလုပ်ရုံမှာ အလုပ်တွေပြီးစီးအောင် လုပ်ကိုင်နေတာလို့ ပြောတယ်။ ဆေးကုသဆောင်ထဲမှာ တွေ့မြင်နေရတဲ့ ဆရာဝန်နဲ့ သူနာပြုတွေက အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေလို့ ယူဆနေပါတယ်။

ဒီတီရောဂါ ခံစားနေရတဲ့အချိန်မှာ ဝက်ရူးပြန်ရောဂါလို အပြင်းအထန်တက်တတ်တာလည်း ရှိပါတယ်။ ဒီတီရောဂါရှိသူ ၃ ရာခိုင်နှုန်းလောက်မှာ တွေ့ရှိရတယ်။ “ဒီတီရောဂါ ဘာကြောင့်ဖြစ်ပွားရသလဲ”လို့ ဆေးကျောင်းသူတစ်ယောက်က မေးမြန်းတယ်။

“အရက်က ဦးနှောက်ကလာပ်စည်းတွေရဲ့ လုပ်ငန်းကို တားဆီးချုပ်တည်းထားတဲ့ အာနိသင်ရှိပါတယ်။ ဗြုန်းကနဲ အရက်ဖြတ်လိုက်ရင် ဦးနှောက်ကလာပ်စည်းလုပ်ငန်းကို ထိန်းချုပ်ထားတဲ့ ဓာတုပစ္စည်းက အားပျော့လာတယ်။ ဒီတော့ ဦးနှောက်ကလာပ်စည်းတွေရဲ့ လုပ်ငန်းကို လှုံ့ဆော်နှိုးဆွပေးတဲ့ ဓာတုပစ္စည်းရဲ့ အာနိသင်က လွှမ်းမိုးလာပါတယ်။ ဒါကြောင့် ဒီတီရောဂါလက္ခဏာတွေ ဖြစ်ပွားလာတယ်။ ဒါကြောင့် အရက်လို အာနိသင်ရှိတဲ့ စိတ်ငြိမ်ဆေး (Benzodiazepine)နဲ့ အိပ်ဆေး (Barbiturate) စွဲနေသူတွေ ဗြုန်းကနဲ ဆေးဖြတ်လိုက်ရင်လည်း ‘ဒီတီ’ရောဂါရရှိနိုင်ပါတယ်။

အရက်စွဲရောဂါရှိသူတွေထဲမှာ ဦးခေါင်းဒဏ်ရာရရှိသူ၊ အာဟာရချို့တဲ့သူ၊ အားအင်ကုန်ခမ်း မောပန်းနေသူ၊ ဖျားနာနေသူ၊ အတက်ရောဂါရှိသူနဲ့ စိတ်ကျရောဂါရှိသူတွေက ဒီတီရောဂါဖြစ်ပွားဖို့ အလားအလာများပါတယ်”

စာရေးသူက ဆက်လက်ပြီး အကြံပေးစကားပြောပါတယ်။

“ဒီတီရောဂါ ခံစားနေရတဲ့ လူနာကို ခင်ဗျားတို့ ကြည့်ရှုစမ်းသပ်ဖို့ အခွင့်ကောင်းပဲ။ မနက်ဖြန် အဲဒီလူနာကို ဆရာ ပြန်လည်စစ်ဆေးရမယ်။ ခင်ဗျားတို့ လိုက်ခဲ့ကြပေါ့။ ဒါပေမဲ့ လူနာကို အရိုးရောဂါကုသဆောင်မှာ မထားတော့ဘူး။ အထူးကြပ်မတ် ကုသဆောင် (ICU) ထဲ ရောက်နေပြီ”

“ဘာကြောင့်လဲ ဆရာ”

“ဒီတီရောဂါက အသက်အန္တရာယ်ရှိတဲ့ အရေးတကြီးကုသရမယ့် ရောဂါမျိုးဖြစ်တယ်။ ကုသမှု မရရှိရင် ၃၀ ရာခိုင်နှုန်းလောက် အသက်ဆုံးရှုံးတာတွေ့ရတယ်။ အထူးကြပ်မတ်ကုသမှုရရှိတာတောင်မှ ဒီတီရောဂါခံစားရသူ ၅ရာခိုင်နှုန်းလောက်သေဆုံးတာ ရှိနိုင်သေးတယ်။

အရက်စွဲရောဂါရှိသူတွေမှာ ဗီတာမင်ဘီ(၁) ဓာတ်ချို့တဲ့ နေတတ်ပါတယ်။ ဗီတာမင်ဘီ(၁)ဓာတ် လုံလုံလောက် လောက်မပေးဘဲ ‘ဂလူးကို့စ်’သကြားဓာတ်ကို အကြောဆေးအဖြစ် ပေးသွင်းရင် ဗီတာမင်ဘီ (၁)ဓာတ် အလွန်အမင်း ချို့တဲ့လာလိမ့်မယ်။ ဗီတာမင်ဘီ(၁) ဓာတ်ချို့တဲ့ရင် အရက်စွဲရောဂါရှိသူတွေမှာ ‘မှတ်ဉာဏ်ကျဆုံးရောဂါ’ တစ်မျိုးရရှိနိုင်ပါတယ် . . .

ဒါကြောင့် ခင်ဗျားတို့ ဆွေမျိုးသားချင်းတွေထဲက တစ်ဦးတစ်ယောက် အရက်ပြတ်လပ်လက္ခဏာ ခံစားရရင်သတိထားပါ။ အရက်ပြတ်လပ်လက္ခဏာ ပထမအဆင့်က ၄၈ နာရီအတွင်း ပျောက်ကင်းမသွားရင် ဒါမှမဟုတ် အရက်ဖြတ်စမှာ နားထဲအသံကြားတာတို့၊ ထူးထူးဆန်းဆန်းတွေ မြင်လာတာတို့ဖြစ်ပေါ်လာရင် ဆေးကုသဖို့ လိုအပ်ပါတယ်။ ဒီတီရောဂါဖြစ်ပွားလာတဲ့အထိ စောင့်ကြည့်မနေသင့်ပါဘူး”

ကျောင်းသူတစ်ဦးက ကြားဖြတ်မေးပါတယ်။ “ဒီတီရောဂါကုသမှုနဲ့ ပတ်သက်ပြီး ကျွန်မသိချင်ပါတယ်”

“လူနာက တုန်တုန်ယင်ယင်နဲ့ ဂနာမငြိမ်ဖြစ်နေလို့ မတော်တဆ ထိခိုက်ဒဏ်ရာရရှိနိုင်တယ်။ လူနာငြိမ်သက်နေအောင် Benzodiazepine အနွှယ်ဝင် စိတ်ငြိမ်ဆေးကို ၂ နာရီမှ ၄ နာရီတစ်ကြိမ် လိုအပ်သလို လုံလုံလောက်လောက် ပေးရတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေ သမမျှတမှုရှိအောင် အကြောဆေး သွင်းပေးရတယ်။ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းစတဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းကို တစိုက်မတ်မတ် ကြည့်ရှုစစ်ဆေးရတယ်။ ဗီတာမင်မျိုးစုံကို အကြောဆေးအဖြစ် အသုံးပြုရတယ်။ အရက်စွဲရောဂါရှိသူတွေအတွက် ဗီတာမင်ဘီ(၁) (Thia­mine) က အလွန်အရေးကြီးပါတယ်”

“ဘာကြောင့်လဲ ဆရာ”

“အရက်စွဲရောဂါရှိသူတွေမှာ ဗီတာမင်ဘီ(၁) ဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဗီတာမင်ဘီ(၁) ဓာတ်လုံလုံလောက်လောက်မပေးဘဲ “ဂလူးကို့စ်” သကြားဓာတ်ကို အကြောဆေးအဖြစ် ပေးသွင်းရင် ဗီတာမင် ဘီ(၁)ဓာတ်အလွန်အမင်း ချို့တဲ့လာလိမ့်မယ်။ ဗီတာမင်ဘီ(၁)ဓာတ်ချို့တဲ့ရင် အရက်စွဲရောဂါရှိသူတွေမှာ “မှတ်ဉာဏ်ကျဆုံးရောဂါ” တစ်မျိုး ရရှိနိုင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top