Healthy Life Ad
Life Style

ကျန်းမာရေးထိခိုက်မှုအနည်းဆုံးဖြစ်အောင် အရက်ကို ဘယ်လိုသောက်သင့်သလဲ . . .

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အရက်ကို ကျန်းမာရေးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုသောက်နိုင်ပါသလဲ ဆရာ။

ဖြေ. အစာတစ်ခုခုစားထားပြီးမှ အရက်သောက်ရင် ပိုကောင်းပါတယ်။ အရက်သောက်တဲ့အခါ အစာရှိရင် ပိုသင့်တော်ပါတယ်။ အစာအိမ်မှာ အစာမရှိဘဲ လုံးဝမသောက်သင့်ပါဘူး။ အရက်မသောက်ခင်မှာ အမြည်းနည်းနည်းတော့စားရပါမယ်။ အစာမစားတဲ့ အခါမှာလည်း အဆီအအိမ့်၊ သကြားများတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်။ အရက်မသောက်ခင်မှာလည်း အစာစားဖို့လိုသလို သောက်နေစဉ်ကော၊ သောက်ပြီးရင်ကော အစာ(အမြည်း)စားဖို့ လိုပါတယ်။

အရက်သောက်တဲ့အခါ ဖြေးဖြေးနဲ့ နှေးနှေးသောက်သင့်ပါတယ်။ အရက်သောက်တဲ့အခါ တစ်ငုံနဲ့တစ်ငုံကြားမှာ အချိန်ခြားသင့်ပါတယ်။ သကြားမပါတဲ့ အသီးဖျော်ရည်သောက်ရပါမယ်။ ရေများများသောက်ဖို့ လိုပါတယ်။ အရက်သောက်တဲ့အခါ ရေဓာတ်ဆုံးရှုံးတတ်လို့ ဖြစ်ပါတယ်။ အရက်သောက်တဲ့အခါ နေရာရွေးတတ်ဖို့လည်း လိုပါတယ်။ အရက်သောက်ရင် ရေဓာတ်ဆုံးရှုံးတဲ့အတွက် အေးတဲ့နေရာ၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေကို ရွေးချယ်ဖို့လိုပါတယ်။

အရက်သောက်ရင် ကိုယ်သောက်နိုင်တဲ့ ကိုယ့်ပမာဏကိုသိဖို့ အရေးကြီးသလို ပမာဏကို ကန့်သတ်ပြီး သောက်သင့်ပါတယ်။ နောက်နေ့ အရက်နာကျတဲ့ ဝေဒနာ မခံစားရအောင် သောက်မယ့်ပမာဏကို ကန့်သတ်ပြီး သောက်သင့်ပါတယ်။ ကိုယ့်ပမာဏကို ကိုယ်သိပြီး ကန့်သတ်ထိန်းချုပ်သောက်ရင် အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ သက်သာလျော့နည်းမှာ ဖြစ်ပါတယ်။

အရက်သောက်နေရင်း နည်းနည်းမူးလာပြီဆိုတာနဲ့ ရပ်နိုင်ရင် ပိုကောင်းပါတယ်။ အန်ချင်၊ ပျို့ချင်လာရင် ဆက်မသောက်သင့်တော့ပါဘူး။ သောက်တဲ့ အရက်ရဲ့ အရည်အသွေးကလည်း အရေးကြီးပါတယ်။ ကိုယ်သောက်နေကျမဟုတ်တဲ့ အရက်မဟုတ်ရင် မသောက်တာအကောင်းဆုံးပါ။ မသိတဲ့လူတစ်ယောက်က တိုက်ရင် ယဉ်ကျေးစွာနဲ့ငြင်းပယ်သင့်ပါတယ် . . .

မေး. ဘယ်လိုအချိန်မှာ အရက်သောက်တာကို ရပ်ပစ်သင့်ပါသလဲ ဆရာ။

ဖြေ. အရက်သောက်နေရင်း နည်းနည်းမူးလာပြီဆိုတာနဲ့ ရပ်နိုင်ရင် ပိုကောင်းပါတယ်။ အန်ချင်၊ ပျို့ချင်လာရင် ဆက်မသောက်သင့်တော့ပါဘူး။ သောက်တဲ့ အရက်ရဲ့ အရည်အသွေးကလည်း အရေးကြီးပါတယ်။ ကိုယ်သောက်နေကျမဟုတ်တဲ့ အရက်မဟုတ်ရင် မသောက်တာ အကောင်းဆုံးပါ။ မသိတဲ့လူတစ်ယောက်ကတိုက်ရင် ယဉ်ကျေးစွာနဲ့ ငြင်းပယ်သင့်ပါတယ်။ တချို့က အရက်ကို အချိုရည်တွေနဲ့ ရောသောက်လေ့ရှိကြတယ်။ အချိုရည်တွေနဲ့ ရောမသောက်တာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ချိုတဲ့ အချိုရည်၊ သကြားဓာတ်များတဲ့ အချိုရည်တွေက ကယ်လို ရီများစွာ ပါတတ်ပါတယ်။ အိပ်ရေးမဝတဲ့အချိန်တွေမှာ အရက်မသောက်ရင် ပိုကောင်းပါတယ်။ အိပ်ရေးမဝရင် မောပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

မေး. အရက်သောက်တဲ့အခါ ဘယ်လိုလူတွေနဲ့အတူ တွဲသောက်သင့်ပါသလဲ ဆရာ။

ဖြေ. အရက်သောက်တဲ့အခါ တစ်ယောက်တည်းသောက်တာထက် ခင်မင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့သောက်ပါ။ မရင်းနှီး၊ မသိကျွမ်းတဲ့သူတွေနဲ့ အတူမသောက်တာ ပိုသင့်တော်ပါတယ်။ ရင်းနှီးမှု ပိုမိုခိုင်မြဲစေချင်တဲ့ ဆန္ဒနဲ့သာ အရက်အတူတူ သောက်သင့်ပါတယ်။ တချို့က အရက်မူးလာတဲ့အခါ ခံစားချက်တွေနဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ပြဿနာရှာတတ်တဲ့သူတွေနဲ့အတူ မသောက်တာ ပိုကောင်းပါတယ်။ ကိုယ်ကလည်း စိတ်မကြည်လင်တာ၊ စိတ်ညစ်နေတာဆိုရင်တော့ သူများနဲ့အတူ မသောက်တာအကောင်းဆုံးပါပဲ။

မေး. အရက်သောက်ပြီး တချို့က ဆေးတွေသောက်တာမျိုးလည်း ရှိတတ်တယ်။ အဲဒါကရော ဘယ်လို သတိထားသင့်ပါသလဲ ဆရာ။

ဖြေ. ဟုတ်ပါတယ်။ တချို့ဆေးဝါးတွေက အရက်နဲ့မတည့်ပါဘူး၊ တွဲမသောက်သင့်ပါဘူး။ ဆေး ပုံမှန်သောက်နေသူတွေက ဆေးနဲ့ အရက် တည့် မတည့်၊ ဘယ်အချိန်မှာ ဆေးနဲ့အရက် ခွာသောက်သင့်သလဲ ဆိုတာကို ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

မေး. အရက်သောက်တာနဲ့ ပတ်သက်ပြီး ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. အရက်သွားသောက်တဲ့နေရာ (ဥပမာ KTV၊ စားသောက်ဆိုင်)ကို လေ့လာထားဖို့ လိုပါတယ်။ အရေးပေါ်အခြေအနေဖြစ်ခဲ့ရင် အရေးပေါ်ထွက်ပေါက်တွေ ဘယ်မှာရှိတယ်ဆိုတာ လေ့လာထားရင် ပိုကောင်းပါတယ်။ ကိုယ်ကမှတ်ဉာဏ် သိပ်မကောင်းရင် အရက်သောက်တဲ့အခါ တန်ဖိုးကြီးပစ္စည်း၊ အရေးကြီးပစ္စည်းတွေ ယူမလာဖို့ သတိရှိရပါမယ်။ အရက်သောက်ပြီး လိင်အပျော်အပါး မလိုက်စားဖို့ သတိပြုရပါမယ်။ ရှောင်နိုင်ရင်တော့ ပိုကောင်းပါတယ်။

နောက်တစ်ချက်က သူငယ်ချင်းတွေ ဖိအားပေးတာကြောင့် အရက်သောက်တာကို ရှောင်သင့်ပါတယ်။ သူငယ်ချင်းတွေ မြှောက်ပေးတိုင်း မသောက်မိဖို့လိုပါတယ်။ တခြားသူက အရက်မသောက်တတ်ရင်၊ အရက်မသောက်ချင်ရင် (သူ့အခွင့်အရေးကို လေးစားမှုနဲ့) ဇွတ်မတိုက်သင့်ပါဘူး။ အတင်း မတိုက်တွန်းသင့်ပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေ အရက်ကို ရှောင်သင့်ပါတယ်။ အရက်သောက်ရင် ကိုယ့်ရင်သွေးကိုပါ ကျန်းမာရေးထိခိုက်မှုတွေ ရှိတတ်လို့ပါ။ နောက်တစ်ခုက အရက်သောက်မယ့်အစီအစဉ်ရှိရင် အိမ်ပြန်ဖို့ သေချာစီစဉ်ထားသင့်ပါတယ်။ “မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့”ဆိုသလို အရက်သောက်ပြီးတဲ့အခါ ကား၊ ဆိုင်ကယ် စတဲ့ယာဉ်တွေ မမောင်းဖို့ အရေးကြီးပါတယ်၊ လုံးဝကို မမောင်းသင့်ပါ။

ဒီအကြောင်းအရာတွေက အရက်သောက်တဲ့အခါ စည်းကမ်းတကျနဲ့ စနစ်တကျသောက်ဖို့ အကြံပေးတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အရက်ကို လုံးဝမသောက်တာ အကောင်းဆုံးပါ။ မသောက်ရ မနေနိုင်လို့ သောက်တဲ့အခါမှာလည်း ကျန်းမာရေး မထိခိုက်အောင် ဂရုတစိုက်သောက်သင့်ပါတယ်။ အရက် ပုံမှန်သောက်သူတွေက ပုံမှန်ကျန်းမာရေး စစ်ဆေးသင့်ပြီး အခြေခံရောဂါရှိနေရင် ကိုယ်ပြနေကျ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်စားသောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top