Healthy Life Ad
Men

သင်္ကြန် လည်ပတ်ပြီးချိန် နေလောင်ထားတဲ့ အသားအရေ ပြန်လည်အေးမြကြည်လင်ကြည့်ကောင်းစေဖို့

၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊

နွေနေပူမှာ အပြင်သွားပြီး ပြန်လာရင် အသားအရေ နွမ်းခြောက်သွားသလို ခံစားရတတ်ပါတယ်။ ရာသီဥတုကြောင့် ချွေးထွက်များပြီး နေပူရှိန်ကြောင့် အရေပြားနေလောင်ကာ အသားအရေရဲ့ နုပျိုလန်းဆန်းမှုလည်း မှိန်ဖျော့သွားတတ်ပါတယ်။ ဒါကြောင့် နွေကာလတစ်လျှောက်လုံး အသားအရေ ကျန်းမာလန်းဆန်းနေစေဖို့အတွက် နည်းလမ်းကောင်းတွေ မျှဝေလိုက်ပါတယ်။

(၁) နေ့စဉ်နေ့တိုင်း နေကာခရင်မ်လိမ်းပါ

နွေရာသီမှာ SPF အဆ ၃၀ လောက်ပါတဲ့ နေကာခရင်မ်ကို လိမ်းပါ။ SPFပါဝင်မှု များလွန်းတဲ့ နေကာခရင်မ်ကိုလိမ်းရင် ဝက်ခြံအဖုအပိမ့်တွေ ပေါက်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ နေကာခရင်မ်ကို နေ့စဉ်နေ့တိုင်း လိမ်းတာကြောင့် အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ရုံသာမက အရေးကြောင်းထင်တာ၊ ချွေးပေါက်ကျယ်တာနဲ့ အသားအရေ လျော့တွဲကျတာတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အပြင်မှာနေချိန် နှစ်နာရီကြာတိုင်း နေကာခရင်မ်ကို ထပ်မံလိမ်းဖို့ လိုအပ်ပါတယ်။

(၂) အိုင်းခရင်မ်ကို ရေခဲသေတ္တာထဲထည့်ပြီး သုံးပါ

အိုင်းခရင်မ်ကို ရေခဲသေတ္တာထဲထည့်ပြီး သုံးတာကြောင့် သွေးကြောတွေကို ကျုံ့စေနိုင်ပါတယ်။ အထူးသဖြင့် မျက်လုံးဖောင်းအစ်မှုကို ချက်ချင်းလျော့ကျသွားစေပါတယ်။ အေးမြနေတဲ့ အိုင်းခရင်မ်ကို နံနက်နဲ့ ညမှာလိမ်းရင် အကောင်းဆုံးဖြစ်ပြီး မျက်ဝန်းဖောင်းအစ်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကဖင်းဓာတ်ပါတဲ့ အိုင်းခရင်မ်ဟာ မျက်ဝန်းကို နောက်ထပ်ဖောင်းအစ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရေးကြောင်းမဖြစ်စေဖို့ ရက်တီနော (Retinol) ပါတဲ့ အိုင်းခရင်မ်လိမ်းပါ။

(၃) အသားအရေထိန်းပစ္စည်းများနှင့် အစားအသောက်ထဲ အင်တီအောက်ဆီးဒင့်ထည့်ပါ

ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီပါတဲ့ အသားအရေထိန်းပစ္စည်းတွေကို မျက်နှာပေါ် တိုက်ရိုက်လိမ်းသင့်သလို ဒီအင်တီအောက်ဆီးဒင့်တွေပါတဲ့ ရောင်စုံသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ- ဥပမာ တလည်းသီး၊ သံလွင်ဆီနဲ့ ဘလူးဘယ်ရီသီးတွေကို စားလည်းစားသင့်ပါတယ်။ ဒါမှသာ ဖရီးရယ်ဒီကယ်ကြောင့် အသားအရေထိခိုက်မှုကို တွန်းလှန်ပေးနိုင်မှာဖြစ်ပြီး အရေးကြောင်းပါးပါး ထင်တာ၊ အရေးကြောင်းကြီးတွေ ထင်တာနဲ့ ရောင်ရမ်းတာတို့ကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ ကောင်းတဲ့အဆီတွေပါဝင်တဲ့ နံနက်စာကို စားတာကြောင့် တစ်နေ့လုံး သွေးတွင်းသကြားဓာတ် ဟန်ချက်ညီစေပါတယ်။ သွေးတွင်းသကြားဓာတ် မြန်မြန်ဆန်ဆန် မြင့်တက်တဲ့အခါ ဝက်ခြံပေါက်တာ၊ အရေးကြောင်းထင်တာနဲ့ အရေပြားနီမြန်းတာတို့ ဖြစ်တတ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၄) ပေါ့ပေါ့ပါးပါး ကြေးချွတ်ပါ

အိုမင်းမှုတား ခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်တွေက အသားအရေ နုပျိုတင်းရင်းစေတဲ့ အဓိက သော့ချက်ပါ။ အသားအရေ ကြေးချွတ်တာကလည်း အသားအရေ တင်းရင်းတောက်ပြောင်စေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကြေချွတ်တာကြောင့် အရေပြားရဲ့ အပေါ်ယံအလွှာတွေကို ကွာကျစေပြီး အရေးကြောင်းထင်တာ၊ ဝက်ခြံပေါက်တာနဲ့ အစက်အပြောက်ထင်တာတို့ ကင်းစင်ကာ အသားအရေကိုကျန်းမာကြည် လင်ဝင်းပသွားစေပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေရှိရင် အသားအရေကို ခပ်ကြမ်းကြမ်း မပွတ်တိုက်ပါနဲ့။

(၅) မကြာခဏ လေ့ကျင့်ခန်းပြုလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ အထွေထွေကျန်းမာရေးကို ကောင်းမွန်စေသလို အသားအရေ တင်းရင်းလှပစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားတင်းရင်းကာ နုပျိုကြည့်ကောင်းတဲ့ အသားအရေ ပိုင်ဆိုင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top