Healthy Life Ad
Health Tips

ကျန်းမာရေးနဲ့အညီ မြန်မြန်ဝိတ်ကျစေမည့် ဘဝနေထိုင်မှုပုံစံ ၁၀

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဝိတ်လည်း ကျချင်တယ်၊ ကျန်းမာရေးထိခိုက်မှာလည်း စိုးတယ်၊ အစားအသောက်ကိုလည်း များများ မလျှော့နိုင်ဘူးဆိုသူတွေအတွက် ကျန်းမာရေးနဲ့အညီ အမြန်ဝိတ်ကျစေမယ့် နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ပါဝင်ပစ္စည်းများကို သတိထားပါ
အရွက်သုပ်တွေက သာမန်အားဖြင့် ကယ်လိုရီနည်းတာမှန်ပေမယ့် အရွက်သုပ်ထဲမှာ မရောနိစ်၊ ခရင်မ်စတဲ့ အမယ်တွေထည့်ထားရင် ကယ်လိုရီပိုတက်စေပါတယ်။ ဟမ်ဘာဂါက ကယ်လိုရီများတာ မှန်ပေမယ့် ဟင်းသီးဟင်းရွက်များများထည့်ထားပြီး ခရင်မ်တွေမပါဘူးဆိုရင် ကယ်လိုရီပိုနည်းနေနိုင်ပါတယ်။ ဒါကြောင့် ဘာပဲစားစား ပါဝင်ပစ္စည်း တွေကို သတိထားရပါမယ်။

(၂) အိမ်ချက်နေ့လယ်စာကိုစားပါ
အိပ်ချက်နေ့လယ်စာက ငွေကုန်ကြေးကျ သက်သာစေရုံသာမက ကယ်လိုရီတွေလည်း မတက်စေပါဘူး။ အပြင်စာအများစုမှာ ဆီပါဝင်မှု များတတ်ပါတယ်။

(၃) အိပ်စက်ခြင်းက အရေးပါ
စောစောအိပ်ရာဝင်တာကြောင့် တစ်ပတ်ကြာရင် ကိုယ်အလေးချိန် တစ်ပေါင်လျော့ကျနိုင်ပါတယ်။ ညတိုင်းအိပ်ရေးပျက်နေသူတွေက ကိုယ်အလေးချိန်သိသိသာသာ မြင့်တက်လာတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၄) လမ်းလျှောက်ပါ
ခပ်သွက်သွက်လမ်းလျှောက်တာက ကိုယ်အလေးချိန်လျော့ကျဖို့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။

(၅) ပရိုတင်းထည့်စားပါ
ပရိုတင်းဓာတ်က ကိုယ်အလေးချိန်လျော့ကျဖို့ နဲ့ ကိုယ်အလေးချိန်ပုံမှန်အတိုင်းရှိနေအောင် ထိန်းဖို့ အကောင်းဆုံး ဖြစ်တယ်လို့ အမေရိကန်အာဟာရ ဆေးဂျာနယ်အရသိရပါတယ်။ ပရိုတင်းများတဲ့ အစာစားရင် တစ်နေ့လုံးစိတ်ကျေနပ်စေပြီး ဟိုဟာစားချင် ဒီဟာစားချင်သိပ်မဖြစ်တော့ပါဘူး။ မနက်ခင်းမှာ ကြက်ဥနှစ်လုံး၊ နေ့ခင်းမှာ ကြက်သားနှစ်တုံး၊ ညနေစာမှာ ငါး ၄-၆အောင်စလောက် စားသင့်ပါတယ်။ သရေစာအဖြစ် အခွံမာအစေ့အဆန်နဲ့ ဒိန်ချဉ်စားပါ။

(၆) ကောင်းသော အဆီ ထည့်စားပါ
မိုနိုမပြည့်ဝဆီက ကောင်းတဲ့အဆီဖြစ်ပြီး ကိုယ်အလေးချိန်ကျတာ၊ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ်တာနဲ့ မကောင်းတဲ့ ကိုလက်စထရောကျစေတာတို့ကို ဖြစ်စေပါတယ်။ နွားနို့၊ ထောပတ်သီး၊ ဆယ်လ်မွန်ငါး စတာတွေမှာ ကောင်းတဲ့ အဆီပါဝင်တဲ့အတွက် စားပေးပါ။

(၇) လေ့ကျင့်ခန်းလုပ်ပါ
အိမ်မှာ အလွယ်လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ထိုင်-ထလေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း၊ လက်ထောက်မှောက်လေ့ကျင့်ခန်း၊ ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်း စတာတွေကို တစ်နေ့ ၁၅ မိနစ်လောက် လုပ်ပေးပါ။

(၈) အစာကို ပမာဏနဲ့ စားပါ
ကြိုက်တဲ့ အစာတွေ၊ အသီးအရွက်တွေကို ပမာဏနဲ့ ကန့်သတ်ပြီး စားပေးရပါမယ်။

(၉) တစ်ရက်လောက် ခွင့်ပြုပါ
ကိုယ်ကြိုက်တဲ့အစာတွေကို နေ့တိုင်း ချုပ်တီးရတဲ့အခါ ကြာရင် စိတ်ဓာတ်ပါ ကျလာတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ တစ်ပတ်မှာ တစ်ရက်တော့ကိုယ်ကြိုက်တဲ့အစာ အနည်းငယ်စားခွင့် ပြုပါ။

(၁၀) စာထဲ ချရေးပါ
တစ်နေ့တာ ဘယ်လိုစားတယ်၊ ဘယ်နှပေါင်ရှိတယ်ဆိုတာကိုစာထဲချရေးပါ။ ဒီနည်းက ကိုယ်အလေးချိန်ကျဖို့ အလွန်အထောက်အကူပြုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top