Healthy Life Ad
Life Style

”သွေးကျဆေး ၃ မျိုးက ကင်ဆာဖြစ်စေနိုင်” သတင်းထွက်လာတဲ့အတွက် သောက်လက်စ သွေးကျဆေး ရပ်ပစ်ရမှာလား ဆရာ. . .

——————————————————————————————————————-
၊ ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊

Q. အခုလတ်တလောမှာ သွေးတိုးကျဆေး သုံးမျိုးက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းထွက်လာ တာကြောင့် သွေးတိုးရှိသူတွေက သောက်လက်စ သွေးကျဆေးကို ရပ်ပစ်ရမှာလားဆိုပြီး စိုးရိမ်မှုအပြည့်နဲ့ မေးလာကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။

A. စင်ကာပူသတင်းအရ Hyperten၊ Losagan နဲ့ Losartas အမည်ရှိတဲ့ သွေးကျဆေးသုံးမျိုးမှာပါတဲ့ ကုန်ကြမ်းက ကင်ဆာဖြစ်စေနိုင်တဲ့အတွက် ဒီဆေး ဘရန်းသုံးခုကို ပိတ်ပင်ထားတယ်လို့ ဆရာတို့ အကြမ်းဖျင်းသိထားတာပါ။


(Source: Health Sciences Authority)

လူနာတွေက ဒီသတင်း ထွက်လာတော့ ဆရာတို့ဆီလာပြီး သူတို့သောက်နေတဲ့ သွေးကျဆေးတွေက စိတ်ချရရဲ့လားလို့ လာမေး ကြပါတယ်။ ဆရာသိရသလောက်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ သုံးနေတဲ့ သွေးကျဆေးတွေထဲမှာ တော့ ဒီ Brand သုံးမျိုး မပါပါဘူး။ တိတိကျကျ ပြောရရင် စင်ကာပူ FDAကပြောတဲ့ နိုက်ထရိုစမင်း ပါလို့ မသောက်သင့်ဘူးဆိုတဲ့ ဒီသွေးကျဆေးသုံးမျိုး ကတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ သွေးကျဆေးတွေ ထဲမှာ ဆရာ မတွေ့ဖူးပါဘူး။
ထပ်ပြီးပြောလို့ရတာက လွန်ခဲ့တဲ့ ၁၀နှစ်ကျော် လောက်ကတည်းက Lorsantan ဟာ ဆီးကျိတ်ကင်ဆာနဲ့ အရေပြားကင်ဆာဖြစ်စေတယ်ဆိုပြီး ထွက်လာပါတယ်။ ဒါပေမဲ့ အဲဒီလေ့လာမှုမှာ ပါဝင်စမ်းသပ်တဲ့ လူဦးရေက နည်းတဲ့အတွက် တိတိကျကျ ပြန်လုပ်လိုက်တဲ့အခါ ဆီးကျိတ်နဲ့အရေပြားကင်ဆာ ဖြစ်နိုင်တယ်လို့ မပြောနိုင်ဘူးဆိုပြီး ဒါကို ဆက်လက် သုံးစွဲဖို့ ခွင့်ပြုလိုက်တဲ့အတွက် ဆက်သုံးလာပါတယ်။ အခုတစ်ခေါက်ကျတော့ UKက စပြီး Lorsantan ဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်း ကုန်ကြမ်းက ကင်ဆာ ဖြစ်စေတယ်လို့ စစ်ဆေးတွေ့ရှိရတယ်လို့ သိရတာပါ။

နောက်တစ်ချက်က ဆေးထဲမှာပါတဲ့ နိုက်ထရိုစမင်းဟာ ဆေးထဲမှာပါတယ်ဆိုပြီးသာ ကြောက်နေ ကြတာ၊ အမှန်တကယ်မှာ လူအများစားနေတဲ့ ဆာတေး အကင်တွေထဲမှာ နိုက်ထရိုစမင်းက ပါဝင်နေပါတယ်။

မီးရဲရဲနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အသားကင်၊ ငါးကင်၊ ဝက်ပေါင်ခြောက် စတာတွေထဲမှာလည်း နိုက်ထရိုစမင်းဓာတ်က ပါဝင်နေတာပါပဲ။ ဒါတွေက တစ်ခါတလေမှ စားတဲ့အစာဖြစ်နေတာလည်း ပါပါတယ်။ Lorsantan ကတော့ သွေးတိုးသမားတွေ နေ့စဉ်ရက်ဆက်သောက်နေတဲ့ ဆေးတွေဖြစ်တော့ လူတွေက ပိုစိုးရိမ်ကြတာလည်း ဖြစ်ပါတယ်။

Q. ဒါဆို မြန်မာနိုင်ငံမှာ သွေးတိုးရှိသူ အများစု သောက်နေတဲ့ သွေးကျဆေးတွေကကော စိတ်ချရရဲ့ လား ဆရာ။

A. မြန်မာနိုင်ငံမှာရှိနေတဲ့ သွေးကျဆေးတွေထဲမှာ နိုက်ထရိုစမင်းပါလား၊ မပါလားဆိုတာတော့ မြန်မာနိုင်ငံ FDAက စစ်ကြည့်မှ စိတ်ချရမှုရှိ၊ မရှိ သိပါ လိမ့်မယ်။ သွေးတိုးရှိသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သွေးကျဆေးတွေထဲမှာ နိုက်ထရိုစမင်းပါဝင်မှု ရှိ၊ မရှိ စစ်ဆေးတွေ့ရှိခြင်း မရှိသေးတာကြောင့် အခု ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဒီဆေးကို ဆက်လက်သောက်သုံးလို့ရပါတယ်။ တချို့ကလည်း သိပ်စိုးရိမ်တယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေး အုပ်စုတူပြီး အာနိသင်တူတဲ့ ဆေးကို အစားထိုး သုံး စွဲလို့ ရပါတယ်။

Q.အခုထွက်လာတဲ့ သတင်းကြောင့် အတော်များများက သောက်လက်စ သွေးတိုးကျဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်ပစ်လိုက်ကြပါတယ်။ အဲဒီလို ရပ်လိုက်ရင်ကော ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. သောက်လက်စ သွေးကျဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်ပစ်လိုက်ရင် သွေးတိုးမယ်၊ အဲဒီအခါ သွေးတိုးတာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

တကယ်လုပ်သင့်တာက ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ”ဒီဆေးတော့ ဆက်မသောက်ရဲတော့ဘူး၊ တခြား ဘယ်သွေးကျဆေးကို ပြောင်းသောက်ရမလဲ ဆရာ”ဆိုတာမျိုး အရင်ဆုံး တိုင်ပင်ပါ။

ဒါမှသာ ဆရာဝန်က လူနာရဲ့ လက်ရှိအခြေအနေ၊ တခြားအခြေခံရောဂါဝေဒနာတွေကို ဆန်းစစ်ကြည့်ရှုပြီး အစားထိုးပေးနိုင်တဲ့ သွေးကျဆေးကို ညွှန်းပေးမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top