Healthy Life Ad
Health Tips

လက်သည်းကိုက်တဲ့အကျင့်စွဲနေပြီလား

သင့်မှာလက်သည်းကိုက်တတ်တဲ့ အကျင့်စွဲနေပါသလား။ လက်သည်းကိုက်တဲ့အကျင့်ကို ဖြတ်ရခက်နေပါသလား။ လက်သည်းကိုက်တဲ့အကျင့်ကြောင့် မိဘတွေရဲ့ ဆူပူမှုကို မကြာခဏ ခံနေရပါသလား။ ဒါဆိုရင် ဘာကြောင့် ဖြစ်ရသလဲဆိုတာနဲ့ လက်သည်းကိုက်တဲ့အကျင့်ပျောက်အောင် ဘယ်လို လုပ်ရမလဲဆိုတာ အကြံပြုချင်ပါတယ်။

လက်သည်းကိုက်ခြင်း
လက်သည်းကိုက်တာက အဖြစ်များတဲ့ ပြဿနာပါ။ အထူးသဖြင့် ကလေးတွေမှာ လက်သည်းကိုက်တဲ့အကျင့် စွဲတတ်ပါတယ်။ လက်သည်းကိုက်တဲ့သူအများစုဟာ တစ်ခါတစ်ရံ လက်သည်းတင်မက လက်သည်းတစ်ဝိုက် တစ်သျှူးပျော့တွေကိုတောင် ကိုက်ဖဲ့တတ်ကြပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေကြုံရတဲ့အခိုက်မှာ သတိမထားမိဘဲ လက်သည်းကိုက်တဲ့အကျင့် စွဲသွားတတ်ကြပါတယ်။ လက်သည်းကိုက်တာက စိတ်ပိုင်းဆိုင်ရာဝေဒနာရဲ့ လက္ခဏာတစ်ရပ်ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် စာမေးပွဲဖြေခါနီးမှာ အလိုလို လက်သည်းကို ကိုက်နေမိတတ်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့သဘောပါ။ တချို့သူတွေက ပျင်းရိတဲ့အခါမှာလည်း လက်သည်းကိုက်တတ်ပါတယ်။

အံ့အားသင့်စရာ ကောင်းတဲ့ အချက်ကတချို့သူတွေဟာ အိပ်စက်ရင်း လက်သည်းကိုက်တာမျိုးတောင် ရှိနေပါတယ်။ လက်သည်းကိုက်တာက လူတစ်ယောက်ရဲ့ ပုံရိပ်ကို ထိခိုက်စေရုံသာမက လက်သည်းပိုးဝင်မှုကြောင့် အအေးမိတာ၊ ဝမ်းပျက်ဝမ်းလျှောတာစတဲ့ ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။

လက်သည်းကိုက်ကျင့် စွဲရသည့် အကြောင်းများ
စိတ်ဖိစီးမှုများတာကြောင့် စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အနေနဲ့ လက်သည်းကိုက်တတ်ကြပါတယ်။ အဲဒီလူတွေက လက်သည်းကိုက်တာကြောင့် စိတ်ဖိစီးမှုကို အလွယ်တကူ တွန်းလှန်နိုင်တယ်လို့ ထင်နေကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ထင်တဲ့အခါမှာလည်း လက်သည်းကိုက်တတ်ပါတယ်။ လက်သည်းကိုက်တဲ့အကျင့် စွဲလမ်းစွာ လုပ်နေတာကို အပြုအမူတစ်ခုကို ထပ်ခါတလဲလဲ လုပ်ဆောင်တဲ့ ဝေဒနာ(Obsessive Compulsive Disorder) လို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ စိတ်ကုထုံးတွေနဲ့ ကုသမှုပေးရင် သက်သာသွားတတ်ပါတယ်။

လက်သည်းကိုက်ကျင့်စွဲရတာက မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ကလေးတွေဟာ မိသားစုထဲမှာ လက်သည်းကိုက်သူရှိတာကြောင့် အတုခိုးကာ လက်သည်းကိုက်ရင်း အကျင့်ဖြစ်သွားတတ်ပါတယ်။

ခံတွင်း ပြဿနာကြောင့် လက်သည်းကိုက်တတ်ကြပါတယ်။ ဆိုလိုတာက ပါးစပ်ထဲကို တစ်ချိန်လုံးတစ်ခုခု ထည့်နေရမှ သဘောကျတာမျိုးပါ။ ဒါကြောင့် ရည်ရွယ်ချက်မရှိဘဲ လက်သည်းကိုက်နေမိတတ်ပါတယ်။ ဒါကိုလည်း စိတ်ညှို့အိပ်မွေ့ချကုထုံး (Hypnosis)နဲ့ ကုသနိုင်ကြောင်း တချို့က ယုံကြည်ကြပါတယ်။
တချို့လူတွေက အပြုအမူတချို့လုပ်ဆောင်ရင်း အမှတ်တမဲ့ လက်သည်းကိုက်တတ်ကြပါတယ်။ ဆိုလိုတာက တီဗီကြည့်ရင်း၊ စာအုပ်ဖတ်ရင်း စိတ်ဝင်စားလာချိန်မှာ အလိုလိုလက်သည်းကိုက်မိတာမျိုးပါ။

အများစုက ဗိုက်ဆာတဲ့အခါ လက်သည်းကိုက်တတ်ပါတယ်။ ကလေးတွေရော လူကြီးတွေမှာပါ အဖြစ်များပါတယ်။
လက်သည်းကိုက်တာက အလွန်အမင်း စိတ်ပူပင်သောကများတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။
လက်သည်းကိုက်တဲ့အကျင့်ပျောက်စေရန်

လက်သည်းကို ခပ်တိုတိုညှပ်ထားပါ။

လက်ကို မကြာခဏ ဆေးကြောပေးပါ။

လက်တွေ အလုပ်ရှုပ်နေအောင် အလုပ်တစ်ခုခု လုပ်ပါ ဒါမှမဟုတ် လက်ချောင်းထဲကို ဘောပင်ညှပ်ထားတာမျိုးလုပ်ဆောင်ပါ။

စိတ်ဖိစီးမှုကို တတ်နိုင်သမျှဖြေလျှော့ပြီး စိတ်သက်သာစေမယ့် အနေအထားအမြဲဖန်တီးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top