Healthy Life Ad
Life Style

အိပ်မက်ဆိုးရောဂါ (၂)

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ယခင်တစ်ပတ်မှအဆက်

စာရေးသူရဲ့ မိတ်ဆွေကိုဆွေနဲ့ အိပ်မက်ဆိုးရောဂါအကြောင်းကို ဆက်လက်ဆွေးနွေးနေပါတယ်။

ကိုဆွေက သူ့သမီးအတွက် စိုးရိမ်စိတ်ရှိနေပုံပေါက်ပါတယ်။

“လိုရမယ်ရ ကျွန်တော် မေးချင်ပါတယ် ကိုအုန်းကျော် . .အိပ်မက်ဆိုးမြင်မက်တာ ပျောက်ကင်းမသွားဘဲ ပိုဆိုးပြီး အိပ်မက်ဆိုးရောဂါလို ဖြစ်လာရင် ဘယ်လိုကုသသင့်သလဲ”

အိပ်မက်ဆိုးရောဂါကုသရာမှာ ထိရောက်မှုရှိတဲ့ ကုထုံးနှစ်မျိုးကို စာရေးသူက ရှင်းပြပါတယ်။

“အသုံးများတဲ့ ကုထုံးနှစ်မျိုးရှိပါတယ်။ အိပ်မက်မြင်မက်တာကို လျော့နည်းစေတဲ့နည်းနဲ့ အိပ်မက်ကို ဇာတ်လမ်းပြောင်းလွှဲပေးတဲ့နည်းတွေ ဖြစ်ပါတယ်”
“ဆက်ပြီး ရှင်းပြပါ”

“(က) အိပ်မက်မြင်မက်တာကို လျော့နည်းစေဖို့အတွက် သွေးတိုးကျဆေးတစ်မျိုးကို အသုံးပြုပါတယ်။ ဆေးနာမည်ကတော့ Prazosin (ကုမ္ပဏီ ထုတ်အမည် Minipress) ဖြစ်ပါတယ်။ အဲဒီဆေးရဲ့ အာနိသင်တစ်ခုကတော့ “မျက်စိကစားတဲ့ အိပ်စက်ချိန်”(REM-sleep)ကို လျော့နည်းစေပြီး အိပ်မောကျတဲ့အိပ်စက်ချိန် (NonREM-sleep)ကို တိုးပွားစေတာ ဖြစ်တယ်။ ဒါကြောင့် အိပ်မက်မြင်မက်တဲ့နှုန်း နည်းပါးလာမယ်။ အိပ်မက်ဆိုးမြင်မက်ရင်လည်း ဆက်ပြီး အိပ်ပျော်သွားတဲ့အတွက် အိပ်မက်ကို မမှတ်မိတော့ဘူး။ Prazosin ဆေးနဲ့ ကုသရင် အိပ်မက်ဆိုးရောဂါကို သက်သာစေတဲ့ သုတေသန တွေ့ရှိချက် အထောက်အထားတွေ ရှိပါတယ်။

(ခ) အိပ်မက်ဆိုးကို ဇာတ်လမ်းပြောင်းလွှဲပေးတဲ့နည်းကတော့ စိတ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ “စိတ်ကူးထဲမှာ အိပ်မက်ကို ဇာတ်တိုက်ပေးခြင်းကုထုံး”(Imagery Rehearsal Therapy) လို့ ခေါ်ပါတယ်”

ကိုဆွေက နားမရှင်းသလို အမူအရာနဲ့ ကြားဖြတ်မေးပါတယ်။

“နေပါဦးဗျ . .ကာယကံရှင်က ငါ ဘယ်လိုအိပ်မက်မျိုး မြင်မက်ရမယ်လို့ ကြိုတင်ပြင်ဆင်ပေးလို့ရပါ့မလား”

မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။

“လေ့ကျင့်ရင်ဖြစ်နိုင်ပါတယ် ကိုဆွေ။ ကွန်ပျူတာထဲမှာ လိုအပ်သလိုအစီအစဉ်ပုံသွင်း’ပရိုဂရမ်’ (program)လုပ်တဲ့သဘောပါ။ ဦးနှောက်ကိုလည်း စိတ်စွမ်းရည်နဲ့’ပရိုဂရမ်’လုပ်နိုင်ပါတယ်။ ကုသနည်းကို အတိုချုပ်ပြောပြမယ်။ (က) ရက်သတ္တပတ် နှစ်ပတ်လောက် အချိန်ယူပြီး အိပ်မက်ဆိုးမြင်မက်သမျှ စာရင်းပြုစုရမယ်။ (ခ) အဖြစ်များတဲ့ အိပ်မက်ဆိုးတစ်ခုနှစ်ခုကို ရွေးချယ်ရမယ်။ အိပ်မက်ဆိုးထဲမှာ ပါရှိတဲ့ ကြောက်စရာ ထိတ်လန့်စရာဇာတ်လမ်းကို သာယာပျော်ရွှင်စရာကောင်းတဲ့ ဇာတ်လမ်းနဲ့ အစားထိုးပြီးစဉ်းစားကြည့်ရမယ်။ ဥပမာ-လူဆိုးက ဓားလက်နက်နဲ့ လိုက်ခုတ်နေတဲ့အိပ်မက်မျိုး၊ သရဲတစ္ဆေ က လက်မည်းကြီးနဲ့လိုက်ဖမ်းနေတဲ့ အိပ်မက်မျိုး ဆိုပါတော့။ အဲဒီလိုအိပ်မက်ဆိုးကို မှတ်မိသလောက် စာရွက်ပေါ်မှာရေးမှတ်ရမယ်။ နောက်ပြီးတော့ ဇာတ်လမ်းကိုပြောင်းလဲဖို့ စဉ်းစားကြည့်ရမယ်။ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းနေရာမှာ သာယာကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းကို အစားထိုး တီထွင်ဇာတ်တိုက်ကြည့်ရမယ်။ စာရွက်ပေါ်မှာ ချရေးကြည့်ရမယ်။ ဥပမာ-

လူဆိုးက လိုက်ဖမ်းနေတဲ့ဇာတ်ကွက် အစား မိခင်က လိုက်တမ်းပြေးတမ်းကစားနေသလို တီထွင်စဉ်းစားကြည့်ရမယ်။ အေးစက်စက်လက်မည်းကြီးက ဖမ်းချုပ်တာ ခံနေရတဲ့ အိပ်မက်ဇာတ်လမ်းအစား မိခင်ရဲ့လက်ဖဝါးနုနုနဲ့ ယုယုယယကိုင်တွယ်ခံနေရသလို ဇာတ်ကွက်ပြောင်းလွှဲ စဉ်းစားကြည့်ရမယ်။

(ဂ) တီထွင်ထားတဲ့ အိပ်မက်ဇာတ်လမ်း အသစ်ကို အိပ်ရာမဝင်ခင် အကြိမ်ကြိမ်စဉ်းစားကြည့်ရမယ်။ စာရွက်ပေါ်မှာရေးမှတ်ထားရင်လည်း အကြိမ်ကြိမ်ဖတ်ကြည့်ရမယ်။ အဲဒါ အိပ်မက်ဆိုးကနေ အိပ်မက်ကောင်းရရှိအောင် လေ့ကျင့်ပေးတဲ့ ဇာတ်တိုက်နည်းပါပဲ”

“လက်တွေ့မှာ အောင်မြင်မှုရှိရဲ့လား ကိုအုန်းကျော်”

“အောင်မြင်မှုရှိပါတယ်။ အဲဒီလို လေ့ကျင့်ရင် အိပ်မက်ဆိုးမြင်မက်မှုဖြစ်ပွားနှုန်း ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားတာကို တွေ့ရှိရပါတယ်”

_ _ _

စာရေးသူ စကားဆုံးဆော့ “အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ခြင်းရောဂါ”(Sleep Terror / Night Terror) အကြောင်းကို ကိုဆွေက မေးမြန်းပါတယ်။

“အိပ်မက်ဆိုးရောဂါ (Nightmares)နဲ့ ‘အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ရောဂါ’က မတူဘူး လို့ ခင်ဗျားပြောတယ်မဟုတ်လား။ အဲဒါ နည်းနည်းရှင်းပြဗျာ၊ လိုရမယ်ရ ဗဟုသုတပေါ့”

“ရပါတယ် ကိုဆွေ၊ ကျွန်တော် ရှင်းပြပါမယ်။ အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တတ်တာကို အသက် ၃ နှစ်က ၁၂ နှစ်အတွင်းမှာ စတင်တွေ့ရှိရ တယ်။ ကလေးသူငယ် ၄၀ ရာခိုင်နှုန်းကျော်မှာ တစ်ခါတစ်ရံ အဲဒီလို ဖြစ်တတ်ပါတယ်။ ကလေးသူငယ် ၁ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မကြာခဏ ဖြစ်ပွားတတ်လို့ “အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့် ရောဂါ”ခံစားရတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ မြီးကောင်ပေါက်အရွယ်ရောက်ရင် အများအားဖြင့် အလိုအလျောက် ပျောက်ကင်းသွားပါတယ်။ အရွယ်ရောက်သူတွေထဲမှာတော့ ၁ ရာခိုင်နှုန်းကျော်မှာ ရောဂါ ဆက်လက်ရှင်သန်နေတာ တွေ့ရှိရတယ် . . .
အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာကို အိပ်ပျော်နေစဉ် ၂ နာရီမှ ၃ နာရီအတွင်း အိပ်မောကျနေတဲ့ အိပ်စက်ချိန် (Non-REM Sleep)မှာ တွေ့ရတယ်။ အိပ်မက်ဆိုးမြင်မက်တာက မျက်စိကစားတဲ့ အိပ်စက်ချိန်(REM Sleep)မှာ ဖြစ်ပွားတာကို ကျွန်တော်ပြောခဲ့ပါတယ်။ နောက်ပြီး အိပ်ပျော်နေစဉ်ကြောက်ရွံ့ထိတ်လန့်တာက အိပ်မက်ဆိုးမြင်မက်လို့လန့်နိုးတာမျိုး မဟုတ်ဘူး။ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ အိပ်ပျော်နေစဉ် အသံနက်ကြီးနဲ့ စူးစူးရွားရွား အော်ဟစ်တာ ဖြစ်ပါတယ်။ နောက်ပြီး အိပ်ရာထဲမှာ လူးလှိမ့်ကန်ကျောက်မယ်။ အဲဒါကနေဗြုန်းကနဲ အိပ်ရာပေါ်မှာ ထထိုင်နေမယ်။ ဒါပေမဲ့ အိပ်ရာက နိုးလာတာမဟုတ်ဘူး။ ချွေးစေးပြန်နေမယ်။ နှလုံးခုန်နှုန်းမြန်နေမယ်။ အသက်ပြင်းပြင်းနဲ့ မြန်မြန်ရှူနေမယ်။ တုန်တုန်ယင်ယင်နဲ့ ဂနာမငြိမ်ဖြစ်နေမယ်။ အိပ်ရာမှ လှုပ်နှိုးဖို့လည်း ခက်မယ်။ ဖျောင်းဖျလို့လည်း နားမဝင်ဘူး။ လူက ကြောင်တောင်တောင် ဖြစ်နေမယ်။ စကားပြောမမှန်ဘူး။ မေးရင်လည်း ပေါက်ကရတွေဖြေလိမ့်မယ်။ အဲဒီလို ဖြစ်ပျက်နေတာ မိနစ်အနည်းငယ်ကနေ တစ်နာရီအထိ ကြာရှည်နိုင်တယ်။ ပြီးရင် တမုဟုတ်ချင်း အလိုအလျောက် ပြန်ပြီး အိပ်ပျော်သွားမယ်။ နံနက်အိပ်ရာနိုးတဲ့အခါ အဲဒီလိုဖြစ်ပွားခဲ့တာကို ကာယကံရှင်က မမှတ်မိဘူး”

ကိုဆွေက ကြားဖြတ်မေးပါတယ်။

“အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ရောဂါကို ကုသဖို့ လိုအပ်ပါသလားကိုအုန်းကျော်”

“အခြေအနေပေါ်မှာ မူတည်ပါတယ်ကိုဆွေ။ တစ်ခါတစ်ရံ တစ်ညတလေဖြစ်တတ်တာကို ကုသဖို့ မလိုပါဘူး။ ကာကွယ်ခြင်းကို ကုသခြင်းထက် ပိုအားထားသင့်ပါတယ်”

“ရှင်းပြပါ”

“ပထမကာကွယ်နည်းကတော့ အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ သိရှိရှောင်ကြဉ်ဖို့ ဖြစ်ပါတယ်။

(က) အလုပ်များလို့ ပင်ပန်းနွမ်းနယ်လွန်းတာ၊ ညလုံးပေါက် ခရီးဝေးသွားတာ၊ လုပ်ငန်းခွင်မှာ ညတာဝန်ကျတာ၊ နေရာသစ် ပတ်ဝန်းကျင်အသစ်မှာ အိပ်ရတာ စတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရရင် အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်မှုဖြစ်တတ်ပါတယ်။

(ခ) အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်မှုက အိပ်ပျော်နေချိန် ဦးနှောက်ပိုင်း တစ်နေရာမှာ လှုံ့ဆော်မှုများပြားနေလို့ ဖြစ်ပွားတာပါ။ ဒါကြောင့် အိပ်ရာမဝင်ခင် ကော်ဖီနဲ့ ကဖင်းဓာတ်ပါတဲ့ အရည်သောက်တဲ့အကျင့်ရှိရင် ရှောင်ကြဉ်သင့်တယ်။

(ဂ) ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ခြင်း ဖြစ်တတ်ပါတယ်။ ဥပမာ-အဖျားတက်တာ၊ ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားစအခြေအနေ၊ သိုင်းရွိုက်ဟော်မုန်းအဆိပ်တက် ရောဂါ (Hyperthyrodism)၊ အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea)၊ အိပ်မပျော်မီ ခြေထောက်ဂနာမငြိမ်ရောဂါ (Restless Leg Syndrome)( RLS) စတာတွေ ဖြစ်ပါတယ်။ RLS ရောဂါကိုသံဓာတ်နဲ့ ဖောလစ်အက်စစ် (Folic Acid) ဓာတ်ချို့တဲ့လို့ ဖြစ်ပွားတဲ့ သွေးအားနည်းရောဂါမှ တွေ့ရှိရတယ်။ အရက်စွဲရောဂါနဲ့ စိတ်ကျရောဂါရှိရင်လည်း အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တတ်ပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ်ကြောက်ရွံ့ထိတ်လန့်ခြင်း မကြာခဏ ဖြစ်ပေါ်ရင် အထွေထွေ ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်ပါတယ်”

ကိုဆွေတစ်ယောက် စိတ်ဝင်စားစွာ နားထောင်နေတာ တွေ့မြင်ရလို့ စာရေးသူက ဆက်လက်ပြောပြပါတယ်။

“(ခ) ဒုတိယကာကွယ်နည်းကတော့ ကြောက်ရွံ့ထိတ်လန့်ခွင့် မရရှိအောင် အချိန်မီ အိပ်ရာက နှိုးပေးတာ ဖြစ်ပါတယ်။ “ကြိုတင်အိပ်ရာမှ နှိုးပေးခြင်း” (Anticipatory Awakening)လို့ ခေါ်ပါတယ်။ ကာယကံရှင် အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်လေ့ရှိတဲ့ အချိန်ပိုင်းကို လေ့လာရမယ်။ အဲဒီအချိန် မတိုင်ခင် ၁၅ မိနစ်လောက်မှာ ကာယကံရှင်ကို အိပ်ရာက လှုပ်နှိုးပေးရမယ်။ ကာယကံရှင်ကိုယ်တိုင် အချိန်တိုက်ပြီး နှိုးစက်နာရီကို အသုံးပြုနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ရင် ကြောက်ရွံ့ထတ်လန့်ခြင်း ဖြစ်ပေါ်ဖို့ အခွင့်အရေး မရရှိတော့ဘူး။

(ဂ) တတိယကာကွယ်ခြင်းကတော့ ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်စီမံထားတာ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် ကြောက်ရွံ့ ထိတ်လန့်တာရဲ့ လက္ခဏာတစ်ခုက ခြေလက်တွေကို အပြင်းအထန်လှုပ်ရှားကန်ကျောက်တတ်တယ် မဟုတ်လား။ ဒါကြောင့် မတော်တဆ ဒဏ်ရာရရှိနိုင်ပါတယ်”
ကိုဆွေက မေးမြန်းဖို့ အချက်တစ်ခုကို စဉ်းစား မိဟန်တူပါတယ်။ လက်ထောင်ပြပြီး ဆင်ခြေတက်တယ်။

“မတော်တဆ ဒဏ်ရာရတာနဲ့ ပတ်သက်ရင် ‘အိပ်ပျော်နေစဉ်လမ်းလျှောက်ခြင်း'(Sleep Walking)က ပိုပြီး အန္တရာယ်များတယ် မဟုတ်ဘူးလား”

“ကိုဆွေပြောတာ မှန်ပါတယ်။ ‘အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာ’နဲ့ ‘အိပ်ပျော်နေစဉ် လမ်းလျှောက်တာ’က ညီအစ်ကိုတွေပါ”

ရှေ့တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top