Healthy Life Ad
Life Style

၅ နှစ်ခွဲအရွယ်မှာ ဖြစ်ခဲ့သော သွေးကင်ဆာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည့် ၁၃နှစ် သမီးလေး နော်မီထွေး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ချင်းပြည်နယ်၊ မတူပီဆေးရုံရှေ့တွင် ဒေါ်ခင်မာလွင်က အထွေးဆုံးသမီးလေး နာမည်ကို ယူပြီး နော်မီထွေးဆိုသော ထမင်းဆိုင်နှင့် အကြော်စုံဆိုင်လေး ဖွင့်ထားသည်။ ထမင်းဆိုင်ကို သမီးနာမည်ပေး ဖြစ်ပုံက သေရွာပြန်သမီးလေး ဖြစ်သောကြောင့်ဟု ပြောရင်း သမီးလေး၏ သွေးကင်ဆာခရီးလမ်း ဖြတ်သန်းအောင်မြင်ခဲ့ပုံကို ယခုလို ပြန်ပြောင်း ပြောပြခဲ့သည်။

“အသက် ၅ နှစ်ခွဲအရွယ်မှာ သမီးလေး နော်မီထွေးက ဖျားတယ်၊ ဖျားပြီး ကိုယ်ပေါ်မှာ အနီလေး တွေထွက်လာတယ်။ အဲဒါနဲ့ မတူပီဆေးရုံ တင်လိုက်တယ်။ ဆေးရုံမှာ မသက်သာဘူး။ ဒါနဲ့ မတူပီဆေးရုံကနေ ပခုက္ကူကို သွားပြရတယ်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီအချိန်တုန်းက မတူပီဆေးရုံမှာ သွေးစစ်စရာလည်း မရှိဘူး၊ ဓာတ်မှန်ရိုက်မယ်ဆိုရင်လည်း မရှိဘူး။ ဒါနဲ့ ပခုက္ကူကို သမီးလေး ခေါ်သွားပြီး ကလေး အထူးကု ဆရာဝန်ကြီးနဲ့ ပြပါတယ်။ ဆရာဝန်ကြီးက စမ်းသပ်ပြီး ဆေးခန်းမှာ ကုလို့ မရဘူး၊ ဆေးရုံကို တက်ပါလို့ ပြောတာနဲ့ ဆေးရုံတစ်ခါတည်း တင်လိုက်ပါတယ်။ မတူပီမှာ ပေးထားတဲ့ ဆေးနာမည်တွေ ရေးခိုင်းလိုက်တယ်။ အဲဒီစာရွက်လေး ပေးတယ်။ ပခုက္ကူဆေးရုံမှာလည်း ရက်သာကြာသွားတယ်၊ လုံးဝအဖျားမကျဘူး။ အဲဒါနဲ့ ရောဂါရှာမယ် ဆိုပြီး ခါးရိုးခြင်ဆီထုတ်ရတယ်”ဟု ဒေါ်ခင်မာလွင် က ပြောသည်။

ငါးနှစ်ခွဲအရွယ် နော်မီထွေးအား ခါးရိုးခြင်ဆီ ဖောက်စစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့တွင် သွေးကင်ဆာဖြစ်နေကြောင်း ဒေါ်ခင်မာလွင် သိလိုက်ရတော့သည်။

“ဒီမှာ ကုလို့မရဘူး။ ဆေးလည်း မရှိဘူး၊ ရန်ကုန်ဆေးရုံကြီးနဲ့ မန္တလေးဆေးရုံကြီးကို သွားပြပါ” လို့ ဆရာဝန်ကြီးက ပြောတယ်။ အဲဒါနဲ့ ပခုက္ကူကနေ မတူပီက သူ့အဖေဆီကို ဖုန်းလှမ်းဆက်ရတယ်။ သူ့အဖေက နောက်တစ်နေ့ ချက်ချင်း ပခုက္ကူကို ရောက်လာတယ်။ သူ့အဖေရောက်တဲ့ ညမှာ သမီးလေးက ည၂ နာရီကနေ အဖျားပြန်တက်တာ၊ အဖျား မကျတာနဲ့ ရန်ကုန်မသွားတော့ဘဲ မန္တလေးသွားရအောင်လို့ သူ့အဖေကို ပြောရတယ်။ အဲဒီတုန်းက ပခုက္ကူတံတားကလည်း မရှိသေးတော့ ခရီးဝေးရင် ကလေး ခံနိုင်ရည်မရှိမှာ စိုးတာနဲ့ မန္တလေး ကားလက်မှတ်ဖြတ်ပြီး မန္တလေး ဆေးရုံကြီးကို သွားဖို့ စီစဉ်လိုက်တယ်။ ဆရာဝန်က ရန်ကုန်အတွက် လွှဲစာရေး ထားတော့ သူ့အဖေက မန္တလေးသွားရင် ဆရာဝန်တွေ လက်မခံမှာစိုးတယ်။ ကျွန်မကတော့ ဆရာဝန်၊ ဆရာမဆိုတဲ့ အမျိုးက လူနာကို နှိမ်ရိုးထုံးစံမရှိဘူး လို့ သူ့အဖေကိုပြောပြီး မန္တလေးကို သွားလိုက်တယ်”

သားသမီးခုနစ်ယောက်အနက် အထွေးဆုံး သမီးလေးဖြစ်သည့် နော်မီထွေး၏ ရောဂါ ပျောက်ကင်းစေရန် ဦးအောင်လွင်နှင့် ဒေါ်ခင်မာလွင်သည် သမီးလေး နော်မီထွေးကို ခေါ်ပြီး မန္တလေး ကလေး ဆေးရုံသို့ သွားပြခဲ့သည်။

“ဆေးရုံရောက်တော့ ဆရာဝန်တွေက စမ်းသပ်ရင်း ကလေးရောဂါအခြေအနေကို သိပြီးပြီ မဟုတ်လားလို့ မေးတယ်။ ကျွန်မတို့လည်း သိပြီးပြီလို့ ဖြေတာနဲ့ ဆေးရုံတင်လိုက်တယ်။ ဆေးရုံတင်တဲ့အချိန်မှာ သမီးလေး စိတ်ချမ်းသာအောင် ထားရတယ်။ ဆရာမကြီးကလည်း ကလေးကို စိတ်ချမ်းသာအောင် ထားရမယ်၊ မဆူရဘူး၊ မရိုက်ရဘူး၊ သူ လိုချင်တာကို ဖြည့်ဆည်း ရမယ်လို့ မှာတာနဲ့ သူ လိုချင်တဲ့ဟာ၊ သူ ဖြစ်ချင်တဲ့ဟာ အကုန်လုပ်ပေးတယ်။ ဘာတစ်ခုမှ ငြိုငြင်မှု မရှိခဲ့ဘူး။ သူ့အတွက် အားရှိတဲ့ အစားအစာတွေ ကျွေးတယ်။

တစ်နေ့ ကြက်တစ်ကောင်ကို ပေါင်းပေါင်းပြီး အရည်သောက်ခိုင်းပါတယ်။ ကြက်သားမစားချင်လည်း ကြက်ပေါင်းရည် ဝင်အောင် တိုက်ခဲ့တယ်။ သူသွားတဲ့ နေရာတိုင်း လိုက်ပေးရတယ်။ သူ စိတ်ချမ်းသာအောင် အကုန်လုပ်ပေးရတယ်။ သူတို့က အရေပြား နည်းနည်း ထိခိုက်တာနဲ့ အရေပြားညိုလာတယ်။ ဒီတော့ ထိခိုက်မှုမရှိအောင် တော်တော်လေး ဂရုစိုက်ပြုစုရတယ်။

အပေါ့အပါး သွားချင်ရင် အိမ်သာကို မသွားခိုင်းဘဲ အခန်းထဲမှာ ပဲ အိုးနဲ့ သွားခိုင်းပြီး ကျွန်မကပဲ သွန်တယ် “ဟု သမီးလေးနော်မီထွေးကို ပြုစုစောင့်ရှောက်ခဲ့ပုံကို ဒေါ်ခင်မာလွင်က ပြောပြခဲ့သည်။

ေ နာ်မီထွေး ဆေးကုသမှုအတွက် မန္တလေးမြို့ တွင် ဒေါ်ခင်မာလွင် သုံးနှစ်ကြာနေထိုင်ခဲ့ရပြီး ကျန် သည့် အကြီးသားသမီးခြောက်ဦးနှင့်အတူ ဖခင်ဖြစ် သူ ဦးအောင်သိန်းက မတူပီမြို့တွင် နေထိုင်ခဲ့ရ သည်။

“သမီးလေးက ထမင်းလည်း ကောင်းကောင်း စားနိုင်၊ သွားနိုင်လာနိုင်ပြီး တော်တော်လေးအခြေ အနေကောင်းလာတော့ “မန္တလေးမှာ မနေချင်တော့ ဘူးအမေရယ်၊ ချင်းတောင်ပဲ ပြန်ရအောင်”လို့ ပြေ တာနဲ့ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ရီရီကျော်ကို အိမ်မပြန်တာကြာပြီဆိုတော့ ပြန်လို့ရမလားလို့ ခွင့် တောင်းလိုက်တယ်။ ဒါနဲ့ ဆရာဝန်ကြီးက ရက်ချိန်း အတိုင်းပြန်လာပြဆိုပြီး မှာလိုက်တယ်”

သမီးဖြစ်သူ ကျန်းမာရေးကောင်းမွန်စေချင်လွန်း သည့် မိခင်ဒေါ်ခင်မာလွင်သည် ဆရာဝန်ကြီး ချိန်းဆို သည့်ရက်ထက် စောပြီး သွားပြလေ့ရှိသူ၊ ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသူ ဖြစ်သည်။

“သမီးလေးက ကောင်းတာတစ်ခုက ဆေးထိုး တာကော၊ ဆေးသောက်တာမှာပါ လုံးဝ မကြောက်ဘူး။ ဆရာဝန်မကြီးက တစ်နေ့ကို ဆေးဘယ်နှလုံး၊ ဘယ်နှကြိမ်သောက်ရမယ်လို့ ပြောရင် ကျွန်မ မေ့ နေရင်တောင် သူကိုယ်တိုင်က “အမေ ဆေးသောက် ဖို့ ဘယ်နှနာရီထိုးပြီ”ဆိုပြီး ပြောတယ်။ သူက တိုက် သမျှ ဆေးအကုန်ဝင်တယ်၊ ထိုးသမျှ ဆေးအကုန် ဝင်တယ်။ လုံးဝ မကြောက်ဘူး။ မန္တလေးဆေးရုံမှာ တခြားကလေးလူနာလေးတွေက တအားဆေးတိုက် ရခက်တာတွေရှိတယ်၊ ဆေးထိုးကြောက်တဲ့ ကလေး တွေလည်း ရှိတယ်။ အဲဒါဆို သူတို့ အဖေ၊ အမေ တွေက ပြောတယ်။ “ဟိုမှာ နော်မီထွေးတောင် မငိုဘူး၊ နော်မီထွေးကို ကြည့်”ဆိုပြီး သူတို့ကလေးတွေ ကို နမူနာပြတတ်တယ”ဟု နော်မီထွေး ဆေးကုသ မှုခံယူရာတွင် သတ္တိရှိရှိ ဖြတ်သန်းခဲ့ပုံကို မိခင် ဒေါ် ခင်မာလွင်က သဘောကျစွာ ပြောပြခဲ့သည်။

သမီးလေး သွေးကင်ဆာခရီးလမ်း ဖြတ်သန်းချိန်တွင် အနီးကပ်ပြုစုစောင့်ရှောက်ရသည့် မိခင်ဖြစ်သူ ဒေါ်ခင်မာလွင်အဖို့ နေ့ရက်ပေါင်းများစွာကို မျက်ရည်နှင့် မျက်ခွက်ကျော်ဖြတ်ခဲ့ရသည်။

“ဆရာဝန်တွေက သမီးလေးကို ရောဂါစစ်ဖို့ ခါးရိုးခြင်ဆီထုတ်တဲ့အချိန် သမီးလေးငိုလိုက်တဲ့ အချိန်မှာ ကျွန်မလည်း “သမီးကို အဲဒီလောက် အပ် အကြီးကြီးနဲ့ အဲလိုလုပ်ရမလား”ဆိုပြီး အော်ငိုလိုက်ရတာ။ သမီးငိုပြီဆို အမေက ငိုပြီ၊ သမီး အော်ပြီဆို အမေက အော်ပြီ . . တော်တော်လေးကို ခံစားခဲ့ရတာ ပေါ့ . .”

“နောက်ပိုင်းကျတော့ ကျွန်မ တအားအပင်ပန်း ခံတာကို ဆရာမကြီးက သိသွားတယ်။ သမီးအခြေ အနေကလည်း တော်တော်လေး ကောင်းနေပြီ၊ ဆေးသွင်းရုံပဲရှိတော့တယ်ဆိုပြီး ပခုက္ကူဆေးရုံမှာပဲ ဆက်ပြဖို့ လွှဲစာရေးပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ မန္တလေးက ဆရာဝန်က ပခုက္ကူဆေးရုံမှာ တာဝန်ပြောင်းရတာနဲ့ သူနဲ့ပဲဆက်ပြရပါတယ်။ ကျွန်မကလည်း သမီးလေးသွေးအဖြေ၊ ဆေးစာအုပ်တွေနဲ့ အတူ ရက်ချိန်းရောက်တိုင်း သမီးလေးကို ဆေးရုံ ခေါ်ပြီး ပုံမှန်ဆေးသွင်းပါတယ်။ ကျွန်မတို့က ခရစ်ယာန်တွေဆိုတော့ ခရစ်ယာန်ဘုန်းကြီးနဲ့လည်း ဆုတောင်းပါတယ်။ ဒီလိုနဲ့ သမီးလေးအခြေအနေက လုံးဝပြန်ကောင်းသွားပါတယ်”ဟု ဒေါ်ခင်မာလွင်က ပြောပြသည်။

ေ ဆးကုသမှုအောင်မြင်ပြီးချိန်တွင် သမီးလေး နော်မီထွေးအား ကျောင်းပြန်ထားခဲ့ရာ ယခုအခါ ၁၃ နှစ်အရွယ် နော်မီထွေးသည် စတုတ္ထတန်းတွင် ကျန်းမာစွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

“အခုတော့ ကျန်းမာရေးက ကောင်းနေပါပြီ။ သမီးလေးဆိုတော့ ရာသီလည်း ပုံမှန်လာပြီး အပျိုလေးလည်း ဖြစ်နေပါပြီ။ ဘာမှလည်း မဖြစ်တော့ဘူး။ စာလည်း ကောင်းကောင်းလိုက်နိုင်ပါတယ်။ အိမ်မှာလည်း အိမ်ထဲမှာပဲ နေခိုင်းတယ်၊ အပြင်လည်း သိပ်မထွက်ခိုင်းဘူး။ သမီးလေးက အထွေးဆုံးလည်းဖြစ်၊ တအားလည်း ဂရုစိုက်တော့ တစ်ခုခုဆို စိတ်က ကောက်တတ်တာနဲ့ သူ့အလိုလိုက်ရပါတယ်”
နော်မီထွေးဆေးကုသမှု ခရီးလမ်းအတွက် လိုအပ်သည့် ဆေးကုသစရိတ်အတွက် အစ်ကိုတစ်ဦး က ရှစ်တန်းထွက်ပြီး ကားစပယ်ယာအဖြစ် အလုပ်လုပ်ကိုင်ရင်း ထောက်ပံ့ခဲ့ကြောင်း ဆိုသည်။

“အဖေတစ်ယောက်တည်း လုပ်စာနဲ့ဆိုတော့ မပြေလည်ဘူး၊ သူ့ညီမအတွက် သူ အလုပ်လုပ်မယ် ဆိုပြီး ကားစပယ်ယာအလုပ်တွေ လုပ်၊ ပိုက်ဆံရှာပြီး ငွေပို့ပေးတယ်။ ကျွန်မက မန္တလေးမှာ နေနေတော့ မသိဘူးပေါ့။ အခုထက်ထိ ကားပဲ မောင်းတော့တယ်။ ကျောင်းဆက်မတက်တော့ဘူး။ သူ့အစ်ကိုက ညီမ ကို အခုထက်ထိစိတ်ညစ်မခံဘူး၊ ဘာပဲရလာလာ သူ့ညီမအတွက်ပဲ . . အကုန်လုံး ဝိုင်းဝန်းစောင့်ရှောက် မှုနဲ့ အခုလိုကျန်းမာလာတာပါပဲ။ ဒါကြောင့် တခြားကလေး ကင်ဆာဝေဒနာရှင်လေးတွေရဲ့ မိဘတွေလည်း ဘာမှစိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့လည်း ဒီလိုပဲအစိုးရဆေးရုံကြီးမှာ အချိန်ကြာကြာ ဆေး ကုသမှုခံယူပြီး သမီးလေးကျန်းမာလာတာပါ”ဟု ဒေါ်ခင်မာလွင်က အခြားကင်ဆာဝေဒနာရှင် ကလေးငယ်တို့၏ မိဘများသို့ အားပေးစကား ပြောကြားလိုက် ပါသည်။
(မှတ်ချက်။ ။ သမီးလေး နော်မီထွေး၏ ဓာတ်ပုံကို မိခင် ဒေါ်ခင်မာလွင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြ ခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top