Healthy Life Ad
Life Style

သင့်အရေပြားမှ ဖယ်ရှားသင့်သည့် မှဲ့များ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဘယ်လိုမှဲ့တွေကို ဖယ်ရှားသင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ရဲ့ နေရာ၊ အရောင်၊ အရွယ် ပြောင်းလဲပုံတွေက အရေးကြီးလှပါတယ်။ တချို့က မျက်လုံးအောက်က မှဲ့ကို ကံမကောင်းဘူးလို့ ယူဆတယ်။ ကံကောင်းတယ်ဆိုတဲ့ မှဲ့ကိုလည်း နေရာသတ်မှတ်ပြီး ပြောတတ်ကြပါတယ်။ ဆရာမတို့ကတော့ မှဲ့ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ မှဲ့၊ ထိခိုက်ဒဏ်ရာ မကြာခဏရတတ်တဲ့ မှဲ့၊ ကြီးလွန်းတဲ့မှဲ့၊ နေပူထိခံနေရတဲ့ မှဲ့တွေကို ကံကောင်းတယ်လို့ မထင်ပါဘူး။ ဖယ်သင့်တယ်လို့ ထင်ပါတယ်။ မှဲ့ပြာက အထဲနက်ပြီး စိုးရိမ်ရပါတယ်။ အသက်ငါးဆယ်ကျော်အရွယ်မှာ မှဲ့ဆို ပိုပြီးသတိထားရပါမယ်။ အလှဖျက်ရင် ဖယ်သင့်ပါတယ်။ အရုပ်ဆိုးနေတဲ့ မှဲ့ဆိုရင်လည်း ဖယ်သင့်ပါတယ်။ ခြေထောက်မှာရှိတဲ့ မှဲ့တွေကိုလည်း ဖယ်သင့်ပါတယ်။ အသားဖြူသူတွေနဲ့ နေလောင်ဒဏ်မခံနိုင်သူတွေက မှဲ့ဖယ်သင့်ပါတယ်။

မေး. ဘယ်လိုနေရာတွေမှာရှိတဲ့ မှဲ့တွေဆိုရင် ဖယ်သင့်ပါသလဲ ဆရာမ။

ဖြေ. နေရာအရ မျက်နှာ၊ နား၊ နှာခေါင်း စတဲ့ နေရာမှာ မှဲ့ရှိရင် နေပူထိမယ်၊ ပြောင်းလဲမယ်၊ မြင်သာတဲ့နေရာမှာ သိပ်ကြီးရင် ကြွက်နို့နဲ့တူလို့ စိတ်ညစ်ရမယ်။ အဝတ်အစားပွတ်ပြီး ပွန်းတဲ့နေရာ၊ မုတ်ဆိတ်ရိတ်ဓား မကြာခဏထိခိုက်လို့ ဒဏ်ရာရတဲ့နေရာတွေမှာရှိတဲ့ မှဲ့တွေဆိုရင် ဖယ်ဖို့လိုပါတယ်။

မေး. မှဲ့ဖယ်ရှားတဲ့နည်းတွေကို သိပါရစေ ဆရာမ။

ဖြေ. မှဲ့ဖယ်နည်းတွေကတော့ –

– အိမ်မှာလျှပ်စစ်စက်နဲ့ အပူပေးဖယ်တဲ့နည်း (Electrocautery) – မှဲ့ကျန်တတ်တယ်။ အသားစပို့ပြီး စစ်လို့မရနိုင်ဘူး။ အမာရွတ်လည်းကျန်တတ်တယ်။

– အအေးပေးကုသနည်း (Freezing it with liquid nitrogen) – မှဲ့ကျန်တတ်တယ်။ အမာရွတ် ဖြစ်တတ်ပါတယ်။

– လေဆာနှင့်ကုသနည်း – မှဲ့မကုန်ဘဲ ကျန်တတ်ပါတယ်။ အသားစ မစစ်နိုင်ဘူး။ အမာရွတ် ကျန်တတ်ပါတယ်။

– အရေပြား အပေါ်ယံလွှာကို ဓားနှင့်ဖယ်ခြင်း (Shave Biopsy) – မှဲ့ကို အသားစပို့စစ်ဆေးမှု ပြုလုပ်နိုင်လို့ လုံခြုံစိတ်ချရပါတယ်။ အမာရွတ်ကတော့ ကျန်သင့်သလောက် ကျန်တတ်ပါတယ်။ မှဲ့တွေကို အကုန်ခွဲစိတ်ဖြတ်တောက်ပြီး ပြန်ချုပ်လို့ ရပါတယ်။

ရှောင်သင့်တာတွေကတော့ မှဲ့ဖယ်လိမ်းဆေးတွေပဲဖြစ်ပါတယ်။ ဈေးသက်သာပေမယ့် အမာရွတ်ဖြစ်ပြီး မှဲ့လည်းမကုန်နိုင်ရင် ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မှဲ့က သံသယရှိတဲ့ စိုးရိတ်စရာဖြစ်နေရင် ခွဲစိတ်ကုသပြီးဖယ်ဖို့ အကြံပေးချင်ပါတယ်။ မှဲ့ကို ဖယ်ပြီးရင် ကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိ အသားစယူ စစ်ဆေးကြည့်သင့်ပါတယ်။

မှဲ့တစ်ပေါက်က အရောင်ပြောင်းလဲရင်၊ ပုံစံပြောင်းလဲရင်၊ အထူအပါးပြောင်းလဲရင်၊ မှဲ့တစ်ဖက်နဲ့တစ်ဖက် မျက်နှာပြင်မညီညာရင်၊ မှဲ့ဘေးက အကွင်းက မညီတော့ရင်၊ ဖုတက်လာရင်၊ ထိလိုက်လို့ သွေးထွက်ရင်၊ အချင်း ၆ မီလီမီတာထက် ပိုကြီးရင်၊ အရင်နဲ့ မတူဘဲ တစ်ခုခုပြောင်းလဲရင်၊ ကြီးလာရင် အထူးသတိထားကြပါ။ မှဲ့ကင်ဆာ ဖြစ်တတ်ပါတယ် . . .

မေး. မှဲ့ရှိသူတွေအနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေရှိလာရင် သတိထားသင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ကို ဓာတ်ပုံရိုက်ထားပြီး ဓာတ်ပုံနောက်မှာ ရက်စွဲနဲ့ မှတ်ထားသင့်ပါတယ်။ မှဲ့ကိုစစ်ဆေးနိုင်တဲ့ Dermoscopy ဆိုတာရှိပါတယ်။ မှဲ့ကင်ဆာဖြစ်ရင် သိသာတဲ့ ပြောင်းလဲမှုတွေ တွေ့ရပါတယ်။ မှဲ့တစ်ပေါက်က အရောင်ပြောင်းလဲရင်၊ ပုံစံပြောင်းလဲရင်၊ အထူအပါး ပြောင်းလဲရင်၊ မှဲ့တစ်ဖက်နဲ့တစ်ဖက် မျက်နှာပြင်မညီညာရင်၊ မှဲ့ဘေးက အကွင်းက မညီတော့ရင်၊ ဖုတက်လာရင်၊ ထိလိုက်လို့ သွေးထွက်ရင်၊ အချင်း ၆ မီလီမီတာထက် ပိုကြီးရင်၊ အရင်နဲ့ မတူဘဲ တစ်ခုခုပြောင်းလဲရင်၊ ကြီးလာရင် အထူးသတိထားကြပါ။ မှဲ့ကင်ဆာ ဖြစ်တတ်ပါတယ်။ ခံစားချက်နေနဲ့ မှဲ့ကယားလာတာ၊ နာလာတာ၊ ခိုးလိုးခုလု ဖြစ်လာတာတွေ ဖြစ်ရင်လည်း သတိထားရပါမယ်။ မှဲ့ရောင်ရမ်းလာတာကိုလည်း သတိထားရပါမယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆေးရုံကြီးက အရေပြားအထူးကုဌာနမှာ ပြသပြီး စစ်ဆေးသင့်ပါတယ်။

မေး. မှဲ့မှာ အနာဖြစ်ရင် ဘယ်လိုကုသမှု ခံယူသင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့မှာ အနာဖြစ်ရင် အထူးသတိထားရပါမယ်။ အနာကျက်ဆေး လိမ်းဆေး၊ စားဆေးတွေနဲ့ ကုသရမယ်။ အနာမကျက်ရင် သတိထားရပါမယ်။ စစ်ဆေးရပါမယ်။ နေပူဒဏ်ကြောင့် မှဲ့ဖြစ်တတ်သူတွေက နေလောင်တာနဲ့ မှဲ့ပိုများလာတတ်ပါတယ်။ အသက်ကြီးရင်လည်း မှဲ့ပိုများလာတတ်ပါတယ်။ အမွှေးပေါက်နေတဲ့ မှဲ့ဖြစ်တတ်သူတွေက ပိုစိုးရိမ်ရတယ်ဆိုတဲ့ သက်သေမရှိသေးပါဘူး။ များသောအားဖြင့်တော့ ကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ ကင်ဆာလုံးဝမဖြစ်ဘူးလို့တော့ သတ်မှတ်လို့မရပါဘူး။ အမွှေးနုတ်လိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ များတယ်ဆိုတာတော့ မဟုတ်ပါဘူး။

မေး. မှဲ့ရှိသူတွေက ဘယ်လိုအချက်တွေကို အဓိက သတိထားဖို့ လိုအပ်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ရှိသူတွေက နေရောင်ထိတာ၊ မှဲ့ကိုကုတ်တာ၊ မိမိဘာသာ ကော်ထုတ်တာ၊ ကင်ဆာ ဟုတ်၊ မဟုတ် မစစ်ဆေးဘဲ မှဲ့ဖျက်လိမ်းဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်သုံးတာတို့ကို ရှောင်သင့်ပါတယ်။ မှဲ့ကို မစစ်ဆေးတာ၊ မှဲ့ပြောင်းလဲမှုကို ဂရုမစိုက်တာတွေကလည်း အန္တရာယ်များပါတယ်။ အသားညိုသူ၊ မည်းသူတွေလည်း မှဲ့ကင်ဆာဖြစ်တတ်ပါတယ်။ မှဲ့တစ်ခုတည်းဆိုလည်း သတိထားသင့်ပါတယ်။ မှဲ့ကင်ဆာက အရေပြားတစ်ခုတည်း မဟုတ်ဘဲ လိင်အင်္ဂါ၊ ပါးစပ်၊ လက်သည်း၊ ခြေသည်းနဲ့ မျက်လုံးမှာလည်း ဖြစ်တတ်ပါတယ်။ အမွှေးပါမှဲ့လည်း ကင်ဆာဖြစ်နိုင်တာပါပဲ။ နည်းနည်းပြောင်းလဲတာတောင် မှဲ့ကိုသတိထားနေရပါမယ်။ မှဲ့ကို ခွဲစိတ်တဲ့အခါ မှဲ့အကုန်ကုန်မှ၊ အသားစလည်းစစ်ဆေးနိုင်မှ စိတ်ချရပါမယ်။ လေဆာရောင်ခြည်က မှဲ့တွေကို မှဲ့ကင်ဆာဖြစ်နိုင်ခြေပိုများစေတတ်တယ် ဆိုတာကိုလည်း သိထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top