Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး (၂)

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

ကျက်အောင် ချက်စား
ကိုယ်ဝန်ဆောင်ချိန်မှာ အသိဉာဏ်နဲ့ ယှဉ်ပြီး စားသောက်ရပါမယ်၊ စုံလင်ရမယ်၊ မျှတရမယ်၊ အာဟာရပြည့်ဝရပါမယ်။ နို့၊ ဥ၊ အသားတွေ စားရင် သေသေချာချာကျက်အောင် ချက်ပြုတ်ပြီး စားသင့်ပါတယ်။ တစ်ခါတလေ ကြက်ဥ ၊ ဘဲဥကို အစိမ်းတိုင်း သောက်ရင် ပိုအားရှိတယ်ထင်ပြီး သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ရှိဖူးပါတယ်။ ဒါက လုံးဝ မှားယွင်းပါတယ်။ အသား၊ ဥ၊ နို့ အစိမ်းတွေထဲမှာ ရောဂါပိုးမွှားတွေ ပါတတ်ပါတယ်။ ဒါကြောင့် သေသေချာချာ ကျက်အောင် ချက်ပြုတ်ပြင်ဆင်ပြီး စားဖို့လိုအပ်ပါတယ်။ တစ်ခါတလေ အသားတွေဆိုရင် အပြင်က ကြည့်လို့သာ ကျက်တယ်ထင်တာ၊ အထဲကို သေချာကြည့်လိုက်ရင် မကျက်ဘူး၊ အထဲမှာ ရောဂါပိုးမွှားတွေ ရှိနေတတ်ပါတယ်။

အသည်းအမြစ်စားရင်အားရှိမှာလား

အသည်းအမြစ်ဆိုရင်အားရှိတယ်ဆိုပြီး စားကြတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ တချို့ဗီတာမင်ဓာတ်တွေက တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ အထူးသဖြင့် ဗီတာမင်အေပါ။ ဗီတာမင်အေက များရင် မွေးလာတဲ့ ကလေးမှာ ကိုယ်လက်အင်္ဂါချို့ယွင်းတာတောင်ဖြစ်တတ်ပါတယ်။ အသည်း ထဲမှာ ဗီတာမင်အေက အများကြီးပါတာကြောင့်

နေ့တိုင်း ခဏခဏစားရင် ဘေးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္ဆာန်အသည်းအမြစ်တွေကို လုံးဝရှောင်သင့်ပါတယ်။ လမ်းဘေးစာ၊ ယင်နားစာ၊ တညင်းသီး၊ မှို စတာတွေကို ရှောင်ရပါမယ်။ မှိုကတော့ စားသင့်တဲ့မှိုနဲ့ အဆိပ်ရှိတဲ့မှိုကို ခွဲခြားရခက်တာကြောင့် အဆိပ်ရှိတဲ့မှိုကို စားမိရင် အန္တရာယ်အရမ်းများပါတယ်။

ကြောင်ချေးတွေ သတိထား
နောက်တစ်ခုက ကိုယ်ဝန်ဆောင်တွေကို ဆရာက ပြောလေ့ရှိတယ်။ “ကြောင်ချေးတွေ မစားနဲ့”လို့ ပြောရင် “ဆရာရယ် . .ကြံကြံဖန်ဖန် ဘယ်သူက ကြောင်ချေးစားမှာလဲ”လို့ ပြန်ဖြေကြတယ်။ တစ်ခါတလေကျတော့ စားမှန်းမသိဘဲနဲ့ စားနေတဲ့အရာတွေ အများကြီးရှိတယ်။ ကြောင်သိပ်ချစ်တဲ့သူတွေ ရှိသလို ခွေးသိပ်ချစ်တဲ့သူတွေလည်း ရှိတယ်။ ဆရာဆို ခွေးသိပ်ချစ်တာဆိုတော့ ကိုယ်ချင်းစာပါတယ်။ ကြောင်ချစ်တတ်တဲ့သူတွေက ဘယ်လိုအန္တရာယ်ရှိသလဲဆိုတော့ ကြောင်လေးတွေက အီအီးပါပြီးရင် မြေကြီးကို ဖုံးပြီး ပြန်လှိမ့်တယ်။ ကြောင်ချစ်တဲ့သူက ကြောင်လေးကို ပွေ့တယ်၊ ဖက်တယ်၊ နမ်းလိုက်တယ်၊ လက်နဲ့ ကိုင်တယ် . . ပြီးရင် လက်ကို မဆေးဘဲနဲ့ မုန့်စားလိုက်တယ်ဆိုတာနဲ့ ကြောင်ချေးစားမိသွားတာပါပဲ။ အဲဒီကြောင်ချေးမှာ ကြောက်စရာကောင်းတဲ့ ရောဂါပိုးတွေ ပါလာတယ်။ အဲဒီပိုးကို Toxoplasma လို့ခေါ်တယ်။ အဲဒီပိုးက ကိုယ်ဝန်ဆောင်မိခင်ဆီရောက်ရင် ဖျားတာ၊ နာတာလောက်ပဲ ဖြစ်တတ်ပေမယ့် ကလေးဆီရောက်ရင်တော့ မျက်လုံးကို ထိရင် မျက်လုံးကန်းပြီး မွေးလာပါတယ်၊ နားကိုထိရင် နားပင်းပြီး မွေးလာပါတယ်၊ ဦးနှောက်ကိုထိရင် ဉာဏ်ရည်မမီဖြစ်တတ်ပါတယ်။ မျက်လုံးကန်း၊ နားပင်း၊ ဉာဏ်ရည်မမီမွေးလာရင် ဒီကလေးက ကံဆိုးလို့ မွေးလာတယ်လို့ ထင်တာ . .ကံဆိုးလို့ ဟုတ်ပါတယ်။ အမေက ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်ချေးတွေ စားမိလို့ ဖြစ်ရတာပါ။ ဒါလေးတွေကို သတိထား ဆင်ခြင်ရပါမယ်။

ကိုယ်ဝန်ရှိချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာ
ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အမျိုးစုံလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ ပျို့အန်တာ၊ မူးတာ၊ အိပ်မပျော်တာ၊ တံတွေးတွေ တပျစ်ပျစ်နဲ့ ထွက်တာ၊ ဘာတွေ စားချင်မှန်းမသိဘဲ လျှောက်စားချင်နေတာ၊ ရင်ပူတာ . .ဒါတွေအားလုံးက ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်မဟုတ် တစ်ယောက် တစ်ခုမဟုတ် တစ်ခုဆိုသလို ကြုံကို ကြုံတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာပါတယ်။ ဟော်မုန်းတွေပါ ပြောင်းလဲမှု ဖြစ်လာပါတယ်။ သားအိမ်ငြိမ်အောင် လုပ်ရင်း အူတွေပါ ငြိမ်သွားတဲ့အတွက် ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းချုပ်ရင်း လိပ် ခေါင်းထွက်လာတတ်ပါတယ်။ နည်းနည်းပါးပါး ပျို့အန်တာကတော့ ကိုယ်ဝန်ဆောင်တိုင်းလိုလို ဖြစ်တတ်တာပါပဲ။ နည်းနည်းပါးပါး အန်တာမဟုတ်ဘဲ ဘာမှကို စားလို့မရအောင် အန်တာမျိုးရှိပါတယ်။ ဒါမျိုးကျတော့ ဆေးရုံတက်ပြီး အကြောဆေးတွေ ဘာတွေချိတ်ရတာတောင် ရှိပါတယ်။

ရင်ပူတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အပူအစပ်တွေ သိပ်မစားရပါဘူး။ အိပ်တဲ့အခါ ခေါင်းရင်းကို နည်းနည်းမြှင့်ပြီး အိပ်ရပါမယ်။ ဝမ်းချုပ်တတ်တဲ့သူတွေမှာ ပိုပြီး ဝမ်းချုပ်တတ်ပါတယ်။ မနက်တိုင်း ရေသောက်၊ လမ်းလျှောက်ပြီး အိမ်သာတက်တဲ့အကျင့် လုပ်ပေးရပါမယ်။ အသီးအနှံအရွက်တွေ များများ စားပေးရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတတ်တယ်၊ မူးလဲတတ်တယ်၊ တစ်ယောက်တည်း ဘယ်မှမသွားသင့်ပါဘူး။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top