Healthy Life Ad
Health Tips

အိမ်သုံးဆေးဝါးဆောင်ထားပြီဆိုလျှင်

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အိမ်သုံးဆေးတွေကို ဆောင်ထားသင့်ပါသလား ဆရာ။

ဖြေ. အဓိကကတော့ အိမ်သုံးဆေးတွေကို အိမ်မှာဆောင်ထားလို့ရပါတယ်။ ခရီးသွားရင် ယူသွားလို့ရပါတယ်။ ဒါပေမဲ့ အဲဒီအိမ်သုံးဆေးတွေအကုန်လုံးက နိုင်ငံတကာအပြင် ဒီနိုင်ငံက အစိုးရနဲ့ ဆေးဝါးကျွမ်းကျင်သူတွေက အန္တရာယ်မရှိဘူးလို့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပဲ ဆောင်ထားသင့်တာဖြစ်ပါတယ်။ ဥပမာ ဈေးကွက်ထဲမှာ အလွယ်ဝယ်ယူနိုင်တဲ့ ဖျားရင်သောက်တဲ့ ပါရာစီတမော၊ နှာစေးရင်သောက်တဲ့ စီထရင်း၊ ဗိုက်အောင့်ရင်သောက်တဲ့ဆေးတွေ၊ ဗီတာမင်အားဆေးတွေ၊ ကယ်လ်ဆီယမ်ဆေးတွေကို Over the counter လို့ခေါ်ပါတယ်။ ဒီဆေးတွေကိုတော့ အိမ်မှာဆောင်ထားလို့ရပါတယ်။

မေး. အိမ်တစ်အိမ်မှာ ဘယ်လို အိမ်သုံးဆေးတွေကို ဆောင်ထားသင့်ပါသလဲ ဆရာ။

ဖြေ. အိမ်တစ်အိမ်မှာ အချိန်အခါမရွေး ဖျားနိုင်တဲ့အတွက် ပါရာစီတမောဆောင်ထားလို့ရပါတယ်။ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေကိုလည်း ဆောင်ထားလို့ရပါတယ်။ အဓိက အိမ်မှာဆောင်ရမှာကတော့ ပတ်တီးတို့၊ ဂွမ်းတို့၊ ပလာစတာ၊ အရက်ပြန်၊ အနာထည့်တဲ့ဆေးတွေ ဖြစ်ပါတယ်။ မိသားစုအားလုံးအတွက် အိမ်သုံးဆေးအဖြစ် ဆောင်ထားသင့်တာက ဗိုက်အောင့်ပျောက်ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေက ဗိုက်အောင့်နေတဲ့အချိန်မှာ ဆရာဝန်ဆီလည်း မသွားနိုင်တဲ့အချိန်ဆို သောက်လို့ရပါတယ်။ ပြဿနာမရှိပါဘူး။ နောက်တစ်ခုက အဖျားကျဆေးတွေ ဆောင်ထားနိုင်ပါတယ်။

ပြီးတော့ ဝမ်းလျှောတာဖြစ်နိုင်တဲ့အတွက် ဓာတ်ဆားတွေ ဆောင်ထားသင့်တယ်။ ဝမ်းပိတ်ဆေးတွေလည်း ဆောင်ထားလို့ရပါတယ်။ နှာစေးတာ၊ ဓာတ်မတည့်မှုကြောင့် အဖုအပိမ့်ထွက်တတ်တာတွေအတွက် ဘာမီတွန်ဆောင်ထားလို့ရပါတယ်။ အဲဒီလိုအိမ်သုံးဆေးတွေအားလုံးကို ဆောင်ထားလို့ရပါတယ်။ ဒါပေမဲ့ လူတွေက အဲဒီအိမ်သုံးဆေးတွေကို ဘယ်လိုသုံးရမလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။

မေး. အိမ်သုံးဆေးတွေကို ဘယ်လိုသုံးသင့်ပါသလဲ ဆရာ။

ဖြေ. အိမ်သုံးဆေးဘူးခွံတွေပေါ်မှာ ဆေးအညွှန်းတွေ အကုန်ပါပြီးသားပါ။ အဲဒါကို လူတွေက ဖတ်ကြတယ် ဆိုတာရှားပါတယ်။ နောက်တစ်ခု ခက်တာက အင်္ဂလိပ်လို ရေးထားတဲ့အတွက်ကြောင့် ဖတ်မနေတော့တဲ့သူတွေလည်း ရှိပါတယ်။ တချို့က ဆေးအသုံးအနှုန်း ဝေါဟာရတွေကို မသိတဲ့အတွက် ဖတ်ပေမယ့် နားမလည်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အနည်းဆုံးတော့ ဒီဆေးက တစ်နေ့ကို နှစ်ကြိမ်-သုံးကြိမ်ထက် ပိုမသောက်သင့်ဘူး ဆိုတာမျိုးကိုတော့ အကြမ်းဖျင်း သိသင့်ပါတယ်။

ကိုယ့်ရောဂါက အိမ်သုံးဆေးနဲ့ မသက်သာဘူးဆိုရင်တော့ မပျင်းဘဲနဲ့ ဆရာဝန်ထံသွားပြဖို့ သင့်ပါတယ်။ ဗိုက်အောင့်တယ်ဆိုပြီးတော့ လေဆေးတွေသောက်တယ်။ ဒါပေမဲ့ မသက်သာခဲ့ဘူးဆိုရင် ဆရာဝန်ထံ သွားပြသင့်ပါတယ်။

မေး. အိမ်သုံးဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး လူနာတွေမှာတွေ့ရတတ်တဲ့ အလွဲအမှားလေးတွေကို ပြောပြပေးပါဦးဆရာ။

ဖြေ. ကိုယ့်ရောဂါက အိမ်သုံးဆေးနဲ့ မသက်သာဘူးဆိုရင်တော့ မပျင်းဘဲနဲ့ ဆရာဝန်ထံသွားပြဖို့ သင့်ပါတယ်။ ဗိုက်အောင့်တယ်ဆိုပြီးတော့ လေဆေးတွေသောက်တယ်။ ဒါပေမဲ့ မသက်သာခဲ့ဘူးဆိုရင် ဆရာဝန်ထံသွားပြသင့်ပါတယ်။ တကယ်တမ်းတော့ အစာအိမ်ကဖြစ်နေတာဆိုရင် အဲဒီလေဆေးတွေကြောင့် အစာအိမ်သွေးကြောပေါက်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုတွေဖြစ်နိုင်တဲ့အတွက် အိမ်သုံးဆေးကိုလည်း တန်ရုံသင့်ရုံသာသုံးပြီး မသက်သာခဲ့ရင် ဆရာဝန်ပြတာ ပိုကောင်းပါတယ်။ အရင်က ဗိုက်အောင့်တာ လေဆေးသောက်လို့ ပျောက်သွားတယ်ဆိုပေမယ့် ဒီတစ်ခေါက်က လေကြောင့် ဗိုက်အောင့်တာ ဟုတ်၊ မဟုတ်လည်း သေချာမသိနိုင်ပါဘူး။

ဒါကြောင့် ဒီဆေးတွေက အရေးပေါ်အခြေအနေတွေအတွက် ဆောင်ထားလို့ရပါတယ်။ အိမ်သုံးဆေးဝါးအနေနဲ့ ဆောင်ထားလို့ရပါတယ်။ ဆေးညွှန်းကိုတော့ သိဖို့လိုပါတယ်။ လိုတာထက် ပိုမသောက်မိဖို့လည်း အရေးကြီးပါတယ်။ သောက်လို့မှ မသက်သာရင် ဆရာဝန်ပြပါ။ ဒီလိုမှမဟုတ်ရင်တော့ ဆိုးကျိုးတွေလည်း အများကြီးရှိလာနိုင်ပါတယ်။ သတိထားရမှာကတော့ အိမ်သုံးဆေးတွေကို ကိုယ်ဝန်ဆောင်တွေကိုတော့ မတိုက်သင့်ပါဘူး။ အသက် အရမ်းငယ်တဲ့ ကလေးတွေ၊ အသက်ကြီးတဲ့ အဘိုးကြီး၊ အဘွားကြီး အရွယ်တွေကို တိုက်ရင်လည်း သတိထားဖို့ လိုပါတယ်။

မေး. အိမ်သုံးဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိပါရစေ ဆရာ။

ဖြေ. ဆေးတိုင်း၊ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ ပါရာစီတမောဆိုလည်း ဆိုးကျိုးရှိတာပဲ။ ဒါကြောင့် ပါရာစီတမောဆိုရင်လည်း သတ်မှတ်ထားတဲ့ ပမာဏပဲ သောက်သင့်ပါတယ်။ ဥပမာ ဖျားတယ်ဆိုရင် တစ်နေ့ကို ပါရာစီတမော တစ်ဂရမ်သောက်ရမယ်ဆိုရင် အဲဒီလောက်ပဲသောက်သင့်ပြီး အဲဒီထက် ပိုမသောက်သင့်ပါဘူး။ အဖျားကျဖို့အတွက် ၆ နာရီခြား ဒါမှမဟုတ် ၈ နာရီခြားပြီးမှ ထပ်သောက်ရပါမယ်။ အနာသက်သာချင်ရင် တစ်ဂရမ်ကို ၈ နာရီခြားပြီးတော့ သောက်ရပါမယ်။ အလွန်ဆုံး ရှစ်လုံးထက် ပိုမသောက်ရပါဘူး။ အဲဒါတွေကို တောက်လျှောက်သောက်နေရင် မကောင်းပါဘူး။

ဘာမီတွန်ဆိုလည်း နှာချီတိုင်း သောက်နေလို့ မရပါဘူး။ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပိုမသောက်ရပါဘူး။ ဒါ့အပြင် ဘာမီတွန်က အိပ်ငိုက်တတ်တဲ့အတွက်ကြောင့် ကားမောင်းတဲ့ အချိန်တွေမှာ မသောက်သင့်ပါဘူး။ ဒီလိုဆေးတွေမှာ သတိပေးအညွှန်းတွေ အကုန်ရေးထားပြီးသားပါပဲ။ ဒါပေမဲ့လည်း တချို့လူတွေက မဖတ်ကြပါဘူး။

မေး. အိမ်သုံးဆေးတွေနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. အန္တရာယ် အများဆုံးအချက်ကတော့ ကြိုက်တဲ့ဆေးကို ကြိုက်တဲ့နေရာမှာဝယ်လို့ ရနေတာဖြစ်ပါတယ်။ ကြိုက်သလောက် ဝယ်လို့ရပြီးတော့ သောက်သင့်တဲ့ပမာဏကို မသိကြတဲ့အတွက် ပိုသောက်မိတာတွေကြောင့် ဆိုးကျိုးတွေ ပိုမိုရနိုင်ပါတယ်။ ဒါတွေကတော့ ပြည်သူလူထုကိုပဲ ပညာပေးမှရမှာပါ။ ဆေးတိုင်းက ဆိုးကျိုးကိုယ်စီရှိကြပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင်လည်း အတိုင်းအတာနဲ့သောက်သင့်ပါတယ်။ ဆေးရောင်းသူတွေကလည်း ဝယ်သူတွေကို ဆေးကို တစ်နေ့ ဘယ်နှကြိမ်ထက် ပိုမသောက်သင့်ဘူးဆိုတာလောက်ကို ပြောပေးနိုင်ရင်လည်း လူနာအတွက် အဆင်ပြေနိုင်ပါတယ်။ “ဒီဆေးက အစာခံပြီး သောက်ဖို့လိုတယ်နော်၊ ဒီဆေးကတော့ ပိုသောက်ရင် အစာအိမ်ထိတတ်တယ်၊ ကျောက်ကပ်ထိတတ်တယ်”စသဖြင့် ပြောပေးရင် မဆိုးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top