Healthy Life Ad
International

အမေရိကန်သမ္မတကတော် မီလာနီထရန့်၏ အလှအပ လျှို့ဝှက်ချက်

၊ လရိပ်မေ ၊

အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကတော် မီလာနီထရန့်ဟာ အသက် ၄၇ နှစ်ရှိပြီဖြစ်ပေမယ့် သူ့အသက်အရွယ်နဲ့စာရင် အများကြီး နုပျိုကြည့်ကောင်းနေပါတယ်။ မီလာနီရဲ့ အခုလက်ရှိ အသက်အရွယ်အထိ ကျက်သရေရှိရှိ လှပကြည့်ကောင်းနေရတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– လေ့ကျင့်ခန်း

မီလာနီက နေ့တိုင်း ခြေကျင်းဝတ်မှာ အလေးပတ်ပြီး လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိပါတယ်။ ဒီနည်းက အားထုတ်မှုသေးသေးလေးနဲ့ ကယ်လိုရီလောင်ကျွမ်းစေမယ့် နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ခြေကျင်းဝတ်မှာ အလေးပတ်ထားသူတွေက ကယ်လိုရီ ၅-၁၅ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေတယ်လို့ အမေရိကန်လေ့ကျင့်ခန်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မီလာနီက တင်းနစ်အားကစားကိုလည်း သဘောကျကစားတတ်သူပါ။

– အစားအသောက်

မီလာနီက အစားအသောက်တွေကို အလွန်အမင်း သတိထားပြီးစားတတ်သူဖြစ်ပေမယ့် တစ်ခါမှ အစားလျှော့တာ မဟုတ်ပါဘူး။ မနက်စာကို သစ်သီးဖျော်ရည်သောက်လေ့ရှိတဲ့ မီလာနီက “ကျွန်မက အစားအသောက်မလျှော့ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားသောက်ရတာ သဘောကျပါတယ်။ အဲဒီလိုစားလိုက်ရင် စိတ်ခံစားမှုပိုကောင်းစေပြီး စွမ်းအင်ပိုရှိသွားတယ်”လို့ဆိုပါတယ်။ သရေစာစားချင်ရင် မီလာနီက သစ်သီး ဒါမှမဟုတ် ချောကလက်နည်းနည်းပဲ စားလေ့ရှိပါတယ်။ တစ်နေ့မှာ သစ်သီးစိတ်ခုနစ်စိတ်စားလေ့ရှိသူပါ။

– အသားအရေထိန်းသိမ်းမှု

မီလာနီက အသားအရေကို နေ့တိုင်းဂရုတစိုက်နဲ့ အစိုဓာတ်ထိန်းလေ့ရှိသူပါ။ “နံနက်အိပ်ရာနိုးလာတာနဲ့ လန်းဆန်းအောင်နေတယ်၊ အသားအရေကို ဗီတာမင်စီပါတဲ့ ခရင်မ်လိမ်းတယ်၊ အသားအရေအတွက် ဗီတာမင်အေ၊ စီနဲ့ အီးပါတဲ့ အောက်ဆီဂျင်ခရင်မ်လိမ်းပါတယ်။ ဒါက တစ်နေ့တာလုံး အသားအရေကို စိုပြည်နေစေတဲ့ အရေးပါတဲ့အချက်ပါ”လို့ မီလာနီက ဆိုပါတယ်။

“မိတ်ကပ်တွေကို မသန့်စင်ဘဲ ဘယ်တော့မှမအိပ်ပါဘူး။ ညဘက်မှာ အသားအရေကို သေချာထိန်းသိမ်းပါတယ်”လို့ မီလာနီက ပြောပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက အသားအရေကို အလွန်အမင်း ဂရုစိုက်ခဲ့တဲ့ မီလာနီက အသားအရေကို နေဒဏ်အလွန်အမင်းမခံရအောင် ထိန်းသိမ်းပြီး အစိုဓာတ်ထိန်းလေ့ရှိသူပါ။ အိမ်မှာပဲ Spa လုပ်ပြီး လက်သည်းခြေသည်း ပြုပြင်ထိန်းသိမ်းတာနဲ့ အနှိပ်ခံတာတွေ ပြုလုပ်လေ့ရှိတယ်လို့ မီလာနီကဆိုပါတယ်။

– မိတ်ကပ်

မီလာနီက ဆယ်ကျော်သက်အရွယ်ကတည်းက မိတ်ကပ်ကြိုက်သူပါ။ ဖောင်ဒေးရှင်းခရင်မ်၊ မက်စ်ကာရာ၊ ပါးနီ၊ နှုတ်ခမ်းနီစသဖြင့် တစ်မျက်နှာလုံးအပြည့် မိတ်ကပ်လိမ်းလေ့ရှိတယ်လို့ သူ့ ငယ်သူငယ်ချင်းတွေက ဆိုပါတယ်။ အခုချိန်ထိလည်း မိတ်ကပ်အပြည့်လိမ်းရတာ သဘောကျပြီး မီးခိုးရောင်မျက်ဝန်းဖြစ်အောင် ခြယ်သလေ့ရှိတဲ့ မီလာနီက နှုတ်ခမ်းကို သိပ်အရောင်တင်လေ့မရှိပါဘူး။ အများအားဖြင့် ဝတ်တဲ့ဝတ်စုံအရောင်ကို အခြေခံပြီး နှုတ်ခမ်းနီအရောင် ဆိုးလေ့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top