Healthy Life Ad
Health Tips

သွေးတိုးခြင်း၊ လေဖြတ်ခြင်းနဲ့ခြေထောက်သွေးကြောထုံးခြင်းအနက် သင့်မှာ ဝေဒနာတစ်ခုခုဖြစ်နိုင်ခြေရှိရင် လိုက်နာသင့်တဲ့ အမူအကျင့် ၇ ခု

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်းလိုလို တစ်ခါတစ်ရံမှာ ခြေချောင်းလေးတွေ၊ ခြေထောက်တွေ အေးတာ ၊ ထုံတာ ဖြစ်တတ်ပါတယ်။ နေ့တိုင်းဖြစ်နေရင် အကူအညီလိုအပ်နေပါပြီ။ သွေးလှည့်ပတ်မှုမကောင်းတဲ့အခါ သွေးကြောထုံးတာနဲ့အတူ တခြားရောဂါတွေလည်း ဖြစ်တတ်တာကြောင့် သွေးတိုးတာ၊ လေဖြတ်တာနဲ့ ခြေထောက်သွေးကြောထုံးတာ စတဲ့ ဝေဒနာသုံးခုအနက် တစ်ခုခုဖြစ်နိုင်ခြေရှိရင် လိုက်နာသင့်တဲ့ အမူအကျင့်တွေကို အကြံပြုလိုက်ပါတယ်။

အချစ်တော် အိမ်မွေးတိရစ္ဆာန်တစ်ကောင်မွေးပါ
အချစ်တော် အိမ်မွေးတိရစ္ဆာန်တစ်ကောင်၊ အထူးသဖြင့် ခွေးမွေးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့အတူ ချစ်ချစ်ခင်ခင်နေထိုင်တာကြောင့် နှလုံးခုန်နှုန်း မြန်တာလျော့ကျပြီး စိတ်ဖိစီးမှုကင်းစင်စေပါတယ်။ အချစ်တော်ခွေးလေးတစ်ကောင်ရှိရင် အပြင်ထွက်လမ်းလျှောက်ဖြစ်စေတဲ့အတွက် နှလုံးသွေးကြောလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

 

ဘီယာထက် ဝိုင်ကိုပဲ ရွေးပါ
အယ်လ်ကိုဟောပါတဲ့ အရည်တွေကိုမသောက်တာ အကောင်းဆုံးပါ။ သောက်ချင်တယ်ဆိုရင်တော့ ဝိုင်သောက်တာက နှလုံးကျန်းမာရေးကောင်းစေတယ်လို့ ၂၀၁၅ လေ့လာမှုတစ်ခုအရသိရပါတယ်။ ဝိုင်မှာ အင်တီအောက်ဆီးဒင့်နဲ့ တခြားအပင်ထွက် ဒြပ်ပေါင်းတွေပါဝင်လို့ပါပဲ။

 

ခြေထောက်ကို မြှင့်ထားပါ
ဦးခေါင်းအထက် ခြေထောက်ကို မြှင့်ပေးထားတာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခြေထောက်သွေးကြောတွေပေါ် ဖိအားမကျရောက်စေပါဘူး။ ခြေထောက်ကို မြှင့်ပေးတာကြောင့် သွေးကြောနဲ့ သွေးပြန်ကြောပေါ်မှာ ဖိအားသက်ရောက်မှု လျော့ကျစေပါတယ်။ ခြေထောက်ကို မြှင့်ထားတဲ့ အနေအထားနဲ့ ခြေချောင်းတွေကို လှည့်လှည်ရင်း ရွေ့လျားပေးပါ။ ခြေထောက်သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။

 

အစပ်စားပါ
ငရုတ်သီးအစပ်စားရင် သွေးကြောတွေကို ကျယ်စေပြီး သွေးလှည့်ပတ်စီးဆင်းမှုကိုကောင်းမွန်စေပါတယ်။ နှလုံးသွေးကြောစနစ်ကိုလည်း ကောင်းကောင်းလုပ်ဆောင်နိုင်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ လက်တွေ၊ ခြေထောက်တွေကိုလည်း နွေးထွေးစေပါတယ်။

မှတ်ချက်။ ။ ငရုတ်သီးစိမ်းသာမက ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကလည်း ကျန်းမာရေး အတွက် သင့်တော်ပါတယ်။ ကြက်သွန်ဖြူက သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။ ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် သွေးခဲမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

သင့်တော်တဲ့ အဝတ်အစား ဝတ်ဆင်ပါ
တင်းကျပ်တဲ့ အဝတ်အစားတွေကို အချိန်ကြာကြာမဝတ်သင့်ပါဘူး။ တင်းကျပ်တဲ့ ဘောင်းဘီ၊ ကျပ်တဲ့ ဂျင်းဘောင်းဘီတွေ ဝတ်တာက သွေးလှည့်ပတ်မှုကို အဟန့်အတားဖြစ်စေပြီး သွေးကြောထုံးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သက်သောင့်သက်သာရှိတဲ့ အဝတ်အစားဝတ်ပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု ကောင်းအောင်နေထိုင်ပါ။

 

ဖောလစ်အက်စစ် ပါဝင်မှုများတဲ့ အစာစားပါ
ဖောလစ်အက်စစ်ပါဝင်မှုများတဲ့ အစာတွေကို စားရင် ဆဲလ်ကြီးထွားသန်စွမ်းစေပါတယ်။ ဖောလစ်အက်စစ်ပါဝင်မှုများတဲ့ အစားအစာတွေက အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ဟင်းနုနယ်ရွက်၊ ဆ လတ်ရွက်)၊ ပန်းဂေါ်ဖီစိမ်းနဲ့ ထောပတ်သီး၊ ချဉ်တဲ့အသီးအနှံတွေ(လိမ္မော်သီး၊ ဂရိတ်ဖရု)၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ ပဲသီး၊ ပဲစိမ်း၊ ပဲနီလေး၊ အစေ့အဆန်နဲ့ အခွံမာစေ့ (နေကြာစေ့၊ သစ်ကြားသီး)၊ ပန်းဂေါ်ဖီပွင့်၊ မုန်လာဥနီ၊ ပြောင်းဖူးစတာ တွေ ဖြစ်ပါတယ်။


အနှိပ်ခံပါ
ကောင်းကောင်း အနှိပ်ခံတာက သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ ကို သုံးပြီး နှိပ်နယ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top