Healthy Life Ad
Life Style

မီးအိမ်နဲ့ အလင်းရောင်ပေးသူ အမျိုးသား …

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ မျက်စိမမြင်တဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ မျက်စိမမြင်ပေမယ့် သူက ညဘက်ဆိုရင် ဘယ်သွားသွား မီးအိမ်လေးတစ်လုံး ယူသွားလေ့ရှိပါသတဲ့။

တစ်ညမှာတော့ အပြင်ထွက်၊ ညစာစားပြီး အိမ်ကို သူပြန်လာခဲ့တယ်။ တစ်ဖက်မှာ လူငယ်ခရီးသွားအဖွဲ့တစ်ဖွဲ့ကလည်း လမ်းလျှောက်လာနေတယ်။ သူမျက်စိမမြင်ရဘူး၊ ဒါပေမဲ့ မီးလင်းတဲ့ မီးအိမ်လေးတစ်လုံးကိုင်လာတယ်ဆိုတာ အဲဒီလူငယ်လေးတွေမြင်ပါသတဲ့။ သူတို့က မီးအိမ်နဲ့အမျိုးသားအပေါ် မှတ်ချက်အမျိုးမျိုးပြုပြီး ရယ်ပွဲဖွဲ့ကြပါလေရော။ သူတို့ထဲက တစ်ယောက်က မီးအိမ်နဲ့အမျိုးသားကို လှမ်းအော်မေးလိုက်တော့တယ်။

“ဟေ့လူ . . မျက်စိမမြင်ဘဲနဲ့ ခင်ဗျား ဘာမှမြင်ရမှာ မဟုတ်ဘူးဗျ။ မီးအိမ်ကို ဘာလို့များ သယ်နေရသလဲဗျာ”

မျက်စိမမြင်တဲ့ အမျိုးသားက အေးဆေးစွာပြန်ဖြေတယ်။

“မှန်ပါတယ်။ ကံမကောင်းအကြောင်းမလှလို့ ကျွန်တော်မျက်စိမမြင်ရပါဘူး။ မီးအိမ်ထွန်းသည်ဖြစ်စေ၊ မထွန်းသည်ဖြစ်စေ ကျွန်တော်မြင်ရမှာလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မီးအိမ်ရဲ့ အလင်းရောင်ကြောင့် ဘေးနားက ခင်ဗျားတို့လို လူတွေတော့ မြင်နိုင်တာပေါ့ဗျာ။ ဒါဆိုရင် ခင်ဗျားတို့ ကျွန်တော့်လို မျက်မမြင်ကို ဝင်မတိုက်နိုင်တော့ဘူးပေါ့။ ဒါကြောင့် မီးအိမ်ကိုင်ရတာပါဗျာ”

အဲဒီအခါ ခရီးသွားလူငယ်အဖွဲ့ အရှက်ရပြီး သူတို့အပြုအမူအတွက် မျက်မမြင်အမျိုးသားကို တောင်းပန်လိုက်ပါတော့တယ်။

ဒီစာစုလေးက ပေးချင်တဲ့ သင်ခန်းစာကတော့ တခြားသူကို အပြစ်မတင်ခင် အရင်ဆုံးစဉ်းစားဖို့နဲ့ တခြားသူရဲ့ အမြင်နဲ့ခံယူချက်ကို လေ့လာရာမှာ အမြဲတမ်းယဉ်ကျေးတဲ့ အပြုအမူရှိနေဖို့ လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top