Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကျန်းမာရေးအမေးအဖြေများ (၄)

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ယခင်တစ်ပတ်မှအဆက်

ကလေးမမွေးသေးဘဲ ဗိုက်နာခြင်း
မေး ။ ကျွန်မကိုယ်ဝန်က ၂၆ ပတ်ပါ ဆရာ။ သားဦးကိုယ်ဝန်ဖြစ်ပြီး ရိုးရိုးမွေးဖို့စီစဉ်ထားပါတယ်။ ကလေး မမွေးသေးဘဲ နာတာမျိုးဖြစ်ရင် အဲဒီနာတာနဲ့တကယ်ကလေးမွေးချင်လို့ နာတာကို ဘယ်လိုခွဲခြားသိနိုင်ပါမလဲ ဆရာ။

ဖြေ ။ ကိုယ်ဝန်ဆောင်မိခင်တွေ တဖြည်းဖြည်း လရင့်လာရင် ကိုယ်ဝန်ဆောင်ထားတဲ့ သားအိမ်က ပုံမှန်အားဖြင့် ငြိမ်နေရပါတယ်။ ငြိမ်နေမှသာ ကလေးက ကိုးလတိတိ နေနိုင်မှာ ဖြစ်ပါတယ်။ ကိုးလပြည့်ပြီဆိုတဲ့အချိန်မှာ သားအိမ်ကစပြီး ကျုံ့တော့တာပဲ။ ကျုံ့ရင်း ကျုံ့ရင်း ညှစ်တယ်။ ညှစ်ရင်း ညှစ်ရင်း ကလေးထွက်အောင် လုပ်ပစ်လိုက်တယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင်ကာလက ကိုးလမပြည့်သေးဘူး၊ လကလည်း တဖြည်းဖြည်းရင့်လာတဲ့အချိန် သားအိမ်က ညှစ်တာတွေ ဖြစ်တတ်တယ်။ သားအိမ်က တင်းပြီး ဗိုက်နာသလို ဖြစ်လာတယ်၊ ပြီးရင် ခဏနေ ပျောက်သွားတတ်ပါတယ်။ ခဏနေ ဗိုက်နာသလို ဖြစ်လာပြီး ပျောက်သွားပြန်ရော . . ဒါက ဘရန်စတန်ဟစ်လို့ ခေါ်ပါတယ်။ ဒါက သဘာဝပဲ။ မိခင်တိုင်း ကြုံရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကို ကလေးမွေးရလောက်အောင် နာတာမဟုတ်ပေမယ့် မိခင်တွေကို စိတ်ပူ စေပါတယ်။ မြန်မာလိုခေါ်ရင်တော့ အမွေးသင် တယ်လို့ခေါ်ပါတယ်။ သားအိမ်က ကိုယ်ဝန်ဆောင်ကာလ ကိုးလပြည့်တဲ့အချိန်မှာ စညှစ်ဖို့ ကျင့်တဲ့ သဘောပဲ၊ သွေးပူလေ့ကျင့်ခန်းသဘောမျိုးနဲ့ ညှစ်ကြည့်လိုက်၊ ပြန်ပျောက်လိုက် ဖြစ်တတ်တာပါ။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်က ဗိုက်အောင့်ပြီး ကလေးမွေးချင်တယ်ထင်ပြီး ဆေးရုံရောက်သွားပြီဆိုပေမယ့် တကယ်မွေးတာ မဟုတ်ဘူး။ ဒါ ကို False Labour Pain လို့ခေါ်ပါတယ်။ အန္တရာယ် မရှိပါဘူး။

တကယ်မွေးဖို့ ဗိုက်နာလာပြီဆိုရင် ဗိုက်စနာတယ်၊ ပြီးရင် ရပ်သွားတယ်၊ ပြန်ပြီး ဗိုက်နာတယ်၊ ပြန်ရပ်သွားတယ်။ အဲဒါမျိုးလေးတွေ အချိန်မှန်မှန် ဖြစ်လာတယ်။ နှစ်နာရီတစ်ခါကနေ တစ်နာရီခွဲတစ်ခါ၊ တစ်နာရီခွဲတစ်ခါကနေ တစ်နာရီတစ်ခါ၊ တစ်နာရီတစ်ခါကနေ နာရီဝက်တစ်ခါ . . တဖြည်းဖြည်းနဲ့ နာတဲ့ အချိန်တွေက ပိုတိုလာတယ်။ နာတဲ့ ကာလကလည်း ပိုပြီး ရှည်လာတယ်။ နာတာ တဖြည်းဖြည်း စိပ်လာတယ်၊ တစ်ခါတစ်ခါ နာတာ ပိုကြာလာတယ်၊ နောက်ဆုံး မွေးလမ်းကြောင်းထဲက ခေါင်းချွဲဆင်းလာတယ်၊ သားအိမ်အဝက ပွင့်လာပြီး သွေးစပါတဲ့ အချွဲဆင်းလာတယ်။ ဒါကို show လို့ ခေါ်ပါတယ်။ ခါးနာလာတယ်။ ၁၀ မိနစ်မှာ သုံးခါ၊ တစ်ခါနာရင် စက္ကန့် ၆၀ နာပြီဆိုရင်တော့ တကယ်ကို ဗိုက်နာပြီ၊ သေချာပေါက် မွေးတော့မယ်လို့ ပြောလို့ရပါတယ်။ ဘရန်စတန်ဟစ်ကတော့ အချိန်မှန်မှန်မနာဘူး၊ သူ့ဘာသာသူ ပျောက်သွားတယ်၊ နာတဲ့အချိန်မှာ အနာသက်သာတဲ့ ဆေးသောက်ရင် သက်သာသွားတယ်။ တ ကယ် ကလေးမွေးချင်တာဆိုရင် ဘာဆေးသောက်သောက် မပျောက်တော့ဘူး။ ဒါကြောင့် မိခင်တွေက မသေချာဘူးဆိုရင် ဆေးရုံကို လာပြလိုက်ပါ၊ ဆေးရုံ ရောက်မှ မနာတော့ဘူး၊ အိမ်ပြန်ရတယ်ဆိုရင် ဘာမှ ပြဿနာမရှိပါဘူး။

ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းသောက်ရင် အမေနို့အထွက်ကောင်းသလား . . .
မေး ။ ကိုယ်ဝန်ဆောင်ချိန်မှာ Herbal Tea သောက်ရင် နို့ထွက်အား ကောင်းတယ်လို့ ဆိုကြပါတယ်။ မှန်ပါသလား ဆရာ။

ဖြေ ။ တကယ်သာဟုတ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ တကယ်တမ်းကျတော့ အမေနို့အထွက် များစေမယ့် ဘာဆေးမှ မရှိပါဘူး။ ဘာကြောင့် ပြောရသလဲဆိုတော့ မိခင်နို့ထွက်တဲ့ လုပ်ငန်းဆောင်တာ၊ နို့ထွက်တာများအောင် လှုံ့ဆော်တဲ့ အကြောင်းရင်းတွေကို ကြည့်လိုက်တဲ့အခါမှာ အရေးကြီးဆုံးက မိခင်ရဲ့စိတ်ဖြစ်ပါတယ်။ မိခင်ရဲ့ စိတ်ထဲမှာ ကိုယ့်ကလေးကို ငါ့နို့နဲ့ ကြီးပြင်းစေရမယ်၊ နို့တိုက်ချင်တယ်ဆိုတဲ့ စိတ်ပြင်းပြင်းပြပြဖြစ်လာရင် နို့ကသူ့အလိုလို ပန်းထွက်လာပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ နို့တိုက်လိုက်ရင် အလှပျက်မလား၊ နို့က ထွက်မှ ထွက်ပါ့မလားဆိုတဲ့ စိတ်တွေ ဖြစ်နေရင် မထွက်တော့ဘူး။ မိခင်က တကယ်ကို မိခင်နို့ ထွက်ရမယ်ဆိုရင် ထွက်ပါတယ်။ ကလေးကို နို့တိုက်တဲ့အခါ ကလေးက မိခင် နို့များများစို့လေ၊ များများ ထွက်လေပါပဲ။ အမေက နို့မထွက်တော့ ဘွားအေက ချိုလိမ်တိုက်တယ်၊ နို့ဘူးတိုက်လိုက်တယ်ဆိုရင် ကလေးက အမေ့နို့ကို မကြိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေ့နို့က မချိုဘူး၊ အပြင်က တိုက်တဲ့ နို့မှုန့်က ပိုချိုတယ်၊ ပြီး တော့ အမေ့နို့သီးခေါင်းက စို့ရင် သိပ်မထွက်ဘူး၊ အပြင်က ချိုလိမ်က နည်းနည်းလေး စို့လိုက်ရုံနဲ့ အများကြီး ထွက်တယ် . . ဒီတော့ ကလေးက ပျင်းရင် အမေနို့ မစို့တော့ဘူး။ အဲဒီအခါ အမေနို့ကလည်း မထွက်တော့ဘူး။ ဒီတော့ အစောကြီးကတည်းက စိတ်ကိုပြင်ဆင်ထားရမယ်။ ကျန်းမာအောင် ပြင်ဆင် ထားရမယ်၊ စိတ်ချမ်းသာရင် အမေနို့ များများထွက်တယ်၊ စိတ်ညစ်ရင် နို့မထွက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ကလေးကို နို့များများ တိုက်ပေးရင် နို့ထွက်လာပါလိမ့်မယ်။ ဟိုဟာ ဒီဟာသောက်လို့နို့ထွက်တယ်ဆိုတာ ဘာတစ်ခုမှအခြေအမြစ်မရှိပါဘူး။

ဆေးကုတုန်း ကိုယ်ဝန်ရသွားတဲ့အခါ . . .
မေး ။ ကျွန်မကိုယ်ဝန်က ၂၈ ပတ်ရှိပါပြီဆရာ။ သုံးလ ပိုင်းတုန်းက ကလေးလိုချင်လို့ ဆရာဝန်သွားပြတဲ့အခါ ၂၇ ရက် သုံးလပိုင်းမှာ ရာသီလာပြီး ရပ်သွားပါတယ်။ လေးလပိုင်း ငါးရက်မှာ ရာသီပြန်လာပါတယ်။ ရာသီလာပြီး ဗိုက်နာလို့ ဆရာဝန်နဲ့ သွားပြတဲ့အခါ သားအိမ်ရောင်တယ်လို့ ပြောပါတယ်။ ဆေးပေးတော့ ဆေးက အရမ်းမူးပြီး မခံနိုင်လို့ ပြန်ပြောတဲ့အခါ ဆရာဝန်က ဆေးပြောင်းပေးပါတယ်။ ဆေးပြောင်းပြီး သိပ်မကြာဘူး၊ ကလေးရသွားပါတယ်။ ကျွန်မသိချင်တာက ဆေးတွေကြောင့် ကလေးမှာ အန္တရာယ်ရှိနိုင်မလား။

ဖြေ ။ ကိုယ်ဝန်အစောပိုင်းလေး ကိုယ်ဝန်ရှိလား၊ မရှိလား မသိတဲ့အချိန်မှာ ဆေးတွေ သောက်လိုက်မိတယ်။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတိုင်းက ဆရာဝန်နဲ့ ပြတဲ့အခါ ငါ့မှာ ကိုယ်ဝန်ရှိနေသလားဆိုတာကို သံသယဝင်သင့်တယ်။ ဆရာဝန်ကလည်း သူ့မှာ ကိုယ်ဝန်ရှိနေသလား ဆိုတာကို အမြဲတမ်း သံသယထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်အစောပိုင်းမှာ သောက်လိုက်မိရင် ကလေးမှာ အန္တရာယ်ရှိနိုင်တဲ့ ဆေးတွေ ရှိသလို မသောက်သင့်တဲ့ ဆေးတွေလည်း ရှိလို့ပါပဲ။

ဆရာ့တပည့်လေးတစ်ယောက်ဆိုရင် ကလေးအရမ်းလိုချင်တာ၊ ဒါပေမဲ့ မရဘူး။ ရှစ်နှစ်တောင် ကြာသွားတယ်။ ရာသီကလည်း လာလိုက်၊ မလာလိုက်ဆိုတော့ မမှတ်နိုင်တော့ဘူး။ တစ်ရက်ကျတော့ ချောင်းတွေဆိုးတော့ ဆရာဝန်သွားပြတယ်။ ဆရာဝန်က ချောင်းဆိုးတော့ဓာတ်မှန်ရိုက်တော့မယ်။ အဲဒီအခါ မေးတယ်။

“သမီးကိုယ်ဝန်ရှိလား”ဆိုတော့ သူက ရှစ်နှစ်တောင်ရှိပြီ၊ ကိုယ်ဝန်ရှိဖို့ မမျှော်လင့်တော့ဘူးဆိုတော့ “မရှိဘူး ဆရာ”လို့ ခပ်ပြတ်ပြတ်ဖြေ လိုက်တယ်။ ဓာတ်မှန်ရိုက်လိုက်ပါလေရော။ အိမ်ပြန်ရောက်တဲ့အခါ ဆီးစစ်ကြည့်တော့ ဆီးမှာ ကိုယ်ဝန်ရှိကြောင်းပြနေတယ်။ အဲဒီမှာ စိတ္တဇဖြစ်နေတော့တယ်။ ဆရာ့ဆီလာမေးတယ်။ “ဘယ်လို လုပ်ရမလဲ”ဆိုပြီး။

အခုချိန်ကျမှတော့ ဘာမှ လုပ်လို့ မရတော့ဘူး။ စောင့်ကြည့်ရတော့မှာပဲ။ အခုတော့ အဲဒီ ကလေးမွေးလာလို့ လျှောက်ပြေးတဲ့ အရွယ်ရောက်နေပြီ။ ဘာမှမဖြစ်ဘူး။ ဉာဏ်လည်း ကောင်းမှ ကောင်းပါပဲ။

အခုဖြစ်တာကတော့ ဓာတ်မှန်ရိုက်တာလောက် ကြောက်စရာမကောင်းပါဘူး။ တိုက်တဲ့ဆေးကလည်း ပဋိဇီဝပိုးသတ်ဆေးပဲ ဖြစ်မှာပါ။ ဒီတော့ ဒီအကြောင်းကို မေ့လိုက်ပါ။ အခုလောလောဆယ် ကျန်းမာရေးကောင်းအောင် နေထိုင်ဖို့ပဲ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top