Healthy Life Ad
Q & A

အသက်ကြီးခြင်းနှင့်သွား

မေး ။ အသက်ကြီးလာရင် သွားတွေ အလိုအလျောက် သွားတစ်ချောင်းနဲ့ တစ်ချောင်း ကျဲလာသလို ကျွတ်ထွက်တတ်တယ်လို့ သိရှိရပါတယ်။ ဟုတ်ပါသလား။ ဟုတ်ရင် ဘာကြောင့်လဲ၊ ကြံ့ခိုင်၊ ခိုင်မာမှုသက်တမ်း ပိုရှည်ချင်ရင် ဘယ်လို ဆင်ခြင်နေထိုင်သင့်ပြီး အစားအသောက်ပိုင်းဆိုင်ရာ ဘာတွေ စားသုံးသင့်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ အသက်ကြီးလာရင် သွားတွေ အလိုအလျောက် သွားတစ်ချောင်းနဲ့ တစ်ချောင်းကျဲလာတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သွားတွေ ကျွတ်ထွက်တတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ သွားနဲ့ ခံတွင်းထိန်းသိမ်းမှုကောင်းရင် အသက်ကြီးတဲ့အထိ သွားတွေ ခိုင်မြဲပါတယ်။

သွားခိုင်ခံ့ဖို့က သွားတိုက်တာကို နည်းမှန်လမ်းမှန် လုပ်ပေးဖို့ပဲ။ လူတွေက လက်ကလေးနဲ့ သွားတွေကို တိုက်တာ မလုပ်ရပါဘူး။ သွားပွတ်တံသုံးရင်လည်း အမာမသုံးရဘူး၊ အပျော့ကို သုံးရပါမယ်။ တချို့က မာမှ ကောင်းမယ်ထင်နေကြတယ်၊ မဟုတ်ပါဘူး၊ အပျော့ကို သုံးရပါမယ်။ ပြီးတော့ သွားပွတ်တံ အကြီးကြီးနဲ့လည်း မတိုက်ရပါဘူး။ အကြီးကြီးနဲ့ တိုက်ရင် အံဆုံးတွေအထိ မရောက်တော့ဘူး၊ သွားပွတ်တံက အံဆုံးနေရာအထိရောက်တဲ့ ပျော့ပျော့ချွန်ချွန်လေးတွေသုံးရပါမယ်။

သွားပျက်စီးစေတာ အချိုပဲ၊ အချိုဆိုတဲ့နေရာမှာ သကြားပါတဲ့ မုန့်တွေ၊ ချောကလက်၊ ချိုချဉ်၊ ထန်းလျက်စတဲ့ စေးကပ်တဲ့ အစာတွေ ဖြစ်ပါတယ်။ ဒီအစာတွေကို မစားရဘူးလားဆိုတော့ စားလို့ရပါတယ်။ ဒါပေမဲ့ စားပြီးရင် ပလုတ်ကျင်းပေးရမယ်၊ ညအိပ်ရာဝင်ခါနီးမှာ သွားတိုက်ပေးရမယ်။ ဒါဆိုရင် ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top