Healthy Life Ad
Health Tips

အလုပ်လုပ်သူများ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိနေအောင် . . .

၊ ငွေကြယ်စင်ယံ ၊

တစ်နေ့လုံးစွမ်းအင်ရှိဖို့ ည၊ နံနက်နဲ့ တစ်နေ့လုံးမှာ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ လေ့လာကြည့်ရအောင်။

– ညအချိန်လုပ်ဆောင်ရမည့် နည်းများ

(၁) အိပ်ရေးဝ၀အိပ်ပါ

အမေရိကန်လူမျိုး ၆၃ ရာခိုင်နှုန်းက သီတင်းပတ်တစ်ပတ်လုံး အိပ်ချိန်အလုံအလောက်မရှိတတ်ဘူးလို့ အမျိုးသား အိပ်စက်မှုဆိုင်ရာ ဖောင်ဒေးရှင်းက ဆိုပါတယ်။ အရွယ်ရောက်သူတွေက တစ်ညမှ ၇-၉ နာရီလောက် အိပ်ချိန်ပေးသင့်ပေမယ့် လူတိုင်းက ဒီစည်းမျဉ်းကို မလိုက်နာနိုင်ကြပါဘူး။ တချို့က လိုတာထက်ပိုအိပ်ပြီး တချို့က အိပ်ချိန်နည်းနေပါတယ်။ နံနက်ခင်းနိုးလာချိန်မှာ စွမ်းအင်အပြည့်ရှိဖို့ဆိုရင် အိပ်ချိန်အလုံအလောက် ရှိရပါမယ်။

(၂) ညစာကို လျှော့စားပါ

ညစာစားချိန်နဲ့ စားတဲ့ပမာဏက အိပ်စက်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ညစာကို နောက်ကျမှစားတာက ခန္ဓာကိုယ်ကို အစာကြေညက်ဖို့ အခက်အခဲဖြစ်စေတဲ့အပြင် ရင်ပူတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အစာကိုများများစားတာကြောင့် လေပွတာ၊ အစာမကြေတာတွေဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

(၃) အယ်လ်ကိုဟောရှောင်ပါ

အယ်လ်ကိုဟောဟာ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဆီးသွားများစေတာကြောင့် အိပ်မောကျရမယ့် ညအချိန်မှာ အိမ်သာကို မကြာခဏ သွားနေရတတ်ပါတယ်။ အရက်သောက်ပြီး အိပ်ပျော်ရင်တောင် အချိန် သုံး-လေးနာရီကြာသွားချိန်မှာ ဦးနှောက်ကို နိုးကြားနေစေပါတယ်။

(၄) ပုံမှန် အိပ်စက်ချိန်ထားရှိပါ

အိပ်ချိန်ကို ညတိုင်း ပုံမှန်ထားပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက်ညီစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ နံနက်ခင်းမှာလည်း အားအင်အပြည့်နဲ့ နိုးထလာပါလိမ့်မယ်။

(၅) အမှောင်ချကာ အိပ်ပါ

အိပ်ချိန်မှာ အလင်းရောင်ရနေတာက ခန္ဓာကိုယ် ရဲ့ မယ်လတိုနင်ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေပါဘူး။ ဒါကြောင့် အခန်းကို အမှောင်ချပြီး အိပ်စက်ပါ။

– နံနက်ခင်းတွင် လုပ်ဆောင်ရမည့်နည်းများ

(၁) ရေသောက်ပါ

အိပ်ရာကနိုးလာချိန်မှာ ရေဓာတ်ခန်းခြောက် နေနိုင်တာကြောင့် ပင်ပန်းနေနိုင်ပါတယ်။ ဒါကြောင့် ရေသောက်တာက ရေဓာတ်ပြည့်ဝစေတဲ့အပြင် လန်းဆန်းသွားစေပါတယ်။

(၂) နံနက်စာစားပါ

နံနက်စာက တစ်နေ့တာအတွင်း အစားသင့်ဆုံးအစာပါ။ နံနက်စာစားပေးရင် ဦးနှောက်ဆီကို ဂလူးကို့စ်ရောက်ရှိစေပြီး တစ်နေ့တာလုံး အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ နံနက်စာစားတာက သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။

(၃) နေခြည်နုနုခံယူပါ

နံနက်ခင်းသဘာဝအလင်းရောင်ထဲမှာ အချိန် ၁၀-၁၅မိနစ်လောက်နေတာက ဦးနှောက်ထဲက Pineal Gland ကို လှုံ့ဆော်မှုရှိစေပြီး မယ်လတိုနင် ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ မယ်လတိုနင် အဆင့်လျော့ကျတာကြောင့် ပိုတက်ကြွလန်းဆန်းသွားစေပါတယ်။

(၄) တရားထိုင်ပါ

မျက်လုံးတွေကို စုံမှိတ်ပြီး ငြိမ်ငြိမ်သက်သက်ထိုင်တဲ့ တရားထိုင်နည်းဟာ ဦးနှောက်ကို တက်ကြွစေပါတယ်။ အကြောင်းကတော့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ကောင်းမွန်စေလို့ပါ။

(၅) လှုပ်ရှားပါ

နံနက်ခင်းမှာ အချိန်အနည်းငယ်ပေးပြီး လေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို ကောင်းစေကာ စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ယောဂကျင့်တာ၊ ထိုက်ချိကစားတာ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေကို လုပ်ဆောင်ပေးပါ။

– တစ်နေ့လုံး လုပ်ဆောင်ရမည့် နည်းများ

(၁) ကဖင်းဓာတ်လျှော့ပါ

ကဖင်းဓာတ်ပါတဲ့ အရည်တွေကိုသောက်တာက အဒရီနယ်လင်ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးတာကြောင့် လန်းဆန်းနေစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်နဲ့မတည့်သူဖြစ်ရင် အိပ်ရာမဝင်ခင် အနည်းဆုံးခြောက်နာရီအတွင်း ကော်ဖီကို ထပ်မသောက်သင့်တော့ပါဘူး။

(၂) ရေနွေးကြမ်းသောက်ပါ

ပင်ပန်းနေချိန်မှာ အင်တီအောက်ဆီးဒင့်ပါတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်ကြမ်းကို သောက်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top